ဆ-64

0 0 0
                                    

ဆ-64
ခွင့်လွှတ်ခြင်း
••••••••••••••••••••
(ဒီစာလေးကိုဖတ်ကြည့်လိုက် အေးချမ်းသွားလိမ့်မယ်)
အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကို နားလည်ဖို့လိုတယ်၊ ခွင့်လွှတ်ဖို့လိုတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ခြင်းအားဖြင့် နောင်အနာဂတ်မှာ ကောင်းတာတွေ လုပ်နိုင်ဖို့အတွက် အုတ်မြစ်ကောင်းကောင်းကို ရသွားတယ်နော်။ အတိတ်က အကြောင်းတွေကို ထပ်ခါတလဲလဲ တွေးနေ ပြောနေပြီးတော့ အဲဒီအတိတ်မှာပဲ ချောင်ပိတ်မိနေလို့ရှိရင် ထောင်ချောက်ကြီးထဲ ရောက်နေသလို ဖြစ်တယ်။
ခွင့်လွှတ်ခြင်းအားဖြင့် အကျိုးတွေအများကြီး ရှိလာတယ်။ စိတ်ရှင်းသွားတယ်။ လွတ်လပ်သွားတယ်။ အမှုကိစ္စတွေ အများကြီး ပြီးသွားပါတယ်။
ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ အသိမှာ အခြေခံမှ ဖြစ်နိုင်တယ်။ ပြီးတော့ သူတစ်ပါးကိုချည်း ခွင့်လွှတ်ရုံနဲ့ မရသေးဘူး။ မပြည့်စုံသေးဘူး။ မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။
ကိုယ်လုပ်ခဲ့သမျှကို ပြည်ကြည့်ပြီးတော့ မှားတာကိုတော့ မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ၀န်ခံဖို့လိုတယ်။ သင်ခန်းစာလည်း ယူဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်ကိုလည်း ငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်စေချင်တော့ဘူး။
ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ဖို့လိုတယ်။ နောင်တရတဲ့စိတ် အားကြီးလွန်းရင် သူကပဲပိတ်ပင်ထားလို့ တရားအသိဥာဏ် အဆင့်မြင့်မြင့်ကို မရနိုင်ဘူး။
ခွင့်လွှတ်နိုင်တဲ့အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ကောင်းနေတယ်။ သာယာနေတယ်။ အရာရာတိုင်းဟာ လှနေတယ်၊ အဓိပ္ပာယ်ရှိနေတယ်။ ဒါတွေကို ကြည့်နိုင်ဖို့၊ မြင်နိုင်ဖို့၊ အာရုံပြုနိုင်ဖို့၊ သိနိုင်ခံစားနိုင်ဖို့ သူ့စိတ်ကို ပေးနိုင်တယ်။
ခွင့်မလွှတ်နိုင်တဲ့သူဟာ ဒါတွေအတွက် သူ့စိတ်မှာ နေရာမပေးနိုင်ဘူး၊ အချိန်မပေးနိုင်ဘူး။ သူ့မျက်စိက ဖွင့်ထားပေမယ့် သူ မမြင်နိုင်ဘူး။ သူ့နားထဲကို အသံတွေ ၀င်ရောက်လာပေမဲ့ သူ အာရုံမပြုနိုင်ဘူး။ မကြားနိုင်ဘူး။ သူ တန်ဖိုးမထားနိုင်ဘူး။
ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့ စိတ်ဖြစ်တယ်။ ရင့်ကျက်တဲ့ ခိုင်မာတဲ့ စိတ်ဖြစ်တယ်။ သဘောထားကြီးတဲ့စိတ် (big mind) ဖြစ်တယ်။ (powerful mind ) အင်အားကြီးတဲ့စိတ် ဖြစ်တယ်။ ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ဓါတ်ကျမနေတော့ဘူး။
ကိုယ့်ဘ၀ကို အသိဥာဏ်အလင်းနဲ့ နေသွားချင်တဲ့သူ၊ နေသွားနိုင်တဲ့သူ ဟုတ်သလား? မဟုတ်ဘူးလား?ဆိုတာသိအောင် ခွင့်လွှတ်နိုင်တဲ့သူလား? ခွင့်မလွှတ်နိုင်တဲ့သူလား? ဆိုတဲ့ စာမေးပွဲ အစစ်ခံရသလို ဖြစ်တယ်နော်။။
ကိုယ့်ဘ၀မှာ အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။
သူလုပ်သလို ပြန်လုပ်ခြင်းအားဖြင့် သူ့ထက်သာတဲ့သူ မဖြစ်နိုင်ဘူး။
ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာမဟုတ်ဘူး။
တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေဟာ၊ ဒီအတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုတွေအားလုံးဟာ ကိုယ့်အတွက် အင်မတန်ကြီးမားတဲ့ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။ ဒီအထဲက ပညာယူရမယ်နော်။ မေ့လိုက်ရင် ပညာမရတော့ဘူး။ ဒါကြောင့် မေ့ဖို့မသင့်ဘူး။
ဒါကိုနားလည်ဖို့ ကြိုးစားရမယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာ မဟုတ်ဘူးနော်။ မမှားပါဘူး၊ ကောင်းပါတယ်လို့ ပြောတာမဟုတ်ဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့တွက်တာ မဟုတ်ဘူး။
သူ့ကိုခွင့်လွှတ်လိုက်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စဟာ လက်ခံနိုင်ပါတယ်၊ အရေားမကြီးပါဘူး၊ သိပ်မဆိုးပါဘူးလို့ မဆိုလိုဘူး။ သူလုပ်ခဲ့တဲ့ကိစ္စကြောင့် ကိုယ့်မှာထိခိုက်သွားတာဟာ အရေးမကြီးပါဘူးလို့ ပြောတာမဟုတ်ဘူး။
ခွင့်လွှတ်တယ်ဆိုတာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်းနေတာ၊ သူ့ကို ပြန်ပြီးတော့ ဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က လွှတ်လိုက်တာ၊ လျှော့လိုက်တာနော်။ ဒီအတွေးတွေက ကိုယ့်ရဲ့ပစ္စုပ္ပန်နဲ့အနာဂတ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတယ်။ စိတ်ချမ်းသာမှု တကယ် မရနိုင်ဘူး။ ဒါပေမဲ့ ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ဘူး။
ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်တယ်။
စိတ်နေ သဘောထား မြင့်မားလာတယ်။ ခွင့်လွှတ်တယ်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့ကိစ္စ ဖြစ်ပါတယ်။
ခွင့်လွှတ်နိုင်တဲ့အချိန်ကနေစပြီး စိတ်ဟာ ငြိမ်းချမ်းသွားပြီ၊ လွတ်လပ်သွားပြီတဲ့။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။
ကိုယ့်စိတ်ကို ဒီ မုန်းတီးမှု၊ နာကြည်းမှု၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ထားတာကို လွှတ်လိုက်တာပဲ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက် ဖြစ်သွားစေတယ်။ ကိုယ်တကယ်လုပ်သင့်တဲ့၊ ကိုယ့်အတွက်အကျိုးရှိမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။
ရန်ငြိုးဖွဲ့နေရတာ၊ မုန်းတီးနေရတာ၊ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓါတ်အင်အားတွေ၊ ခန္စာကိုယ်အင်အားတွေ၊ အချိန်တွေ ကုန်မယ့်အစား အဲဒီအချိန်နဲ့အင်အားတွေကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စတွေကို လုပ်ရင်းနဲ့ အသုံးချချင်တယ်။ ဒါကြောင့် သူ့ကို ခွင့်လွှတ်တာ။
ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး၊ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး၊ အကျိုးမရှိဘူးလို့ သိသွားတာ။
အမှန်တော့ Forgiveness is power ခွင့်လွှတ်ခြင်းဟာ စွမ်းအား ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်ရော အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ်အင်အား နည်းတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာပဲ။ '' ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီး မနေတော့ဘူး'' ဆိုပြီး ကိုယ့်ထောင်တံခါးကို ကိုယ် ဖွင့်လိုက်တာပဲ။
ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်တယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့၊ ခွင့်လွှတ်နေရတာနော်။ အပစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူး။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးော့ ဘယ်လောက် အေးချမ်းသွားမလဲနော်။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
---------------------------------------------------------------------------------

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now