ဆ-75

0 0 0
                                    

ဆ-75
လောကကို စိတ်က ဦးဆောင်တယ်
အမှားတစ်ခုက နေရာယူပြီး လမ်းပိတ်ထားလိုက်ရင်
အမှန်က နေရာ မရတော့ဘူး။
ပေါင်းပင်တွေ ထူလွန်းနေတဲ့နေရာမှာ
ပန်းမျိုးစေ့ကို ကျဲရင် ပေါက်လာတဲ့ ပန်းပင်တွေက
ပေါင်းပင်အောက်မှာ ညှပ်ပြီးနေတော့မယ်။
တကယ် သန်မှာ မဟုတ်ဘူး။
အပွင့်ကောင်းကောင်း ပွင့်မှာ မဟုတ်ဘူး။
လောင်းရိပ်ကို မဖယ်ပဲ ပေါင်းမရှင်းပဲ
အပင်စိုက်တဲ့သူဟာ တော်တော် ဥာဏ်နည်းတယ်လို့ ဆိုရမယ်။
ဒါပေမယ့် ကလေးတွေရဲ့ဘဝမှာ
သူတို့ ငယ်ငယ်လေးထဲက.မှားနေတဲ့ အယူအဆတွေကို ခေါင်းထဲ ထည့်ပေးလိုက်တာ ခံလိုက်ရတယ်။
ဆယ်နှစ်လောက် အရွယ်ရောက်ရင်
သူတို့ ခေါင်းထဲမှာ အမှားတွေ ပြည့်နေပြီ။
အဲဒီနောက်မှာ မှန်တာကို ပြောပြရင်
မှန်တာက နေရာ မရနိုင်တော့ဘူး။
ပေါင်းပင်တွေကို နှုတ်ပစ်မှ ဖြစ်မယ်။
အမြစ်တွယ်နေတဲ့ အပင်ကို နှုတ်လိုက်ပေမဲ့
အမြစ်ကျန်နေလို့ အမြစ်ကနေ ပြန်ပေါက်လာတယ်။
အမြစ်ပါ မကျန်အောင် နှုတ်ပစ်မှ ဖြစ်မယ်။
ဥယျာဉ်ထဲက ပေါင်းပင်တွေကို
နှုတ်ပစ်လိုက်ရင် ပန်းပင်တွေ စိုက်ဖို့
နေရာရတယ်။ ဒါကြောင့် ပေါင်းနှုတ်ကြပါ။
စိတ်ဆိုတာ ဥယျာဉ်နဲ့ တူပါတယ်။
ဒီနေ့ အကောင်းဆုံး စိတ်ထားနဲ့
လုပ်သင့်တာတွေကို လုပ်မယ်။
ငါဟာ စိတ်ကောင်းရှိတဲ့သူ ဖြစ်ရမယ်။
ဥာဏ်ရှိတဲ့သူ ဖြစ်တယ်၊
သဘာဝကျကျ တွေးတတ်သူ ဖြစ်တယ်။
မျှတတဲ့ သဘောထား ရှိသူ ဖြစ်တယ်။
အများအကျိုးကို ဆောင်ရွက်ချင်သူ ဖြစ်တယ်။
ကိုယ့်ဘဝ အစဉ်ပြေချင်ရင်
အဲဒီက စမှ ဘဲရမယ်နော် တခြားနေရာက စဖို့
စိတ်မကူးပါနဲ့။
သဘာဝမကျ ဘူး သဘာဝမကျရင်
ရေရှည် အဆင်မပြေနိုင်ဘူး။
အတွေးတိုင်းဟာ မျိုးစေ့တွေပဲ
စိတ်ဆိုတာ ဥယျာဉ်နဲ့တူပါတယ်။
ဒါကြောင့် အတွေးတွေကို သတိထားပါ။
မတွေးသင့်တာကို များများတွေးရင်
မကောင်းတဲ့ အပင်ကို ရေလောင်းနေတာနဲ့
တူတယ်။
မကောင်းတဲ့ မျိုးစေ့တွေ ကျလာရင်
မကောင်းတဲ့ အပင်ပေါက်မယ်။
ကောင်းတဲ့ မျိုးစေ့ကျလာရင်
ကောင်းတဲ့ အပင်ပေါက်မယ်။
ဒါကြောင့် နေ့စဉ် ဘယ်လိုမျိုးစေ့တွေ
ရောက်လာနေသလဲ ဆိုတာကို သတိထားဖို့
လိုတယ်။
မကောင်းတဲ့ အပင်ကို ရေမှန်မှန်လောင်းပြီး
မြေသြဇာ မှန်မှန်ပေးနေရင် မကောင်းတဲ့ အပင်က သန်လာမှာပဲ။
ကောင်းတဲ့အပင်ကို ရေမှန်မှန်လောင်းပြီး
မြေသြဇာ မှန်မှန်ပေးနေရင် ကောင်းတဲ့ အပင်က သန်လာမှာပဲ။
ဒါကြောင့် ဘာဘဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာနဲ့
တန်တဲ့ စိတ်ထားကို အရင်မွေးပါ။
စေတနာ မှန်မှန် သဘောထား မှန်မှန်
အသိအမြင်မှန်မှန်နဲ့ လုပ်မှပဲ ရေရှည် အဆင်ပြေပြီး စိတ်ချမ်းသာမယ်။
စေတနာ မမှန်တဲ့သူတွေ လုပ်ရပ် မမှန်တဲ့သူတွေ ခဏအစဉ်ပြေပြီး သိပ်မကြာခင်မှာ စိတ်ဆင်းရဲစရာတွေ အမျိုးမျိုးနဲ့.ရှုပ်ထွေးတဲ့ဘဝကို နေသွားရတာ မျက်မြင် ကိုယ်တွေ့ပဲ။
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးသ၍
စိတ်အေးချမ်းမှု မရှိနိုင်သေးဘူး ဆိုတာကိုတော့
လေးလေးနက်နက် သဘောပေါက်မှ ဖြစ်မယ်နော်။
သေသည်ထိအောင် တစ်သက်တာ
စိတ်အေးအေးချမ်းချမ်း နေသွားနိုင်မယ့်
စီမံကိန်း ရေးဆွဲပါ။
ခဏ အဆင်ပြေတဲ့နည်းဟာ အတိုးနဲ့ ပြန်ဆပ် ရတတ်တယ်။
ကိုယ့်စိတ်ကို ကိုယ်တကယ်ညာလို့ မရနိုင်ပါဘူး။
စိတ်ထားမကောင်းရင် စိတ်ချမ်းသာမှု
မရနိုင်ပါဘူး။
ဥာဏ်နည်းတဲ့သူဟာရုပ်ပိုင်းကို ဦးစားပေးတယ်။
ဥာဏ်ပညာ ရင့်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ်။
ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်သိတဲ့သူတွေကို
လေ့လာကြည့်ပါ၊
ဘယ်လိုလူမျိုးဟာ စိတ်အေးချမ်းသလဲ၊
ငွေ ၊ ဂုဏ် ၊ ရာထူး ၊ ပစ္စည်းဥစ္စာ ၊
ကျော်ကြားမှု စတဲ့ ပြင်ပတွေကို ဦးစားပေးတဲ့သူ
စိတ်ချမ်းသာမှု မရကြပါဘူး။
စိတ်ထား မကောင်းရင် စိတ်အေးချမ်းမှု
မရနိုင်ဘူးဆိုတာ အင်မတန်သေချာတဲ့ တရားပါ။
မလွဲပါဘူး။
စိတ္တေန နီယတိ လောကော =
လောကကို စိတ်က ဦးဆောင်တယ် လို့
ဘုရားဟောတာ ရာနှုန်းပြည့် မှန်ကန်ပါတယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
Credit.

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now