ဆ-51

0 0 0
                                    

ဆ-51
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)“ ကိုယ်ချင်းစာစိတ် “
ကိုယ်ချင်းစာနိုင်တာလည်းလူ့အရည်အချင်းတခုပဲ။ငါ ဘယ်လောက် ကိုယ်ချင်းစာနိုင်သလဲဆိုတာကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးပါ။“ငါ အတတ်နိုင်ဆုံး ကိုယ်ချင်းစာမယ်”ဆိုတာတခုကို လက်ကိုင်ထားကြည့်ပါ။
လူတယောက်ကို မြင်တာနဲ့“ ငါ #ကိုယ်ချင်းစာတော့မယ် “
ငါ့ကို အေးအေးဆေးဆေး,လေးလေးစားစား တန်ဖိုးထားပြီးတော့‌‌ပြောမယ်ဆိုမယ်, ဆက်ဆံမယ်ဆိုရင် ငါ ကြိုက်တယ်။ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်, ဒေါသနဲ့မပြောဘူး, ကိုယ်ချင်းစာပြီးတော့ ပြောမယ်, လေးလေးစားစား ပြောမယ်”ဆိုတဲ့ စိတ်နဲ့ပြောကြည့်,ဆက်ဆံရေးဟာ အများကြီး အဆင်ပြေလာနိုင်ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့စိတ်နေသဘောထားဟာ အင်မတန်မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။
ကိုယ်ချင်းစာလိုက်တာနဲ့ မြင့်မြတ်မှုဖြစ်သွားပြီ။ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ကိုဆက်ဆံလိုက်တာဟာသူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။ဒါဟာ ပစ္စည်းတခုကို ပေးတာမျိုးမဟုတ်ဘူး။
လူတယောက်ကိုပစ္စည်းတစ်ခုပေးတာနဲ့လေးလေးစားစားဆက်ဆံလိုက်တာနဲ့အင်မတန်ကွာပါတယ်။
ဆက်ဆံရေးမှာကိုယ့်ကိုယ်ကို ပေးလိုက်တာဟာသူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။ဒီအချက်ကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။အဓိပ္ပာယ်ကို သဘောပေါက်သလား။
လူတယောက်ကို ဆက်ဆံတဲ့နေရာမှာကိုယ်ချင်းစာပြီး လေးလေးစားစားဆက်ဆံလိုက်တာမိမိကိုယ်ကို ပေးလိုက်ခြင်းပဲ။ဒီထက်ပိုပြီး ဘာများပေးနိုင်အုံးမလဲ။ မပေးနိုင်တော့ဘူး။ဘယ်လောက် မြင့်မြတ်သွားပြီလဲဆိုတာ ကြည့်ပါ။
ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ ဆက်ဆံရင်အလိုအလျောက် သီလမြဲသွားပြီ။တချို့က သူတပါးအသက် သတ်ရင် နောက်ဘဝမှာဘယ်လို ဒုက္ခရောက်မယ်ဆိုပြီး ခြောက်လှန့်ရင် ကြောက်ပြီး မလုပ်ဖြစ်တော့ဘူးလို့ ထင်ကြတယ်။မလုပ်ဖြစ်တာတော့ ကောင်းပါတယ်။ဒါပေမယ့် ကိုယ့်မှာပြန်ပြီး ဒုက္ခရောက်မှာကိုကြောက်ပြီး မလုပ်ဖြစ်တာနဲ့ သူ့ကို ကိုယ်ချင်းစာပြီး “သူလည်း ငါ့လို သေရမှာကြောက်တာပဲ, ငါလည်းပဲ သေမှာကြောက်တယ်, ငါ့ကို ထိခိုက်အောင်လုပ်တာ ငါမကြိုက်ဘူး, ဒါကြောင့် သူ့ကို ထိခိုက်အောင် မလုပ်ဘူး”ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မလုပ်တာက ပိုပြီး မြင့်မြတ်ပါတယ်။ထို့အတူ တခြားသီလတွေ တစ်ခုချင်းဆီကိုလည်း ဒီလို ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ပါ။ကိုယ်ချင်းစာနာစိတ်တခုကို လက်ကိုင်ထားရင်ကိုပဲအင်မတန် မြင့်မြတ်တဲ့သူတယောက် ဖြစ်နေပါပြီ။
မေတ္တာ, ကရုဏာနဲ့ ဆက်ဆံမယ်ဆိုရင်လည်း ထို့အတူပါပဲ။ သူတပါးက ကိုယ့်ကို မေတ္တာထားတာကို သိပ်လိုချင်သလို ကိုယ်ကလည်း သူတပါးကို မေတ္တာထားပါ။ လူတိုင်းဟာ မေတ္တာကို အလိုရှိကြတယ်။ မိဘဆီက မေတ္တာကို လိုချင်တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက မေတ္တာကို လိုချင်တယ်။ မေတ္တာများများရရင် စိတ်ပိုအေးချမ်းတယ်။ စိတ်ထဲမှာလုံခြုံတယ်, စိတ်ချတယ်, ဘေးအန္တရာယ်ကင်းတဲ့ စိတ်မျိုးဖြစ်တာလည်း မေတ္တာနဲ့မှ ဖြစ်နိုင်တယ်။
ပစ္စည်းဥစ္စာရှိတဲ့လူတွေကအိမ်ကို ကွန်ကရစ်နဲ့ဆောက်မယ်,သံတံခါးကြီးတွေတပ်မယ်, သော့ခတ်ထားမယ်,အိမ်ပတ်ဝန်းကျင်မှာ အုတ်တံတိုင်းအမြင့်ကြီးတွေ ခတ်ထားမယ်, အိမ်ထဲမှာ အစောင့်တွေထားမယ်။ လုံခြုံပြီလားဆိုတော့ မလုံခြုံသေးဘူး။ မလုံခြုံမှုက ရှိနေသေးတယ်။ အကယ်၍ မေတ္တာသာထားလိုက်မယ်ဆိုရင် အများကြီး လုံခြုံမှုဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က တကယ် လှိုက်လှိုက်လှဲလှဲ မေတ္တာထားနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို လုံခြုံမှုဖြစ်လာတယ်။
ကိုယ့်ကိုယ်ကို မလုံခြုံတဲ့သဘော,စိတ်မချတဲ့သဘော, စိတ်မအေးတဲ့သဘောဟာ အမှန်မှာ မေတ္တာကင်းမဲ့လို့ ဖြစ်တာပဲ။လူတွေဟာ မေတ္တာကင်းလေလေ မလုံခြုံမှုက ပိုများလေလေပဲ။ ကိုယ်ကိုယ်တိုင်က သူတပါးကို မချစ်တတ်, မခင်တတ်, မယုံကြည်တတ်တဲ့သူဟာသူတပါးကလည်း ကိုယ့်ကိုချစ်လိမ့်မယ်, ခင်လိမ့်မယ်လို့ မယုံဘူး။
တကယ် လုံခြုံမှုဆိုတာဟာ ပစ္စည်းဥစ္စာမှာ မရှိဘူး။ မေတ္တာမှာပဲ ရှိတယ်။
ကိုယ့်ကို လူတယောက်ကလိမ်ညာတာ, ဟန်လုပ်တာ မပါဘဲနဲ့အရိုးသားဆုံး, အပွင့်လင်းဆုံး ဆက်ဆံမယ်ဆိုရင်စိတ်ထဲမှာ အင်မတန် အေးချမ်းတယ်။အဲဒါကြောင့် ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာစိတ်ကို အေးချမ်းစေတယ်။ ကျေနပ်မှု, ကြည်လင်မှု အများကြီးရစေတယ်။
လူတယောက်နဲ့ စကားပြောတဲ့အခါငါ့ကို လိမ်နေတာလားလို့တွေးနေရင် ဆက်ဆံရတာ အားမရှိတော့ဘူး။ ကျေနပ်မှု, အေးချမ်းမှု မရတော့ဘူး။ပရိယာယ်မသုံးဘဲနဲ့ ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတယောက်ကို ကိုယ်ကပေးနိုင်တဲ့အကောင်းဆုံးအရာတခု ဖြစ်တယ်။ငါ သူ့ကို အကောင်းဆုံးတခု ပေးမယ်ဆိုရင်ဘာပေးမလဲ, ပစ္စည်းပေးမလား, ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကို ပေးမှာလား စဉ်းစားသင့်တယ်။ ဒါတွေဟာ လူတွေမှာရှိတဲ့ အကောင်းဆုံး အရာတွေပဲ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)“ဘဝဆိုတဲ့ ကျောင်း”စာအုပ်မှcredit :

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now