For Unicode
မမခိုင်သည် အောင်စာရင်းမထွက်သေးခင် လမ်းထိပ်မှာရှိတဲ့ ကွန်ပြူတာသင်တန်းသို့ တတ်ရောက်သည်။
မြဲတည်ကတော့ လာမည့်ကိုးတန်းနှစ်အတွက် မမခိုင်၏ ပုံနှိပ်အဟောင်းများကိုရှာကာ ကဗျာကျက်ခြင်း၊စကားပြေဖတ်ခြင်းတို့ကို သာ အလောတော်လေး လုပ်နေ၏။
" ခိုင် ဆံပင်ဆေးဆိုးချင်တာ။
မေမေ ခိုင့်ကို ဂုဏ်ထူးသုံးခုလောက်ဆို ဆိုးခိုင်းမယ် မဟုတ်လား "" ကြည့်ရသေးတာပေါ့တော် "
မေမေက မမခိုင်နှဖူးကို ဖွဖွခေါက်လျှက် ချစ်စနိုးဆိုသည်။
မြဲတည်ကတော့ ပြတင်းပေါက်မှ မြင်နေရသော တစ်ဖက်ခြံရှိ သရက်ကင်းများကို မည်သို့မည်ပုံ လေးဂွနှင့်ထုရမည်နည်းသာစိတ်ထဲစွဲနေတာမို့ ထိုစကားဝိုင်းထဲမ၀င်ဖြစ်။သူသေချာရွံ့စေးနှင့်နယ်ပိုင်း ၍ အခြောက်ခံထားသော လောက်စာလုံးများကိုသာ လက်ဖြင့် ခပ်ဆဆ မြှောက်ကြည့်ရင်း ကျေနပ်နေသည်။
" မေမေရယ် မေမေ့သားဟာလေ ကျောင်းပိတ်တုန်းစာလေးဘာလေးလုပ်မယ်မရှိဘူး။ အမြဲ လေးဂွတကားကားနဲ့ ရပ်ကွက်ထဲ ပတ်နေတာ။သူ့ကလေးအဖော်တွေကိုလည်း ပေါင်းရတာမ၀နိုင်သေးဘူး.....ကိုယ်ကဖြင့် လူပျိုပေါက်လေး ဖြစ်နေပြီ "
သူမြင့်ချင်သည်နှင့် မြဲတည်ကို လာနှိမ့်သော မမခိုင်ဟာ တကယ်ကိုမကောင်းတာပါပဲ။
ထင်သည့်အတိုင်း မေမေ၏ အားမလိုအားမရစကားသံဟာ တရစပ်ပင် ထွက်လာသည်။
" ဟိုအကောင်ပစ်၊ သည်အကောင်ပစ်တွေ လုပ်မလာနဲ့နော် မြဲတည်။
နင့်အစ်မပြောသလို ကိုယ်က ကိုးတန်းပဲတတ်ရတော့မယ်...ဟိုဘက်အိမ်က မြင့်ဌေးဦး တို့ဆို ကြည့်စမ်း...ကျော့ကော့နေအောင်နေတာ "မြင့်ဌေးဦး! ဒီကောင်က ကုပ်ကမြင်းဥစ္စာ။
အရွယ်နှင့် မလိုက်အောင်ကလည်း နှာဗူးထသဖြင့် မမခိုင်ပင်လျှင် ဒင်းကိုမကြည်။အခုတော့ သူကမြင့်ဌေးဦးနှင့်ပင်အယှဉ်ခံနေရချေပြီ။
" ဟဲ့ မြဲတည် ကြားလား"
![](https://img.wattpad.com/cover/302059855-288-k168750.jpg)