ဆ-63
ဦးတည်ချက်၊ ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ်ခံစားနိုင်မှာမဟုတ်ဘူး။
သူ့ဦးတည်ချက်က သူ့ဘ၀ကိုစုစည်းပေးတယ်။ သူ့အင်အားတွေကိုစုစည်းပေးတယ်။ သူ့ဦးတည်ချက်က သူ့ကိုစည်းကမ်းရှိတဲ့သူဖြစ်အောင် လမ်းတည့်ပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို့အချိန်ဖြုန်းစရာမရှိအောင် လုပ်စရာတွေကို ရှေ့မှာတန်းစီထားပေးတယ်။ ဘာမှလုပ်စရာမရှိဘူးဆိုတာ သူ့အတွက် ဘယ်တော့မှဖြစ်မှာမဟုတ်တဲ့အခြေအနေပဲ။ သူအနားယူတယ်ဆိုတာတောင်မှ နားပြီးရင်လုပ်ဖို့အနားယူတာ။ အားနေလို့နားတာမဟုတ်ဘူး၊ သူ့အတွက်ပျော်စရာအကောင်းဆုံးက သူ့စိတ်ကူးတွေကိုအကောင်အထည်ဖော်နေရတာပဲ။
ဘ၀ဦးတည်ချက်ကိုတကယ်သိချင်ရင် အရင်ဆုံး ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းသိအောင်လုပ်ပါ။ ကိုယ့်စိတ်ကိုကိုယ်တကယ်သိလာရင် ကိုယ်ဘာကိုတကယ်ချစ်တယ်ဆိုတာ သိလာမယ်။ ကိုယ်တကယ်ချစ်တာကိုလုပ်ရမှ စိတ်ပါလက်ပါလုပ်မယ်။ တစ်သက်လုံးလုပ်မယ်။ ရှိသမျှကိုယ်စွမ်းဥာဏ်စွမ်းတွေကို အကုန်ထုတ်မယ်။ ဒါမှ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်။ အကောင်းဆုံးဖြစ်အောင်လုပ်မှ အဆင့်မြင့်တဲ့ပျော်ရွှင်မှုကိုရမယ်။
ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာဖြစ်လာတယ်။ ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက်မရှိတဲ့သူမှာ လွတ်လပ်မှုမရှိဘူး။
ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ရွေးချယ်လိုက်တဲ့ ဦးတည်ချက်တစ်ခုရှိလာပြီဆိုရင် အဲဒီလူဟာ စွမ်းရည်သတ္တိတွေ အင်အားတွေ အများကြီးတက်လာပြီ။ အဲဒီလူဟာ တစ်နေ့တာ တစ်နေ့တာ ဘဝကိုနေသွားရတာ အငျမတနျအဓိပ်ပါယျရှိတဲ့နညျးနဲ့နသှေားတယျ။ သူ့မှာ ပျင်းတယ်ဆိုတာမရှိတော့ဘူး။ သူ့မှာ ဘာလုပ်ရမှန်းမသိဘူးဆိုတာမရှိတော့ဘူး။ သူ့မှာ အချိန်ဖြုန်းတယ်ဆိုတာမရှိတော့ဘူး။ သူ့မှာ အသေးအမွှားသေးသိမ်တဲ့ကိစ္စတွေ (ဥပမာ-သူများအတင်းပြောတာ) လုပ်ဖို့ရာ လုံးဝစိတ်ကူးမရှိတော့ဘူး။
ကိုယ့်ဘဝမှာ ကိုယ်အဓိကလိုချင်တာဘာလဲဆိုတာကို တိတိကျကျသိရင် ဘာလုပ်ရမယ် ဘယ်လိုနေရမယ်ဆိုတာလည်း သိတယ်။
လူ့လောကလူ့အသိုင်းအဝိုင်းမှာ ငါ ဘယ်လိုနေရာ၊ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုအလုပ်မျိုး၊ ဘယ်လိုတာဝန်မျိုးကို ယူမလဲ၊ ရပ်တည်ရမလဲဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ role ပျောက်သလိုဖြစ်နေတယ်။ နေရာပျောက်သလိုဖြစ်နေတယ်။ ကိုယ့်ခံယူချက်မရေရာတာ၊ ယုံကြည်ချက်မရေရာတာ၊ ကိုယ့်ရဲ့ရပ်တည်ရာမရေရာတာဟာ ကြီးမားတဲ့ပြဿနာပဲ။
ဦးတည်ချက်လေးနက်တဲ့သူ၊ ခံယူချက်မြင့်မြတ်တဲ့သူ ကိုယ့်စိတ်ကိုကိုယ်ကောင်းကောင်းသိတဲ့သူဟာ အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်အများကြီး ရှိတယ်။
ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
၏
တွေးမိတိုင်းပျော်တယ်
စာအုပ်မှ ကူးယူဖော်ပြပါသည်။
စာမျက်နှာ(၂၃၄)