For Unicode
မေမေဈေးမသွားနိုင်သဖြင့် အပြင်ထွက်ချင်စိတ်လုံး၀ကင်းမဲ့နေသော ခိုင့်အပေါ် ထိုတာ၀န်က လက်လွှဲယူစရာမလိုပဲ ကျရောက်လာသည်။သူမတို့အိမ်တွင်းဖြစ်ပျက်နေသမျှကို မည်သူမှမသိသော်လည်း သူမစိတ်ထဲတွင်တော့ အကုန်လုံးက အကဲခတ်နေကြသလို ခြေတစ်လှမ်းတိုင်းကပင်ခက်ခဲနေ၏။
တစ်ခါမှမေမေမပါပဲ ဈေးမသွားဖူးသော ခိုင်သည် ၀ယ်စရာခြမ်းစရာဟူ၍လည်း သိပ်မတွေ့ပါ။ ဖေဖေကြိုက်သော ဗူးညွှန့်နှင့် ကြက်ဥတစ်ချို့ ကို ဝယ်ခဲ့လိုက်ပြီး မေမေ့အတွက် ခေါက်ဆွဲတစ်ပွဲသာ ဝယ်လာခဲ့လိုက်သည်။
" မူပိုင်ရှင်မကြီး မမခိုင် "
ရေမွှေးနံ့စူးစူးနှင့် အနားကပ်လာသော ကောင်က ရိတိတိလာစသော်လည်း ခိုင်က စောင်းငဲ့၍ပင်မကြည့်ပဲ လမ်းဆက်လျှောက်လာသည်။
" ခိုင် ကျွန်တော် ပြောစရာလေးရှိလို့ပါ"
တိုးသျိုးသောလေသံဆီသို့ပြောင်းသွားသော်လည်း ခိုင်ကတော့ တစ်စက်လေးမှပင်ကြည့်မနေ။ထိုစဉ် သူမ၏အနားကို ကားတစ်စီးကပ်မောင်းလာပြီး ရပ်တန့်သွား၍ ဘေးကကောင်လေးရော ခိုင်ပါ အလန့်တကြားဘေးသို့ ရှောင်လိုက်ရသည်။
" ဟ ရူးနေလား "
ဆက်သ၀ဏ်က ကားထဲမှ အနည်းငယ် ခန့်မှန်းရခက်သော မျက်နှာထားဖြင့် ဆင်းချလာကာ ခိုင့်ရှေ့သို့ ပိတ်ရပ်လိုက်သည်။
ထို့နောက် ဘေးက ငနဲ ကို ဂရုမစိုက်သလို တစ်ချက်ဝေ့ကြည့်ကာ အကြည့်ပြန်လွှဲသွား၏။
ခိုင်သည် သ၀ဏ့်မျက်နှာချောချောကို ငေးရင်း ရင်ထဲမှ စူးရှစွာနာကျင်လာရသဖြင့် စေ့စေ့ပင်မကြည့်နိုင်တော့။" ငါ ခိုင်မြဲတည်နဲ့တွေ့ချင်တယ် "
အာဏာသံပါတဲ့ ထိုအသံရှရှကို သူမချစ်မြတ်နိုးခဲ့ရသလောက် ယခုမူ နားထဲသို့ပူလောင်စွာ စီးဆင်းနေ၏။
ဘေးက လူပိုလို ဖြစ်နေသော ကောင်လေးက သူမတို့ကို အကဲခတ်သလိုကြည့်ကာ ခပ်တိုးတိုး လှောင်ရယ်ရင်း ရှောင်ထွက်သွား၏။ ကြည့်ရတာ သူမနှင့် သ၀ဏ်ကို တစ်ခုခုရယ် ထင်သွားပုံ ရသည်။