ဆ-77
❝ တုန့်ပြန်နေလို့ ဆင်းရဲနေတာ ❞
■■■■■■■■■■■■■■■■
စားစရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင်
နားလည်နိုင်ပါတယ်။
ဝတ်စရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင်လည်း
နားလည်နိုင်ပါတယ်။
နေစရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင်လည်း
နားလည်နိုင်ပါသေးတယ်။
ဒါပေမယ့် … လူတော်တော်များများမှာ
စားစရာတွေ ရှိပါတယ်။
ဝတ်စရာတွေ ရှိပါတယ်။
နေစရာတွေ ရှိပါတယ်။
ဒါပေမယ့် စိတ်မချမ်းသာကြဘူး။
ငါဘာလို့ စိတ်ဆင်းရဲနေတာလဲ ?
ဘယ်သူက နှိပ်စက်နေတာလဲ ?
အမှန်တော့ …
ကိုယ့်စိတ်က ကိုယ့်ကို နှိပ်စက်နေတာပါ။
လောကကြီးမှာ နေတတ်မှ,
စိတ်ထားတတ်မှ စိတ်ချမ်းသာပါတယ်။
အသိဉာဏ်နဲ့ နေတတ်ရင်
အများကြီး သက်သာရာရလိမ့်မယ်။
လူတွေဟာ စိတ်ချမ်းသာမလား ဆိုပြီး
အမျိုးမျိုးရှာကြံလုပ်တယ်။
ဘယ်ဟာမှ တကယ် နက်နက်နဲနဲ
အတွင်းကျကျ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။
ဘယ်ဟာပဲရရ ခဏလေးပဲ စိတ်ချမ်းသာတယ်။
အဆင်မပြေမှုဟာ တစ်ခုပြီးတစ်ခု ပေါ်နေမှာပဲ။
အဆင်မပြေမှုဆိုတာ လောကရဲ့ သဘာဝပဲ။
လောကကြီးဟာ ဘယ်တော့မှ မပြည့်စုံနိုင်ဘူး။
ဒီလို ဖြစ်နေတဲ့ သဘာဝတွေကို
ဉာဏ်နဲ့ ယှဉ်ပြီး နေသွားရင်
အသိဉာဏ် တဖြည်းဖြည်း
ရင့်ကျက်လာပြီးတော့ …
စိတ်က ဖြစ်သမျှ ကိစ္စတွေပေါ်မှာ
လိုက်ပြီးတော့ တုန့်ပြန်မှု မလုပ်တော့ဘူး။
မြင်ရုံမျှ ကြားရုံမျှ သိရုံမျှလေး နေသွားလို့ ရပါပြီ။
စိတ်က မတုန့်ပြန်ရင် အများကြီး သက်သာပါတယ်။
ဘာဖြစ်လို့ စိတ်ဆင်းရဲနေတာလဲ ?
စိတ်က တုန့်ပြန်နေလို့ ဆင်းရဲနေတာ။
ဒါကြောင့် စိတ်က တုန့်ပြန်နေတာတွေကို
လိုက်ကြည့်ဖို့ , သိဖို့လိုတယ်။
သိလာလို့ ရှိရင် တုန့်ပြန်မှုလုပ်တာ
နဲနဲသွားပါတယ်။
(ဆရာတော် ဦးဇောတိက)
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺