ဆ-42

0 0 0
                                    

ဆ-42
💢☝လောကကိုအကျိုးပြုလိုခြင်း☝💢
ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး အဆင့်အတန်းမြင့်တဲ့ စိတ်နေ သဘောထားနဲ့ အသိဥာဏ် ရှိတဲ့ လူသားတယောက် ဖြစ်အောင် မြှင့်လိုက်ခြင်း အားဖြင့် လောကကြီး တခုလုံးကို အကျိုးပြုလိုက်တာပဲ။ ကိုယ့်ကိုကိုယ် နည်းမျိုးစုံနဲ့ အဖက်ဖက်က ပိုကောင်းအောင် ကြိုးစားနေတာ၊ အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊ လုပ်ရည်ကိုင်ရည် ပိုကောင်းအောင် ကြိုးစားနေတာ၊ ပိုပြီး ဥာဏ်ပညာ ရင့်ကျက်တဲ့သူ ဖြစ်အောင် ကြိုးစားတာဟာ တလောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။
👏 👏 👏
အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို ကိုယ်သိထားတဲ့ အသိဥာဏ်ပေါ်မှာ အခြေခံပြီးတော့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေနဲ့ အကောင်းဆုံး အသိဥာဏ်တွေကို ထုတ်ပြီးတော့ ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကို အားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။ အဲဒီလိုလူဟာ လောကကို အကျိုးပြုတယ်။ ကိုယ့် choice နဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံး နေသွားနိုင်တဲ့ လူဟာ လောကကြီးကိုလည်း အများဆုံး အကျိုး ပြုတဲ့လူ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုက လောကကြီးရဲ့ အကျိုးကို ဆောင်ရွက်ပြီးသား ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းထဲက ကောင်းကျိုး များများရချင်ရင် အဲဒီ လူ့အသိုင်းအဝိုင်း ကို ကောင်းအောင် ပြုစုရတယ်။
လောကမှာ ကြွားရရုံ သဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူ မဖြစ်နိုင်ဘူး။ ရိုးသားမှု အပြည့်နဲ့ ကိုယ့်ရဲ့ တကယ့် အရည်အချင်း တကယ့် စိတ်စေတနာတွေကို ဖေါ်ထုတ်ပြီးတော့ အသုံးချနေတဲ့ သူသာလျှင် လူ့လောကကို တကယ် အကျိုးပြုတဲ့လူ ဖြစ်မယ်။ အဆင့်မြင့်တဲ့ ခံယူချက် ရှိမှ၊ ပြတ်သားတဲ့ မူ ရှိမှ၊ ရိုးသားမှု ရှိမှ၊ အများ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။
👏 👏 👏
ငါမသေချင်သေးဘူး။ ငါမသေချင်သေးဘူး ဆိုတာက အသက် မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါ လုပ်နိုင်သမျှ အကောင်းဆုံး တွေကို အများဆုံး လုပ်မယ် ဆိုတဲ့ စိတ်နဲ့ မသေချင်တာ။ ငါဟာ လောကကြီးအတွက် ဝန်ထုပ်ကြီး ဖြစ်မနေရဘူး။
👏 👏 👏
သူ့ဥာဏ်ကိုသူ ထုတ်မသုံးပဲနဲ့ တယောက်ယောက်က ခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုး ဖြစ်သွားအောင် သူ့ကို ပုံသွင်းလိုက်မယ် ဆိုရင် သူ့ကိုလည်း ဖျက်ဆီးရာ ရောက်သွားသလို လောကကြီးကိုပါ ဖျက်ဆီးရာ ရောက်သွားတယ်။
👏 👏 👏
အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက် မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။ စိတ်လူစဉ် မမှီတော့ဘူး။ စိတ်အား နဲနေမယ်၊ စိတ်ဓာတ် ကျနေမယ်။ သူ့ဥာဏ်နဲ့သူ ဘာမှ မစဉ်းစားတော့ဘူး။ မဆုံးဖြတ်တော့ဘူး။ “ဘာလုပ်ရမယ်ဆိုတာ ပြောပါ၊ ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့အတိုင်း လုပ်တဲ့ စက်ရုပ် ဖြစ်သွားရော။ အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်တော့ဘူး။ ကိုယ်ပိုင်ဥာဏ်လည်း မရှိတော့ဘူး။ ကိုယ်ပိုင် စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ ခိုင်းတာကို လုပ်တဲ့လူတွေ များလာရင် လူ့အသိုင်းအဝိုင်းဟာ မတိုးတက်တော့ဘူး။ ခိုင်းမှ လုပ်တဲ့သူ၊ “ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစဉ်းစားစားလေး ကောင်းအောင် လုပ်လိုက်ပါ” ဆိုရင် မလုပ်တတ်တော့တဲ့ သူတွေ များနေရင် လူ့အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်ဘူး။လောကို အကျိုးပြုတဲ့လူတွေ များများ ဖြစ်ပေါ်လာဖို့ အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ ဒါကြောင့် အကောင်းဆုံး စိတ်ထားတွေနဲ့ အကောင်းဆုံး အရည်အချင်းတွေကို အများဆုံး ထွက်ပေါ်လာအောင် ဘယ်လို လုပ်ပေးရင် ရမလဲ ဆိုတာကို ပညာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်၊ ဘာသာရေး ရှုထောင့် ကလည်း ကြည့်ရမယ်။ စီးပွားရေးမှာတောင်မှ လူတွေရဲ့ အသိဥာဏ်နဲ့ စိတ်ထားတွေ မြင့်မားရေး ဘက်ကိုပါ ထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ လူတွေ များများ ဖြစ်လာအောင် စဉ်းစား ပေးရမယ်။
👏 👏 👏
လူတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိအောင်၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးအောင် တနည်းနည်းနဲ့ လုပ်လိုက်မယ် ဆိုရင် အဲဒီလူရဲ့ ဘဝကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့ လူ့အသိုင်းအဝိုင်းကြီးကို သူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ လူတွေမှာ ဘဝနဲ့ ပတ်သက်ပြီးတော့ လောကနဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ အရည်အချင်း များများ ရှိလာအောင် အကူအညီ ပေးရမယ်၊ အထောက်အပံ့ပေးရမယ်။ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ အလုပ်ကို နားလည်အောင် လုပ်တတ်အောင် သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။ လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။ လူဟာ များများ သိလာတယ်၊ များများတတ်လာတယ်၊ များများလုပ်နိုင်လာတယ် ဆိုရင်၊ “ငါဟာ စွမ်းနိုင်တယ်” ဆိုတဲ့ ခံစားမှုကို ရတယ်။ သူ့ကိုယ်သူ ယုံကြည်မှု အများကြီး ရတယ်။ကိုယ့်အကျိုးကိုလည်း ဆောင်ရွက် နိုင်တယ်၊ အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင် အဲဒီလူဟာ သူ့ဘဝကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် လူတွေကို အစွမ်းအစ ပိုရှိတဲ့သူတွေ ဖြစ်လာအောင် စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့ လိုတယ်။ လူတွေရဲ့ အစွမ်းအစ ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင် ၊ အသိဥာဏ် ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင် လူ့အသိုင်းအဝိုင်းကြီး တခုလုံး ပျက်စီးသွားနိုင်တယ်။ လူ့အသိုင်းအဝိုင်းကြီးတခုလုံး ကောင်းလာဖို့ ဆိုတာ မှန်ကန်တဲ့ အသိအမြင်၊ မှန်ကန်တဲ့ သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့ အလုပ်တွေကို လူတွေ များများ လုပ်နိုင်ဖို့ လိုတယ်။ အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ ဒါမှ လူ့အသိုင်းကြီးဟာ နေရတာ စိတ်အေးချမ်းမှု ရမယ်။ စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ ပျော်စရာ အင်မတန် ကောင်းမယ်။ အဲသလို အသိုင်း အဝိုင်းထဲမှာဆိုရင် စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုတဲ့ ခံစားမှုမျိုးက အင်မတန် နည်းသွားမယ်။
ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံနဲ့ လူ့အသိုင်းအဝိုင်းကြီး ကောင်းလာတယ်လို့ ပြောလို့ မရဘူး။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီး အရေးကြီးတယ်။
👏 👏 👏
ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးပြီးတော့ “ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့ မပြောနဲ့နော်။ အဲဒါ အင်မတန် ဥာဏ်နဲတဲ့အပြော ဖြစ်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်။ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ ထို့အတူ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။ ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်၊ ငါ့ဟာငါ ကောင်းအောင် နေခြင်းသည်ပင်လျှင် လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
ဆရာတော်၏ပုံတော်များကို
Vimuttissukha Bliss
https://www.facebook.com/vimuttisukha.bliss?fref=ts ထံမှကူးယူပူဇော်ပါသည်။

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now