ဆ-46

0 0 0
                                    

ဆ-46
“ တရားမျှတမှု ”
••••••••••••••••••••
တရားမျှတမှု ဆိုတာ လူတိုင်း ရထိုက်တဲ့ အရာ ဖြစ်တယ်။
ငါ တောင်းဆိုတာ “တရားမျှတမှု” ပါပဲ။
လူများစုဟာ အတုအရောင် ဂုဏ်သိက္ခာနဲ့ နေကြတယ်။
ပစ္စည်းဥစ္စာ ချမ်းသာတာကို ဂုဏ်သိက္ခာလို့ ပြောကြတယ်။
ရာထူးကြီးတာကို ဂုဏ်သိက္ခာလို့ ပြောကြတယ်။
အဲဒါတွေဟာ အတုအရောင် ဂုဏ်သိက္ခာ တွေပါ။
လွတ်လပ်မှု၊ရိုးသားမှု၊တရားမျှတမှု မရှိဘဲ
စစ်မှန်တဲ့ ဂုဏ်သိက္ခာ ဆိုတာ မရှိပါဘူး။
မတရားတာ မမျှတတာတွေကို လုပ်တဲ့သူတွေ
များနေရင် တရားမျှတမှု မရှိတဲ့
အသိုင်းအဝိုင်း ဖြစ်နေမယ်။
တရားမျှတမှု မရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်မှု
ရှိတဲ့ အသိုင်းအဝိုင်း ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။
● မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။
● ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာမဟုတ်ဘူး။
● တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအဝိုင်းဟာ
ဂုဏ်သိက္ခာ ရှိတဲ့ အသိုင်းအဝိုင်း မဖြစ်နိုင်တော့ဘူး။
တရားမျှတမှု မရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့
အသိုင်းအဝိုင်းမှာ နေရတဲ့သူဟာ စိတ်အေးချမ်းမှု
ဘယ်လိုလုပ် ရနိုင်တော့မလဲ။
လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ်
လုပ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်တဲ့
အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။
မလွတ်လပ်တဲ့ အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာ ရှိတဲ့
အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။
တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ
ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ ဒီ
(human values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့
လူ့အသိုင်းအဝိုင်း မဖြစ်သေးဘူး။
မတရားတာ၊မမျှတတာကို လက်မခံသင့်ဘူး။
မတရားတာ၊မမျှတတာကို လက်ခံရင်
အားပေးရာရောက်ပါတယ်။
မတရားတာကို မြင်ရ ကြားရရင် “ မတရားဘူး ” လို့
ကိုယ့်ကိုယ်ကို အရင် ပြတ်ပြတ်သားသား ပြောပါ။
နောက် ကိ်ုယ့်မိတ်ဆွေ တယောက်ယောက်ကို ပြောပါ။
မတရားတာကို တွေ့ရ ၊ကြားရပါလျက် ဘာမှ မပြောဘဲနေရင်
ကိုယ့်ကိုယ်ကို ကိုယ် လေးစားမှု လျှော့သွားမယ်။
ကိုယ့်ကိုယ်ကို ကိုယ် အလိုတူ အလိုပါ လို့ ခံစားရမယ်။
ဒါကြောင့် မတရားတာကို မြင်ရ၊ကြားရ တဲ့အခါ
မသိဟန် ဆောင်မနေပါနဲ့။
တရားမျှတတယ် ဆိုတာ လူတိုင်းရဲ့ ဝတ္တရား ဖြစ်ပါတယ်။
မတရားတာကို လုပ်နေတဲ့ သူဟာ လူ့ကျင့်ဝတ်၊
လူ့ဝတ္တရား ပျက်ကွက် နေတဲ့သူ ဖြစ်တယ်။
သူဟာ “ဂုဏ်သိက္ခာ မရှိတဲ့သူ” ဖြစ်နေတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အသိုင်းအဝိုင်းမှာ နေချင်ရင်၊
စိတ်ချမ်းသာချင်ရင်၊ ဂုဏ်သိက္ခာရှိရှိ နေချင်ရင်
လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကာကွယ်ရမယ်။
ဘာသာရေး အယူအဆပဲ ဖြစ်ဖြစ်၊
နိုင်ငံရေး အယူအဆပဲ ဖြစ်ဖြစ်၊
အယူအဆ တခုကိုမှီပြီး
“အာဏာ(သို့မဟုတ်)ပစ္စည်း၊ငွေ” ရနေတဲ့သူဟာ
အဲဒီ အယူအဆကို လက်မလွှတ်နိုင်ဘူး။
ဒီ အယူအဆကို မှီပြီး ကိုယ်ကျိုးရှိအောင် လုပ်နိုင်ရင်
ဒီ အယူအဆကို လက်မလွှတ်နိုင်ဘူး။
တကယ်တော့ “ကိုယ်ကျိုး” ကို အဓိက ထားတာပါ။
“အမှန်တရား” ကို အဓိက ထားတာ မဟုတ်လို့ပဲ။
အမှန်တရားကိုသာ အဓိကထားရင် ကိုယ့်အယူအဆနဲ့
မတူတာကို ကြားရရင် သူမှန်သလား၊ကိုယ်မှန်သလား
ဆိုတာကို ဘက်မလိုက်ပဲ အချိန်ယူပြီး စုံစမ်းရမယ်။
တဖက်သတ် ဆုံးဖြတ်ချက် မချဘူး။
အမှန်တရားနဲ့ တရားမျှတမှုကို တကယ်လိုလားတဲ့သူဟာ
တဖက်သတ် သဘောထားကို လက်မခံဘူး။
လက်ကိုင်မထားဘူး။ သဘောထား မတူတာ၊
အမြင်မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး
အမျှတဆုံး အဖြေ၊အကောင်းဆုံး အဖြေကို
မရမချင်း ရှာနေမယ်။
ကိုယ့်ကိုယ်ကို ကိုယ် တကယ် လေးစားတဲ့သူ၊
တန်ဖိုးထားတဲ့သူ၊ယုံကြည်တဲ့သူဟာ အလကား မလိုချင်ဘူး။
တန်ရာတန်ကြေး ပေးပြီးမှ လိုချင်တယ်။
ခိုင်းပြီး တန်အောင် မပေးတဲ့သူနဲ့ ၊တန်အောင် မလုပ်ဘဲ
များများ လိုချင်တဲ့ သူတွေဟာ လူ့အသိုင်းအဝိုင်းကို
ဖျက်ဆီးတဲ့သူတွေပဲ။ နည်းနည်းပေးပြီး များများလိုချင်တဲ့
စိတ်ဟာ တရားမျှတမှုကို တန်ဖိုး မထားတဲ့ စိတ် ဖြစ်တယ်။
တရားမျှတမှုကို တန်ဖိုး မထားတဲ့သူဟာ လွတ်လပ်တဲ့သူ
မဖြစ်နိုင်ဘူး။ အဲဒီတော့ တန်အောင် မလုပ်ဘဲနဲ့ များများ
လိုချင်တဲ့သူဟာ အောင်မြင်တဲ့သူ၊လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။
တန်အောင်မလုပ်ဘဲ၊များများ လိုချင်တာ ကိုယ့်ကိုယ်ကို
ကိုယ် မယုံကြည်တဲ့လူရဲ့ သဘောထား ဖြစ်တယ်။
ကိုယ့်ကိုယ်ကို ကိုယ် မယုံကြည်တဲ့သူဟာ အောင်မြင်
ကြီးပွားတဲ့သူ မဖြစ်နိုင်ဘူး။
အကြောင်းအကျိုး သဘာဝကျအောင် စဉ်းစားတတ်၊
လုပ်တတ်တဲ့ သူမှာ အနစ်နာ ခံရတဲ့သူ၊
အနိုင်ယူတာ ခံရတဲ့သူ မရှိဘူး။
ငါ့အကျိုး ရှိရင် ၊သူ့အကျိုး ထိခိုက်တယ် ဆိုတာလည်း မရှိဘူး။
အကြောင်းအကျိုး သဘာဝကျအောင် စဉ်းစားတတ်၊
လုပ်တတ်တဲ့သူဟာ ထိုက်တန်အောင် မလုပ်ရဘဲ
ရတာကို မလိုချင်ဘူး။
ငါ လိုချင်တာ ရဖို့ တန်ရာတန်ကြေးကို ပေးမယ်
ဆိုတဲ့စိတ်ကို ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်မှာ သတ္တိတမျိုး ဖြစ်လာမယ်။
စွမ်းအားတမျိုး ဖြစ်လာမယ်။
“တန်ရာတန်ကြေး မပေးဘဲ၊ဘယ်သောအခါမှာမှ
ရအောင် မလုပ်ပါဘူး။ ဂုဏ်သိက္ခာရှိရှိ ရတာကလွဲလို့
တခြားနည်းနဲ့ ရတာကို ဘယ်တော့မှ မလိုချင်ပါဘူး။
ကိုယ့်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး”
လို့ ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ဆုံးဖြတ်လိုက်ရင်
အဲဒီစိတ်ဓာတ်က ကိုယ်လိုချင်တာ ရအောင်
ကောင်းတဲ့လုပ်နည်းကို ပေးပါလိမ့်မယ်။
ကိုယ်လိုချင်တာ ရအောင် ကိုယ့်ကို လုပ်ပေးနိုင်တာ
ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အရည်အချင်း ပါပဲ။
ဒီစိတ်ဓာတ်ဟာ “လွတ်လပ်တဲ့သူရဲ့ စိတ်ဓာတ်” ပဲ။
စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊နိုင်ငံရေး၊
အိမ်ထောင်ရေး၊ နောက် တခြားအရေး တွေပါ ထည့်လိုက်အုံး။
ဒါတွေကို တစ်ကဏ္ဍစီ ထားပြီတော့ လုပ်လို့ မဖြစ်နိုင်ဘူး။
ဒါတွေ အားလုံးဟာ တခုတည်းသော ခိုင်မာတဲ့၊
လေးနက်တဲ့၊ ရင့်ကျက်တဲ့ ရိုးသားမှု၊ မျှတမှု ဆိုတဲ့
သဘောထားပေါ်မှာ အခြေခံရမယ်။
အောက်ခြေ foundation အုတ်မြစ်ဟာ တစ်ခုတည်းပဲ။
ရိုးသားမှု၊မျှတမှု foundation ပဲ။
ဘဝတစ်ခုလုံးရဲ့ foundation ဟာ
spiritual foundation ပဲ ဖြစ်ရမယ်။
“ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူ
ဖြစ်နေပြီ။ ငါ့ဘဝဟာလည်း မရေရာဘူး၊
ငါ့ဆက်ဆံရေးတွေဟာလည်း မရေရာဘူး၊
ငါ့ဘာသာရေးဟာလည်း မရေရာဘူး။”
ဒါကို လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။
ဒါ အရေးကြီးတယ်။ ငါ ဘာကို တန်ဖိုးထားနေသလဲ
ဆိုတာ သေသေချာချာ ကြည့်ပါ။
“ဟောဒီ သဘောထားကိုတော့ ငါ ဘယ်တော့မှ
အပျက်မခံဘူး။ သေချင်ရင် သေသွား ပါစေတော့”
ဆိုတဲ့ ခံယူချက် ရှိရမယ်။
● လူ့သဘာဝမှာ “ဟီရိ ၊ ဩတ္တပ္ပ” ဆိုတဲ့
ရှက်တတ် ကြောက်တတ်တဲ့ စိတ်ဟာ ရှိပါတယ်။
မွေးရာပါစိတ် ဖြစ်ပါတယ်။
တရားကို သဘောပေါက်တဲ့သူမှာ အဲဒီစိတ်က
သိပ်အားကြီးတယ်။
ဘယ်တော့မှ “မကောင်းတာ၊မမှန်တာ၊မရိုးသားတာ” ကို
မလုပ်ဘူး။ မသိလို့ လုပ်မိရင် အမြန်ဆုံး ဝန်ခံတယ်။
အဲဒီအချက်ကို ကြည့်ရင် စိတ်ဓာတ် အဆင့်အတန်း
မြင့်တဲ့သူ၊အသိဉာဏ် အဆင့်အတန်း မြင့်တဲ့သူတွေဟာ
အရှက်အကြောက် ပိုပြီး ကြီးတယ်လို့ ဆိုနိုင်တယ်။
အသိဉာဏ် အဆင့်အတန်း နိမ့်သေးတဲ့ သူဟာ
အရှက်အကြောက် နည်းတယ်လို့ ဆိုနိုင်တယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
“တွေးမိတိုင်းပျော်တယ်”မှ- ကူးယူ
ပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now