ဆ-57
{ဆရာတော် ဦးဇောတိက၏ အသိပေးစကားစု}
ကြည်လင်နေတဲ့ ရေတစက်ဟာ လူသားတွေရဲ့ရင်ကို အေးမြစေသလို၊ ကြင်နာတတ်တဲ့ စကားတခွန်းဟာလည်း လူသားတွေရဲ့စိတ်ကို အေးချမ်းစေပါတယ်။
အမြဲမေတ္တာပို့ပါ ၊ ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီး အမြဲတမ်းမေတ္တာနဲ့နေရင် သာမာန်လူတွေထက် ကံနဲ့အရှိန်အဝါ မြင့်တယ်။ ဒါကြောင့် အမြဲမေတ္တာနဲ့ နေကြပါ။
အပြင်ပိုင်းကောင်းသလိုနဲ့ အတွင်းပိုင်း ပုပ်နေတဲ့ သစ်သီးတွေရှိသလို၊ လူမှာလည်း အပြင်ပိုင်းကောင်းသလိုနဲ့ အတွင်းပိုင်းပုပ်နေတဲ့လူတွေ ဒုနဲ့ဒေးရှိတယ်။
ခန္ဓာစုတာ မြေစာဖြစ်ဖို့၊ ပစ္စည်းစုတာ ထိုက်သူရဖို့၊ အကုသိုလ်စုတာ ဒုက္ခရဖို့၊ ကုသိုလ်စုတာ သုခရဖို့၊ တရားစုတာ နိဗ္ဗာန်ရဖို့။
စစ်မှန်တဲ့ဘဝ၊ မှန်ကန်တဲ့ဘဝ၊ အတုအယောင် မဟုတ်တဲ့ဘဝကို နေသွားဖို့နဲ့၊ သေတဲ့အခါမှာလည်း ဘာမှ ဟန်လုပ်တာ ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်း၊ အရှိအတိုင်း၊ သိပြီး သေဖို့က တကယ်ခက်ခဲ နက်နဲတဲ့ ဘဝပေး တာဝန်ဖြစ်ပါတယ်။
လေးနက်တဲ့ မြင့်မြတ်တဲ့ တန်းဖိုးထားတဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ အလုပ်ကို မလုပ်လို့ရှိရင် ဘဝကို တကယ်ကျေနပ်မှု မရနိုင်ဘူး။
ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီးတော့ သိပြီးတော့ ပြင်ပြီး နေသွားရတာ ဘဝမှာ ကျေနပ်စရာ အကောင်းဆုံးအလုပ်ပါ။ အားရစရာ အကောင်းဆုံး အလုပ်ပါ။
လူဟာ အများအကျိုးကို ဆောင်ရွက်မှ လည်းပဲ ကိုယ့်ဘဝကို ကိုယ် ကျေနပ်မှု ရနိုင်မယ်။
ကိုယ့်မှာ စိတ်နေသဘောထား၊ အသိဉာဏ် အတွေးအခေါ် မှန်ကန်သွားပြီဆိုရင် ဘဝဟာ တမျိုး အဆင်ပြေပြီး နေရတာ ပျော်လာတယ်။ ကိုယ့်လောကကြီး ပြောင်းပစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကို ကြည့်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ လွဲနေ မှားနေတဲ့ မသင့်တော်တဲ့ သဘောထားတွေကို သတိနဲ့သိနေပါ။
ဘဝကိုညံ့ဖျင်းသွားစေတဲ့ အရာတွေထဲမှာ သတိမပါ၊ ဉာဏ်မပါ ဖြစ်သလို နေတတ်၊ လုပ်တတ် တာဟာ ထိပ်ဆုံးက ပါနေတယ်။
ဘဝအတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘဝဆို တာ ကုန်သွားတယ်။
အရာရာတိုင်းကို တန်ဖိုးထားပြီးတော့၊ ကိုယ်နေရတဲ့ အချိန်လေးတွေကို တန်ဖိုးထားပြီးတော့၊ အခွင့်ထူးကြီးတခု ရနေသလို နေသွားမယ် ဆိုရင် အဲဒီလူရဲ့ ဘဝဟာ ဘယ်လောက် လေးနက် နေ မလဲနော်။
အကောင်းအဆိုး တွေ့ရသမျှ ဘဝအတွေ့အကြုံထဲက လေးနက်တဲ့ အသိအမြင်ကို ရမှသာ အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။ အကောင်းနဲ့တွေ့တဲ့အခါ မာနကြီးသွားမယ်။ အဆိုး နဲ့ တွေ့တဲ့အခါ စိတ်ဓာတ်ကျမယ် ဆိုရင် အတွေ့အကြုံဟာ ဘာမှ တန်ဖိုးမရှိတော့ဘူး။