ဆ-40

0 0 0
                                    

ဆ-40
❝ သဘောထားကို ပြောင်းလိုက်ရင်
ဘဝပြောင်းသွားတယ် ❞
(၁)
ကိုယ့်စိတ်ထဲမှာ ရတနာတွေ ရှိတယ်။
အဲဒီရတနာတွေကို လိုချင်ရင်
ကိုယ့်စိတ်ကိုကိုယ်
မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတယ်။
ကိုယ့်ဘ၀မှာ...
အကောင်းဆုံးအရာတွေကို ရဖို့
အကောင်းဆုံးတွေဖြစ်လာဖို့ ဆိုတာ
ကိုယ့်စိတ်ကပဲ လုပ်ပေးနိုင်တယ်။
ကိုယ့်ဘ၀ကိုကိုယ် အဓိပ္ပါယ်ရှိရှိ
ပြည့်ပြည့်၀၀ ကျေကျေနပ်နပ် နေနိုင်အောင်
ကိုယ့်စိတ်က လုပ်ပေးနိုင်ပါတယ်။
လူတော်တော်များများဟာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့...
စွမ်းအားတွေ သတ္တိတွေ အရည်အချင်းတွေကို
မသုံးနိုင်ကြဘူး။
ဘာကြောင့် မသုံးနိုင်တာလဲဆိုတော့
အဲဒီရတနာတွေကို မမြင်ကြလို့ပဲ။
တချို့လူတွေဟာ...
ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတယ်။
ဖြစ်အောင် လုပ်နိုင်တယ်လို့ ယုံကြည်တယ်။
နည်းလမ်းကိုရအောင် ရှာနိုင်တယ်လို့
ယုံကြည်တယ်။
တချို့လူတွေကတော့ ဖြစ်ပါ့မလား။
မဖြစ်ရင် ဘယ့်နဲ့ လုပ်မလဲ?
ငွေတွေ ကုန်သွားမယ်။
မဖြစ်ရင် လူတွေက
ရီကြ၊ လှောင်ကြမယ်လို့ တွေးပြီး
မလုပ်ခင်ကပဲ မဖြစ်ဖို့ သေချာတယ်လို့
ယုံကြည်နေတယ်။
ဒီလိုတွေးတက်တဲ့ သူတွေဟာ
ဘာမှ တကယ်ဖြစ်အောင်
လုပ်နိုင်မှာ မဟုတ်ဘူး။
ရှေ့မတိုးရဲလို့ ရပ်နေတဲ့သူတွေ များပါတယ်။
လုပ်နိုင်တဲ့သူတွေ ဖြစ်လာအောင်
လေ့ကျင့်ရင် ရပါတယ်။
(၂)
လူတွေဟာ အားကိုးရာ မဲ့သလို
ခံစားနေရတယ်။ ဒါကြောင့်
အားကိုးရာကို လိုက်ရှာနေကြတယ်။
ဟိုလူ အားကိုး ဒီလူ အားကိုး၊
တန်ခိုးရှင်တွေ အားကိုးနဲ့
အားကိုးရာအစစ်ကို မတွေ့လို့
ယောင်လည်လည် ဖြစ်နေကြတာပဲ
များပါတယ်။
အားကိုးရာ အစစ်က
ကိုယ့်စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို
မသိကြဘူး။ ပြောရင်တောင်
တကယ်ယုံတဲ့သူက နဲပါတယ်။
ငါ့ကိုယျငါ
အားမကိုးလောက်ပါဘူးလို့ ထင်လို့
အမြဲတမ်း အားငယ်စိတ်နဲ့ နေကြရတယ်။
''အတ္တာဟိ အတ္တနော နာထော''
မိမိသည်သာလျှင် မိမိ၏ အားထားရာလို့
ဘုရားဟော ရှိသားနဲ့
ဘုရားဟောကို တကယ်မယုံကြလို့
ဘိုးတော်မယ်တော်တွေကို အားကိုးနေကြတာ။
အားကိုးရမယ့်သူကို ပြပါဆိုရင်
အပြင်ကလူတွေကို
လက်ညှိုးထိုးပြကြမယ့်သူ များတယ်။
ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြမယ့်သူ
တော်တော်နဲပါတယ်။
ကိုယ့်ကိုယ်ကို အားကိုးပါတယ်လို့
ပြောရမှာ ကြောက်တယ်။
တကယ်မှ မယုံကြပဲကိုး။
ကိုယ့်ကိုယ်ကို တကယ်အားကိုးလောက်တယ်၊
အားကိုးတယ်ဆိုရင်
ကိုယ့်ကိုယ်ကို အားကိုးပါတယ်လို့
ပြောရမှာ... ကြောက်စရာမလိုဘူး။
ရှက်စရာလည်း မလိုဘူး။
ကိုယ့်ကိုယ်ကို အားကိုးပါတယ်လို့
မပြောရဲသေးတဲ့သူဟာလည်း
တကယ်အောင်မြင်တဲ့သူ မဖြစ်နိုင်သေးဘူး။
ကိုယ့်စိတ်ကို ကိုယ်သိအောင်
လေ့ကျင့်ထားနိုင်ရင်
ကိုယ့်ကိုယ်ကို မယုံကြည်တဲ့အတွေးမျိုးတွေကို
တွေးတဲ့အခါ... အဲဒီအတွေးကို လက်မခံပဲ
ဖြစ်အေင်ကြိုးစားရင် ဖြစ်မယ်ဆိုတဲ့စိတ်ကို
မွေးလို့ရပါတယ်။
ဘယ်လောက်ပင်ပန်းပန်း
ဘယ်လောက်ကြာကြာ
ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ပဲ
စိတ်အားတွေ တက်လာပါတယ်။
(၃)
စား၀တ်နေရေး အဆင်ပြေဖို့၊
ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့၊
ကျန်းမာရေး အဆင်ပြေဖို့ ဆိုတာတွေဟာ
မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့
ကိစ္စတွေ မဟုတ်ပါဘူး။
လူဟာ ဥာဏ်ရှိတဲ့ သတ္တဝါဖြစ်ပါတယ်။
အစွမ်းအစတွေရှိတဲ့ သတ္တဝါဖြစ်ပါတယ်။
ကိုယ့်ဥာဏ်၊ ကိုယ့်အစွမ်းအစတွေကို
ထုတ်သုံးတဲ့အကျင့် ရှိဖို့ လိုပါတယ်။
မရမက ထုတ်လေ သုံးလေ ပိုထွက်လေပါပဲ။
မထုတ်ရင် မသုံးရင် မရှိဘူးလို့ ထင်ရတယ်။
ဒါပေမယ့် ရှိပါတယ်။
မမြင်ရလို့ မရှိဘူးလို့ ထင်ရတာပါ။
ဒါကြောင့်... ကိုယ့်ကိုယ်ကို
ငါဟာ အစွမ်းအစရှိတဲ့သူ
အရည်အချင်းရှိတဲ့သူ
ဝိရိယရှိတဲ့သူ ဥာဏ်ရှိတဲ့သူ ဖြစ်တယ်။
ငါ့အစွမ်းအစတွေကို ငါ့အရည်အချင်းတွေ
ငါ့ဝိရိယတွေ ငါ့ဥာဏ်တွေကို ပိုထုတ်ရင်
ပိုထွက်မယ်လို့... လေးလေးနက်နက်
လေးလေးစားစား ယုံကြည်ဖို့လိုတယ်။
ကိုယ့်အရည်အချင်းကိုကိုယ် မယုံရင်
အရည်အချင်း မထွက်နိုင်ဘူး။
ဒါဟာ ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့
စိတ်ရဲ့နိယာမပဲ။
ဒီနိယာမကို လက်မခံလို့ မရဘူး။
ယုံကြည်မှုရဲ့သဘာ၀ကို
လေးလေးနက်နက် နားလည်ဖို့
သိပ်အရေးကြီးတယ်။
ငယ်ငယ်ကတည်းက နားလည်ဖို့ လိုတယ်။
ကိုယ့်ကိုယ်ကို ယုံသလား မယုံဘူးလား?
ဒီမေးခွန်းကို ပြတ်ပြတ်သားသား ဖြေပါ။
မယုံရင်တော့ ဘာမှ ဆက်ပြောစရာ
မရှိတော့ဘူး။
စိတ်ရဲ့သဘာ၀က သူ့ကို မယုံရင်
သူဘာမှ ဖြစ်အောင် လုပ်မပေးနိုင်ဘူး။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now