❒ စီရင်ချက်မချပါနဲ့ အရင်စုံစမ်းပါ
များသောအားဖြင့် လူတွေဟာ နာမည်ဆိုးတပ်လိုက်ပြီးတော့ လူဆိုးဆိုရင် သူ့ကို ထောင်ချရတော့မယ်။ သို့မဟုတ်ရင် အင်မတန် ဆိုးတဲ့ လူဆိုရင် သေဒဏ် ပေးလိုက်ရတော့မှာပဲ။
အဲဒီလိုပဲ ကိုယ့်စိတ်ကိုကိုယ် ကြည့်ပြီးတော့ နာမည်ဆိုး တပ်လိုက်ပြီးတော့ ချက်ချင်း စီရင်ချက် ချလိုက်တာနော်။ စီရင်ချက်ချတာက စောလွန်းနေတယ်။ စီရင်ချက် မချပါနဲ့၊ အရင်စုံစမ်းပါ။
ဖြစ်ပေါ်လာတဲ့စိတ်ကို ဒီလိုစိတ် ဖြစ်တာကိုပဲ ပြန်ပြီးတော့ စိတ်ဆိုးလို့ရှိရင် အဲဒီစိတ်ဆိုးတဲ့ စိတ်ကြောင့်ကိုပဲ စိတ်က မကြည်လင်တော့ဘူး။ Agitation ဖြစ်လာတယ်။ စိတ်က ယောက်ယက်ခတ်လာတယ်။ ဖြစ်ပေါ်လာတဲ့စိတ်ကို ကြည့်ချင်စိတ်ကို မရှိတော့ဘူး။ မြန်မြန် သူ့ကို တွန်းလိုက် ဖယ်လိုက်ချင်တယ်။ အာရုံတစ်ခု ပြောင်းလိုက်ချင်တယ်။ အဲဒီလိုမလုပ်ဘဲနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကို ခဏလေး စိတ်ရှည်ရှည်နဲ့ ကြည့်ပါ။
ဘာဖြစ်လို့ စိတ်ပျက်သလဲဆိုရင် အဲဒီဖြစ်ပေါ်လာတဲ့ လောဘစိတ်၊ ဒေါသစိတ်ကို ❝ ငါ့စိတ် ❞လို့ ထင်နေလို့ စိတ်ပျက်တာနော်။ သူ့အပေါ်မှာ သဘောထားက ဒါဟာ ငါ့စိတ်၊ လောဘ ဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ ဒီစိတ် မကောင်းဘူး၊ ဒါကြောင့် ငါလည်း မကောင်း ဘူး။ ❝ ငါမကောင်းဘူး ❞ဆီ ရောက်လာတယ်။
❒ သူတို့ကိုဖြတ်သန်းပြီးတော့ပဲသွားရမှာ
မနေ့ကလည်း ဒီလိုပဲ ဒကာကြီးတစ်ယောက်။ သူက တရားအားထုတ်တယ်။ စိတ်ကိုကြည့်တာကို တော်တော်လေး မြင်လာပြီ။ သူအရင်တုန်းက ဘယ်လိုပြောတုန်းဆိုတော့ အရင်တုန်းကဆိုရင် တပည့်တော် တစ်နေ့ကို ပုတီးနှစ်ပတ် စိပ်တယ်တဲ့။ တရားတော့ စနေပြီ။ ပုတီးစိပ်တယ်ဆိုတာလည်း အရဟံ အရဟံ အရဟံ ရွတ်တာ နှစ်ပတ်စိပ်ရင် ဘယ်လောက် ကြာမယ်တော့ မသိဘူး။
အဲဒီတုန်းကတော့တဲ့ ပုတီးနှစ်ပတ်လောက် စိပ်ပြီးရင် ငါဒီနေ့တော့ တရားအလုပ် လုပ်လိုက်ရပြီ ဆိုပြီး တော်တော်လေး ကျေနပ်ပြီ။ ကိုယ့်ကိုယ်ကိုယ် တော်တော်ဟုတ်တယ် ထင်နေတာ။ ဒီနေ့အဖို့တော့ ငါလုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပြီးသွားပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေပြီလို့လည်း တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းအလုပ်ကြီးတစ်ခုကို လုပ်လိုက်ရတဲ့အတွက်ကြောင့် တစ်မျိုး လည်း ကျေနပ်မှုရသွားတယ်တဲ့။