ဆ-73
🎀 ဘာကိုတန်ဖိုးထားရမလဲ 🎀
💦 ရိုးသားဖို့ သတ္တိ 💦
🌜ရင်ထဲမှာရှိနေတာကတခြား၊ ပြောနေဆိုနေ လုပ်နေကိုင်နေတာ၊ သူများမြင်အောင်ပြနေတာကတခြားဆိုရင် သတ္တိရှိတဲ့သူ မဖြစ်နိုင်ဘူး။🌛
🌾🌾🌾
ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲ ခရီးသွားနေတဲ့သဘောမျိုးဆိုတာ ရှိတယ်။ မသိသေးတဲ့အကြောင်းအရာတွေ မသိသေးတဲ့နယ်ပယ်တွေကို သိအောင်လုပ်နေတယ်။ အဲဒီလို ကိုယ့်အတွင်းမှာသွားနေရတဲ့ခရီးမှာ ရှေ့ဆက်သွားနိုင်ဖို့ဆိုတာ သတ္တိအများကြီးလိုတယ်နော်။ ဒါကြောင့် တချို့လူတွေကိုကြည့်မယ်ဆိုရင် ဘယ်မှခရီးမသွားဘူး။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ သတ္တိရှိရှိ ရိုးရိုးသားသား "ငါ ဘာကိုသိသလဲ၊ ငါ ဘာကိုလိုချင်သလဲ၊ ငါသိတဲ့အမှန်တရားနဲ့ ငါနေနေတဲ့ဘဝနဲ့ဟာ ထပ်တူဖြစ်ရဲ့လား" ဆိုတာမျိုးတွေကို ဝေဖန်ဆန်းစစ်နေတယ်၊ ကြည့်နေတယ်။
🌾🌾🌾
အပြင်ပ ရုပ်ပိုင်းဆိုင်ရာလွတ်လပ်မှုတစ်ခုရဖို့ကို ရင်ဆိုင်တိုက်ပွဲမျိုးတိုက်နိုင်တာထက် အတွင်းမှာတကယ်လွတ်လပ်တဲ့လူ၊ တကယ်သတ္တိရှိတဲ့လူဖြစ်ဖို့၊ အတွင်းမှာကိုယ်တကယ်သိချင်တာကို သတ္တိရှိရှိသိရဲတဲ့သူ၊ သိအောင်လုပ်နိုင်တဲ့သူဖြစ်ဖို့ဆိုတာက သတ္တိ ပိုလိုအပ်ပါတယ်။ တစ်ခါတရံမှာ အသက်စွန့်ပြီးတော့ တစ်ခုခုကိုလုပ်လိုက်တာမျိုးဆိုတာက လုပ်ဖို့လွယ်သေးတယ်လို့ ပြောလို့ရသေးတယ်။ အလွယ်ဆုံးတော့မဟုတ်ပေမယ့် လွယ်သေးတယ်လို့ ပြောလို့ရသေးတယ်။ ရုတ်တရက်ကြားလိုက်ရရင်တော့ ထူးဆန်းနေမယ်။ အဲဒါဘာလဲဆိုတော့ ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ (growth in freedom) လွတ်လပ်မှုဘက်ကို တဖြည်းဖြည်းတိုးသွားနေတာ၊ ရှေ့တိုးသွားနေတာ၊ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့လွတ်လပ်တဲ့သူဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်လောက်တယ်။ အကြီးမားဆုံးသတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူမမြင်နိုင်ဘူး။ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲဖြစ်နေတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့လွတ်လပ်တဲ့သူဖြစ်လာဖို့ မှန်မှန်လေးရှေ့တိုးသွားနေတာက အင်မတန်ကြီးမားတဲ့သတ္တိ လိုတဲ့အလုပ်ဖြစ်တယ်။
🌾🌾🌾
ရိုးသားမှုရှိဖို့ဆိုတာ သတ္တိ အင်မတန်လိုပါတယ်။ ကိုယ်ကျင့်တရားရှိဖို့ဆိုတာလည်း သတ္တိ အင်မတန်လိုပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ စမ်းစစ်ဖို့သင့်တယ်။ ကိုယ့်စိတ်ထဲက တကယ်ယုံကြည်ချက် မရှိဘဲနဲ့၊ တကယ်ရင်ထဲက လှိုက်လှိုက်လှဲလှဲဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့ အများကျေနပ်အောင် အများအထင်ကြီးအောင် တစ်ခုခုကိုဟန်လုပ်ပြီးတော့ လုပ်နေရတာ၊ နေပြရတာ ကိုယ့်ရဲ့စစ်မှန်တဲ့သတ္တိကို လမ်းပိတ်လိုက်သလိုဖြစ်တယ်။
🌾🌾🌾
ကိုယ်ဘာကိုတကယ်ယုံကြည်သလဲဆိုတာ မသိတဲ့သူ၊ ကိုယ်ဘာကိုယုံကြည်တယ်ဆိုတာ မသိတဲ့အတွက် ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်အတွက်နဲ့ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့သူမဖြစ်လို့ရှိရင် စစ်မှန်တဲ့သတ္တိရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။ ကိုယ့်ရဲ့အစွမ်းအစတွေ ကိုယ့်ရဲ့သတ္တိတွေ ကိုယ့်ရဲ့အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲဆိုတာကိုမသိဘဲနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုဖြစ်စေချင်တဲ့ပုံစံမျိုး ဖြစ်ပေါ်လာအောင်၊ သူတို့ကျေနပ်အောင်၊ ကြောက်လို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ရဲ့အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့သတ္တိရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။ တန်ဖိုးရှိတဲ့အလုပ်တစ်ခုခုကို သူတကယ်မလုပ်ရသေးခင်မှာကိုပဲ သူ့ရဲ့သတ္တိဆိုတာက အနှစ်မရှိတဲ့အရာ အဆန်မရှိတဲ့အရာ ဖြစ်နေတယ်။ အပေါ်ယံဟန်ပဲ ဖြစ်နေတယ်။ တန်ဖိုးရှိတဲ့အလုပ်တစ်ခုခုကို လုပ်ဖို့ရာအတွက် တကယ့်အရင်းခံအကြောင်းတရားက သူ့ရင်ထဲမှာမရှိဘူး။
🌾🌾🌾
တစ်ခုခုကိုလုပ်တဲ့အခါမှာ "ဘာဖြစ်လို့လုပ်တယ်" ဆိုတဲ့ အရင်းခံအကြောင်းတရားက ကိုယ့်ရင်ထဲကမှမလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိမလုပ်နိုင်ဘူး။ ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့လိုတယ်။ အရောင်းအဝယ်တစ်ခုခု လုပ်မယ်ဆိုရင်လည်း သတ္တိရှိဖို့လိုတာပဲ။ ငါ ရိုးရိုးသားသားရောင်းမယ် ဝယ်မယ်ဆိုရင်ကိုပဲ သတ္တိအများကြီး လိုတယ်။ ငါ့ရဲ့အရောင်းအဝယ်လုပ်ငန်းနဲ့ ငါ့ပတ်ဝန်းကျင်ကို အကျိုးပြုမယ်ဆိုတဲ့စိတ်နဲ့ လုပ်နိုင်ဖို့ သတ္တိအများကြီးလိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရားအမြတ်များများရဖို့ မကြိုးစားပဲ သင့်ရုံလောက်အမြတ်ရရင် တော်ပြီဆိုတဲ့စိတ်မျိုးထားနိုင်ဖို့ သတ္တိလိုတယ်။
🌾🌾🌾
ဘယ်လိုအလုပ်ပဲလုပ်လုပ် ကိုယ့်ရင်ထဲမှာရှိနေတာနဲ့ ကိုယ်အပြင်မှာ ပြောနေဆိုနေလုပ်နေတာနဲ့ဟာ (congruent) ထပ်တူဖြစ်မှသာ သတ္တိရှိတဲ့လူလို့ ပြောလို့ရမယ်။ ရင်ထဲမှာရှိနေတာကတခြား ပြောနေဆိုနေ လုပ်နေကိုင်နေတာ၊ သူများမြင်အောင်ပြနေတာကတခြားဆိုရင် သတ္တိရှိတဲ့သူမဖြစ်နိုင်ဘူး။ ကိုယ်ဘာကို တကယ်လုပ်ချင်သလဲ။ ကိုယ်ဘာကို တကယ်တန်ဖိုးထားသလဲဆိုတာကို မသိရင်တော့ ဘယ့်နှယ့်နေမလဲ။ ဘာကိုလုပ်ချင်မှန်းမှမသိသူကတော့ သတ္တိရှိတဲ့သူမဖြစ်နိုင်ဘူး။ ကိုယ်ဘာကိုတန်ဖိုးထားသလဲဆိုတာကိုမှ မသိရင်တော့ သတ္တိရှိတဲ့သူမဖြစ်နိုင်ဘူး။
🌾🌾🌾
ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေရှိသလဲ၊ ကိုယ့်ပင်ကိုယ်အရည်အချင်းတွေဟာ ဘာလဲဆိုတာ သိဖို့လိုတယ်။ ကိုယ့်ရဲ့ပင်ကိုယ်ဖြစ်တဲ့ အရည်အသွေးတွေ အစွမ်းအစတွေဟာ ဘာလဲဆိုတာကို ကိုယ့်ဟာကိုယ်သိပြီးတော့၊ အဲဒီ ကိုယ့်ရဲ့အရည်အချင်းတွေ ကိုယ့်ရဲ့အစွမ်းအစတွေပေါ်မှာ ကိုယ့်ဟာကိုယ် confidence ရှိဖို့ လိုတယ်။ ယုံကြည်မှုရှိဖို့ လိုတယ်။ အဲဒီလိုယုံကြည်မှုရှိပြီးတော့ "ဟောဒါက ငါ့ရဲ့ပင်ကိုယ်အရည်အချင်း၊ ဟောဒါက ငါ့ရဲ့ပင်ကိုယ်သဘောထား၊ ဟောဒါက ငါ တကယ်လုပ်ချင်တဲ့အလုပ်၊ ဒါကို ငါတကယ်လုပ်မယ်၊ ဒါကိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိ ငါ့မှာရှိတယ်။" လို့ ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိရမယ်။ အဲဒီလိုရှိမှသာ သတ္တိဆိုတာတိုးပွားလာတယ်။
🌾🌾🌾
ဒါကြောင့် ကိုယ့်အရည်အချင်းကို ကိုယ်မယုံကြည်တဲ့သူဟာ သတ္တိရှိတဲ့သူမဖြစ်နိုင်ဘူး။ သူ့ရဲ့သတ္တိဟာ မတိုးပွားလာနိုင်ဘူး၊ ကိုယ့်မှာ ဘယ်လိုအင်အားတွေ ဘယ်လိုအရည်အချင်းတွေ ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲဆိုတာသိရမယ်။ ကိုယ့်အစွမ်းအစ၊ ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ရမယ်။ အဲဒီလိုယုံကြည်မှုမှာအခြေခံပြီးတော့ ကိုယ့်ဘဝကိုကိုယ် နေသွားရမယ်။ ကိုယ်တန်ဖိုးထားတာကို လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ နေသွား လုပ်သွားမှသာ သတ္တိဆိုတာ တစ်နေ့တခြား တိုးပွားလာနိုင်တယ်။
ဒါကြောင့် ကလေးတွေကို သူတို့ရဲ့ပင်ကိုယ်အရည်အချင်းတွေကို သူတို့သိအောင်၊ သူတို့ရဲ့ပင်ကိုယ်အရည်အချင်းတွေကို သူတို့ယုံကြည်မှုရှိအောင် သူတို့ကိုပြုစုပေးရမယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုနည်းသွားအောင်၊ သူတို့ရဲ့ပင်ကိုယ်အရည်အချင်းကို သူတို့ဖော်ခွင့်မရအောင် ပိတ်ပင်တားဆီးထားပြီးတော့ တစ်စုံတစ်ယောက်က သူတို့နဲ့မကိုက်ညီတာတွေကို အတင်းအကြပ်လုပ်ခိုင်းမယ်ဆိုရင် အဲဒီလူဟာ သူ့ကိုယ်သူယုံကြည်မှုဆိုတာကို ရလာမှာမဟုတ်တော့ဘူး။ သူ့မှာ ဘာအရည်အချင်းတွေရှိနေတယ်ဆိုတာကို သူသိမှာမဟုတ်တော့ဘူး။ အဲဒီလို သူ့အရည်အချင်းကိုသူမသိတဲ့သူ၊ သူ့ကိုယ်သူမယုံကြည်တဲ့သူဟာ သူများခိုင်းတာကိုလုပ်ရမယ်ဆိုရင် ခိုင်းတဲ့လူရဲ့ကျေနပ်မှုကို ဦးစားပေးပြီးတော့ သူဟန်လုပ်ပြီးတော့ လုပ်ပေးမှာဘဲ။ ဒါပေမယ့် သူ့ရဲ့အစွမ်းအစတွေကို အကုန်လုံးထုတ်ပြီးတော့ သုံးမှာမဟုတ်ဘူး။ သုံးခွင့်မှ မရဘဲ။ အဲဒီလို သူများအကြိုက်အတိုင်း ဟန်လုပ်ပြီးတော့နေပြနေရတဲ့သူဟာ သတ္တိရှိတဲ့သူဖြစ်မလာဘူး။ လုပ်ရတာကိုလည်း တကယ်ကျေနပ်မှုရမှာ မဟုတ်ဘူး။⚡️⚡️⚡️
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧ဘာကိုတန်ဖိုးထားရမလဲ💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖page 241-248📖