ဆ-11
🌼🌼🔹 ဘာသာတရား 🔹🌼🌼
💐💐💐
🌟ဘုရားဟောတဲ့တရားကိုယုံကြည်ပါတယ်ဆိုတဲ့လူက ယုံကြည်ပါတယ်ဆိုတဲ့နေရာတင် ရပ်နေလို့မဖြစ်ဘူး။ သိအောင်ကို လုပ်ရအုံးမယ်။ သိတာက ယုံကြည်တာထက် ပိုပြီးအဆင့်မြင့်တယ်။ ယုံကြည်ပါတယ်ဆိုပြီး ဘာမှမလုပ်တဲ့လူဟာ တာဝန်မဲ့တယ်လို့ပြောလို့ရတယ်။ တာဝန်မယူရဲတဲ့လူလို့ပြောလို့ရတယ်။ တစ်နည်းအားဖြင့် တကယ်ယုံတာမဟုတ်ဘူးလို့တောင် ပြောလို့ရတယ်။
💐💐💐
🌟လွတ်လွတ်လပ်လပ် အမှန်တရားကိုရှာမှ ဗုဒ္ဓဘာသာဝင်ပီသမယ်နော်။
ကြားရသမျှကိုယုံနေရင် ဗုဒ္ဓဘာသာဝင်မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်သိအောင်လုပ်ရတာ မလွယ်ဘူး။ ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးအကြီးဆုံးအချက်မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက်ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ်ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့တရားဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ ဆိုနိုင်တယ်။ ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံးလွတ်လပ်မှုကိုရောက်အောင် လမ်းဖွင့်ပေးတဲ့ဘာသာတရားဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Freedom ဖြစ်တယ်။
💐💐💐
🌟အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။ ဒီဆင်းတုတော်ကိုကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ “ဒီ ဆင်းတုတော်က တန်ခိုးကြီးတယ်”လို့ ပြောနေကြတာဟာ ဘုရားဟောနဲ့ ဘယ်လောက်ဝေးကွာသွားပြီလဲ။ “ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက်တန်ခိုးကြီးတယ်”လို့ ပြောတာဟာ ဗုဒ္ဓဘာသာတရားကို ဘာမှမသိတဲ့သူတွေရဲ့အတွေးအခေါ်ပါ။ အမှန်တရားကိုသိပြီး၊မြင်ပြီး လွတ်လပ်လာတဲ့အခါမှာမှ ဘုရားကိုကြည်ညိုတတ်လာတယ်။ ထူးထူးဆန်းဆန်းပုံတော်ထုထားတဲ့ ဆင်းတုတော်ကိုကြည်ညိုရုံနဲ့ ဘုရားကိုကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူး။
💐💐💐
🌟တချို့က ဘုရားရှိခိုးရင်၊မေတ္တာပို့ရင် ရာထူးတိုးလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဘာသာတရားကိုးကွယ်တာ စိတ်အေးချမ်းဖို့နဲ့အသိအမြင် မှန်ကန်ဖို့၊ ဘဝမှာ လူပီပီနေတတ်ဖို့။ ဘုရားရှိခိုးတာ လမ်းမှန်ကိုညွှန်ပြတဲ့ကျေးဇူးရှင်ဖြစ်လို့ ရိုသေလေးစားလို့ ဂုဏ်တွေကိုအာရုံပြုပြီးရှိခိုးတာ၊ ဘာမှ လိုချင်လို့မဟုတ်ဘူး။
ဆုတောင်းတာတွေသိပ်များနေတဲ့သူဟာ ဘာသာတရားဆိုတာရဲ့သဘာဝကို မသိလို့ပါ၊၊ ဆုတောင်းတယ်ဆိုတာ ကိုယ့်ဆန္ဒကို ကိုယ်အတည်ပြုတာပဲ။ confirm လုပ်တာပဲ။ ကိုယ့်စိတ်ကို ဦးတည့်ပေးလိုက်တာပဲ။ လေးထဲမှာမျှားကိုထည့်ပြီး လေးကိုတင်ပစ်မှတ်ကိုချိန်ပြီး လွှတ်လိုက်တာပဲ။ လေးနဲ့မျှားက ကိုယ်လုပ်တဲ့အလုပ်ပဲ။ ပစ်မှတ်ကိုချိန်ပြီးပစ်လွှတ်လိုက်တာက ဆုတောင်းလိုက်တာပဲ။ အလုပ်မပါဘဲဆုတောင်းနေလို့ အလကားပဲ။ ကိုယ်လိုချင်တာရဖို့ ကိုယ့်အားကိုယ်ကိုးပြီးလုပ်ယူရမယ်။ အရာရာတိုင်းဟာ ကိုယ့်တာဝန်ပဲ။ ကိုယ့်တာဝန်ကိုကိုယ် အပြည့်အဝယူနိုင်တဲ့သူမှသာ ဘာသာတရားကိုနားလည်တဲ့သူဖြစ်မယ်။ ကိုယ့်စိတ်ကလွတ်လပ်လာမှ ဘုရားကိုကိုးကွယ်တတ်မယ်။
💐💐💐
🌟တန်အောင်လုပ်ပြီးမှ ဆုတောင်းပါ။ အမှန်တော့ တကယ်တန်အောင်လုပ်တဲ့သူဟာ ဆုတောင်းနေစရာမလိုတော့ပါဘူး။ သဘာဝတရားဟာ ဆုတောင်းနေတာကိုစောင့်မနေပါဘူး။ သူ့သဘာဝအကြောင်းအကျိုးအတိုင်း လုပ်သင့်တာကိုလုပ်ရင် ရသင့်တာကိုရပါတယ်။ ဆုတောင်းတာသိပ်များနေတဲ့သူဟာ ဆုတောင်းပြည့်တဲ့သူမဖြစ်နိုင်ဘူး။
စီးပွားဥစ္စာတိုးတက်ဖို့၊ ရာထူးတိုးဖို့ ဘာသာတရားကိုကိုးကွယ်တဲ့သူဟာ ဘာသာတရားအစစ်ဟာဘာလဲဆိုတာကို လုံးလုံးမသိတဲ့သူပဲ။ လွတ်လပ်မှုကိုလိုချင်လို့ ဘာသာတရားကိုကိုးကွယ်တဲ့သူမှသာ ဘာသာတရားအစစ်ဆိုတာဘာလဲဆိုတာကို သိနိုင်မယ်။⚜⚜⚜
🏵️ဆရာတော်ဦးဇောတိက🏵️
💝(မဟာမြိုင်တောရ)💝
၏
💧တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
🍃🍃🍃🍂🍃🍃🍃🍂🍂🍃🍃🍃🍂🍃🍃🍃