ဆ-16

0 0 0
                                    

ဆ-16
❝ စိတ်ပင်ပန်းတယ်ဆိုရင်
သက်သာအောင်ဘယ်လိုလုပ်မလဲ ❞
■■■■■■■■■■■■■■■■■■
စိတ်ဓါတ်ကျတယ်၊ စိတ်အားကုန်တယ်၊
စိတ်ညှိုးနွမ်းတယ်၊ စိတ်မကြည်ဘူး၊
စိတ်မရွှင်ဘူးဆိုတာတွေဟာ
စိတ်မှာ ဖြစ်တာချည်းပဲ။
စိတ်မှာဖြစ်တဲ့ ခံစားမူမှန်သမျှ
အတွေးပေါ်မှာ အခြေခံတယ်။
အမြင်ပေါ်မှာ အခြေခံတယ်။
သဘောထား ပေါ်မှာအခြေခံတယ်။
ကိုယ်ဘာကို တန်ဖိုးထားသလဲဆိုတာ
အပေါ်မှာ အခြေခံတယ်။
ကိုယ်အခုဒီလိုခံစားနေရတာ ဘာကြောင့်လဲဆိုရင်
ဒီအချိန်မှာ ဒီအတွေးမျိုးတွေကို တွေးနေလို့ပဲ။။
ဒီလိုအတွေးမျိုးတွေကို တွေးနေမိလို့
စိတ်ပင်ပန်းတယ်ဆိုရင်
သက်သာအောင်ဘယ်လိုလုပ်မလဲ???
များသောအားဖြင့်တော့
တခြားအပျင်းပြေစရာ အာရုံတခုခုနဲ့
အစားထိုးလိုက်တယ်။ တီဗီကြည့်မယ်။
အခွေ ကြည့်မယ်။ ဂိမ်းဆော့နေမယ်။
တနေကုန်ဝတ္ထုဖတ်ချင်ဖတ်နေမယ်။
(တနေကုန် အွန်လိုင်းတက်ချင်တက်နေမယ်)
တမျိုးပြီး တမျိုးစားချင်စားနေမယ်။
ဖုန်းလှည့်ပတ်ပြောနေမယ်။ ဒါမှမဟုတ်
အပေါင်းအသင်းတွေနဲ့ လျှောက်သွားနေမယ်။
စကားပဲပြောနေမိမယ်။
ကိုယ့်စိတ်ကို သိပ်အရေးမကြီးတဲ့
အာရုံတခုခုမှာ နစ်ထားချင်တယ်။
အရေးပါတာတွေကို မေ့ထားချင်တယ်။
ဒီနည်းတွေက ခဏသက်သာတဲ့
နည်းတွေဖြစ်တယ်။
ပြီးတော့ အချိန်ကုန်တယ်။
လေးနက်မူမရှိဘူး။
အသိညဏ် မဖြစ်ဘူး။
ပြဿနာကို ဖင်ခုထိုင်လိုက်တာနဲ့တူတယ်။
ရေရှည်မှာ ထိထိရောက်ရောက်
သက်သာမူရချင်ရင် တကယ်
စိတ်ချမ်းသာချင်ရင် စိတ်ကိုလိုက်သိနေတဲ့
အလေ့အကျင့်လုပ်မှ ဖြစ်မယ်။
သတိရတိုင်း သတိရတိုင်း
ကိုယ့်စိတ်ကို ကိုယ်ပြန်သိနေတဲ့
အကျင့်ကို လုပ်ပါ။
ငါဘာတွေးနေတာလဲ?
ငါ့စိတ်ကဘာတွေ တွေးနေလဲ?
ငါဘာတွေးနေသလဲဆိုတာကို
သတိထားပြီး ကြည့်နေတာကနေ စရမယ်။
ကိုယ်တွေးနေတာကို သတိရပြီး
သိလိုက်တော့ အတွေးတွေတန့်သွားတယ်။
✔ တခါတလေ အသက်ရှူနေတာလေးကို ရိုးရိုးလေးသိနေ။
✔ တခါတလေ ကိုယ်လုပ်နေတဲ့ အလုပ်လေးကို သိနေ။
✔ တဖြေးဖြေးနဲ့ စိတ်ထဲမှာ ဝမ်းသာတဲ့ခံစားမူ၊
ဝမ်းနည်းတဲ့ခံစားမူ၊ စိုးရိမ်တဲ့ခံစားမူ၊
သိမ်ငယ်တဲ့ခံစားမူ၊ ကြောက်တဲ့ခံစားမူ၊
ကိုယ့်ကိုကိုယ်မဝံ့ရဲတဲ့ ခံစားမူတွေ
ဖြစ်တာတွေကို သိလာမယ်။
ဒါတွေကို သိရင်းနဲ့ ဘယ်လိုသဘောထား၊
ဘယ်လိုအမြင်၊ ဘယ်လိုအတွေးတွေက
ခံစားမူတွေဖြစ်အောင်လုပ်သလဲဆိုတာ
မြင်လာ သဘောပေါက်လာလိမ့်မယ်။
✔ ကိုယ်က အဆိုးဘက်က ကြည့်ပြီး တွေးနေတာလား။
✔ အကောင်းဘက်က ကြည့်ပြီး တွေးနေတာလား။
✔ မျှမျှတတ ကြည့်သလား။
✔ တဖက်သတ် ကြည့်နေတလား။
အဆိုးအဓိပ္မါယ် ကောက်သလား။
အကောင်းအဓိပ္မါယ် ကောက်သလား..
စတာတွေ မြင်တတ်လာမယ်။
ဒီလိုလုပ်မယ်ဆိုရင်
ပစ္စုပ္ပန်မှာ အနေများလာပြီးတော့
အခုတွေးနေတာကို သိနေမယ်။
အခုလုပ်နေတာကို သိနေမယ်။
ကိုယ့်အတွေးတွေကို ကြည့်ရင်းနဲ့ပဲ
ငါ့အတွေးလို့ထင်ခဲ့တဲ့ အတွေးတွေဟာ
ငါကတမင်တကာမတွေးရပဲ ပေါ်ပေါ်
လာနေတယ်ဆိုတာ မြင်လာမယ်။
မြင်လာပြီးတော့ ပေါ်လာပြီးရင်
ပျောက်သွားတာပဲဆိုတဲ့ အတွေးတွေ
မြင်လာလိမ့်မယ်။
အနတ္တသဘောကို မြင်လာမယ်။
ဒီလိုခဏလေးပေါ်ပြီး ပျောက်သွားတာပဲ
ကျန်ခဲ့တာက ငါ့စိတ်ဆင်းရဲနေရတာ၊
စိတ်ညစ်နေရတာ၊ စိတ်မချမ်းသာနေရတာပဲ။
(ကိုယ်ပဲအကုသိုလ်စိတ်
ဝင်နေရတာပဲဆိုတာ မြင်လာလိမ့်မယ်)
စိတ်ဆင်းရဲတာ ဝမ်းနည်းတာတွေက
ဒေါမနဿအသေးစားပဲ။
ကိုယ့်အတွက်ကောင်းကျိုးမပေး
စိတ်ညစ်နေရတာကို မတွေးဘူး မဝင်စေရဘူး၊
ဝင်လာရင်လဲ ငါတွေးနေပါလားဆိုတဲ့ အသိဝင်လာမယ်။
စိတ်ဆင်းရဲစရာတွေကို အကျိုးမဲ့တွေးပြီး
မဖြုန်းချင်တော့ဘူး။ မဖြုန်းတော့ဘူး။
တခါတလေ ဘာမှမတွေးပဲ မတွေးမိပဲ
စိတ်ထဲမှာ တိတ်ပြီးအေးချမ်းနေမယ်။
ဒီလိုစိတ်ကို ပိုသိလာတဲ့အခါ တွေးစရာရှိလို့
တွေးတဲ့အခါ စဉ်းစားစရာရှိလို့
စဉ်းစားတဲ့အခါ စနစ်တကျဖြစ်လာပြီ။
အရည်အချင်းရှိလာပြီ။
အတွေးတွေ စည်းကမ်းရှိသွားတဲ့အခါ
စိတ်ပင်ပန်းမူ တော်တော်နည်းသွားမယ်။
တခါတလေ အတွေးလမ်းချော်သွားရင်
သိပြီးတော့ ကောင်းတဲ့လမ်းကြောင်းပေါ်
ပြန်တင်လိုက်ပါ။
စိတ်ချမ်းသာဖို့၊
စိတ်ရဲ့အရည်အသွေးမြှင့်မားဖို့ဆိုတာ
စိတ်ကိုသိနေတဲ့ အလေ့အကျင့်မရှိပဲနဲ့
ဖြစ်ဖို့သိပ်ခဲယဉ်းတယ်။ စိတ်ကိုသိနေတဲ့
အလေ့အကျင့်ရှိရင် အသိညဏ် ပိုရင့်ကျက်တယ်။
ဘဝမှာတွေ့ရတဲ့ အခက်အခဲတွေကို
ဖြေရှင်းပေးနိုင်တာ အသိညဏ်ပဲ။
အားကောင်းလာတဲ့အခါ
အရာအားလုံးဟာ သူ့အကြောင်းနဲ့သူ၊
သူ့သဘာဝနဲ့သူ၊ သူ့အကျိုးနဲ့သူ
ဖြစ်နေတာကို မြင်လာလိမ့်မယ်။
အကြောင်းရှိမှ အကျိုးဖြစ်လာတယ်ဆိုတာ
သိလာလိမ့်မယ်။
ပြဿနာအစစ်ဆိုတာတကယ်
ပြောရရင် ၁၀%တောင်ရှိချင်မှရှိမယ်။
စိတ်ကူးယဉ်ပြဿနာတွေက
၉၀% လောက်ရှိတယ်။
အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို
စိတ်ကူးယဉ်ပြဿနာပဲလို့
သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင်
၉၀% လောက် သက်သာသွားတယ်။
ဖြစ်လာတဲ့စိတ်၊ ဖြစ်လာတဲ့ခံစားချက်၊
စိတ်ရဲ့လှုပ်ရှားမူကို တည့်တည့်ကြည့်လိုက်လို့
သိလိုက်ရင် ပျောက်သွားတာပဲ။
ဘယ်လို ကိလေသာပဲဖြစ်ဖြစ်
တည့်တည့်ကြည့်လိုက်ရင် ပျောက်ရမှာပဲ။
အဲဒီတော့ လောဘ၊ဒေါသ အစရှိတဲ့
ကိလေသာတွေက သူတို့ကို အပြစ်တင်
ရန်ရှာပြီးတော့ တိုက်ခိုက်တာ
(attack) လုပ်တာကို သူတို့မကြောက်ဘူး။
(resists လုပ်တာ ခုခံတာကို သူတို့မကြောက်ဘူး)
ဘာကိုကြောက်သလဲဆိုတော့
တည့်တည့်ကြည့်တာကို ကြောက်တယ်။
တည့်တည့်ကြည့်ရင် ဘယ်တော့မှ
အကြည့်မခံဘူး။ ပျောက်သွားတာပဲ။
တည့်တည့်ကြည့်တတ်ဖို့ပဲ လိုတယ်။
အဲဒီတော့ မကြာမကြာ ကိုယ့်စိတ်ထဲမှာ
ဖြစ်နေတာတွေကို တည့်တည့်ကြည့်တဲ့
အကျင့်လုပ်ပါ။ အကျင့်လုပ်လို့ရှိရင်
ကျွမ်းကျင်လာပါတယ်။
အစမှာတော့ နဲနဲခက်တယ်။
ဥပမာ- သေနတ်ပစ်ကျင့်တဲ့ လူတွေဆိုရင်
အစမှာ မှောက်ပြီးတော့၊ သေချာချိန်ပြီးတော့မှ
ဖြည်းဖြည်းချင်း ညှစ်ပြီးတော့ အသာလေးဆွဲရတာ။
ဒါတောင်မှ နဲနဲလေးကြမ်းလို့ရှိရင်
ပစ်မှတ်ကို လုံးလုံးမထိဘူး။ လွဲသွားတယ်။
အင်မတန်ကြီးတဲ့ ၂ ပေ ၃ ပေလောက်ရှိတဲ့
ပစ်မှတ်ကြီးတောင်မှ လုံးဝလွဲသွားတာမျိုးတွေရှိတယ်။
ပစ်တာကျွမ်းကျင်လာတဲ့လူကျတော့ သွားရင်း
လာရင်းတောင်၊ ပြေးရင်းလွှားရင်းတောင်
ပစ်သွားလို့ရတယ်။ အင်မတန်
ကျွမ်းကျင်လာတယ်နော်။
သိပ်ချိန်ရတယ်လို့တောင် မထင်တော့ဘူး။
အလေ့အကျင့်များသွားလို့ရှိရင်
စိတ်က ပစ္စုပ္ပန်ကို တည့်အောင်ပစ်လို့ရတယ်။
စိတ်ဟာ ပစ္စုပ္ပန်မှာ အနေများလာတဲ့အခါ
စိတ်ရဲ့အရည်အသွေး quality
အရည်အသွေးဟာ မြင့်မားလာတယ်။
စိတ်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊
စိတ်ပျံ့လွင့်မူတွေ၊ စိတ်ဆင်းရဲမူတွေ၊
စိတ်ညစ်တာတွေ၊ တဖြည်းဖြည်းရှင်းသွားတယ်။
သူတို့ရှင်းသွားရင် စိတ်ရဲ့အရည်အသွေး
ဘယ့်နှယ့်နေမလဲ။ မြင့်လာတယ်။
အေးချမ်းတည်ငြိမ်မူ၊ ရင့်ကျက်မူ၊
သန့်ရှင်းမူ ရှိလာတယ်။
စိတ်ရဲ့အရည်အသွေး Quality မြင့်လာလို့ရှိရင်
ဘဝရဲ့အရည်အသွေး မြင့်လာတယ်။
ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မူပဲ။
(ဆရာတော်ဦးဇောတိက)
(“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း”
စာအုပ်မှကောက်နှုတ်ချက် ဖြစ်ပါသည်။)
#မူရင်းpostတင်သူကိုလေးစားစွာကျေးဇူးတင်လျက်
#ပုညသိန်းနိုင်ponnyatheinnaing

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now