ဘာလိုလိုနဲ့ သွေးပျက်မတတ် ဆူညံပွက်လောရိုက်နေကြ ရသော ဆယ်တန်းစာမေးပွဲကြီး၏ နောက်ဆုံးရက်ကို ရောက်လာချေပြီဖြစ်သည်။မမခိုင်တစ်ယောက်ကတော့ မြူးထူးပျော်ရွှင်နေသလို ဆံပင်နှစ်ဖက်ကိုပင် အချိန်ပေးကာ တစ်သသလုပ်နေချိန်ရနေသေး၏။
" မမခိုင် "
" အေး မြဲတည် ဘာလဲ "
" ဒီနေ့ မေမေတို့လိုက်ပို့ပေးမှာ မဟုတ်လား"
မမခိုင်က သူမ၏ဆံပင်အား စံပယ်ပန်းကုံးလေးဖြင့် ရစ်ပတ်လိုက်ကာ ခေါင်းတစ်ချက်ငြိမ့်ပြသည်။
မြဲတည်တစ်ယောက် သူ၏လက်ထဲတွင် ကျစ်နေအောင် ဆုပ်ကိုင်ထားသော mp3အပြာလေးနှင့် နားကြပ်တစ်စုံအား ပေးရနိုး၊ မပေးရနိုး ဖြင့် ဝေခွဲရခက်နေ၏။သူ ဒီနေ့မမခိုင်ကို လိုက်မပို့ရသည့်အတွက် ဆက်သ၀ဏ်ကို တွေ့ရမည်မဟုတ်။
ထို့ကြောင့် ဤmp3အား ပေးနိုင်မည့်နည်းလမ်းမရှိတော့...မမခိုင်နဲ့ ထည့်ပေးလိုက်ချင်ပေမယ့်
ဒါဟာ ကိုယ့်အစ်မကိုယ် တစ်ပါးသူလက်ထဲ ရက်ရက်ရောရော သွားအပ်ပေးနေသလိုကြီးများဖြစ်နေမလားဟု တွေးရပြန်သည်။မတတ်နိုင်.....
ဆက်သ၀ဏ်ရဲ့ အိမ်လည်းသိနေတာပဲ။ကြုံတဲ့တစ်နေ့မှပဲ သွားပေးလိုက်တော့မည်။
ထိုသို့အတွေးနှင့် မမခိုင်အခန်းဆီကနေ လှည့်ပြန်လာကာ လက်ထဲကmp3အား အံဆွဲထဲ ပစ်ထည့်လိုက်၏။
မျက်လုံးများကို မှိတ်လိုက်တော့ ဒီရက်ပိုင်းအတွင်း သူမရည်ရွယ်ပါပဲ နားထောင်မိတဲ့ သီချင်းသံ တစ်ခုက နားထဲကြားယောင်လာသည်။
ယုံ ပါ ရင် သို့ တိုး ဝှေ့ ဆဲ ပါ ခိုင်
ယုံ ပါ ရင် သို့ တိုး ဝှေ့ ဆဲ ပါ ခိုင်
ယုံ ပါ ရင် သို့ တိုး ဝှေ့ ဆဲ ပါ ခိုင်" အာ!!!စိတ်ရှုပ်လိုက်တာ "
ဆက်သ၀ဏ်ရဲ့ ညို့ဓာတ်ပြင်းတဲ့ မျက်နှာချောချောနဲ့ ထိုသီချင်းသံကို တွဲမြင်ယောင်လာပြီး မြဲတည်တစ်ယောက် ဒေါသတွေ ထွက်လာတော့တယ်။
"အဲ့ဒီ့လူ စာမေးပွဲမဖြေနိုင်ပါစေနဲ့ "
ပါးစပ်ကလွှတ်ခနဲထွက်သွားပြီးမှ
မိမိ၏စကား လွန်သွားပြီကို ဆင်ခြင်မိတာကြောင့် မြဲတည်တစ်ယောက် လက်အုပ်ချီကာ အရပ်ရှစ်မျက်နှာကို ပြန်လည်ရှိခိုး ရပြန်သည်။