ဆ-55

0 0 0
                                    

ဆ-55
ခွင့်လွှတ်တယ်ဆိုတာ ( ဆရာတော် ဦးဇောတိက )
=================================
တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုကိုပြောပြမယ်။ ဒါက အမေရိကမှာဖြစ်ခဲ့တာ။ ဒကာမကြီးတယောက်ရဲ့တဦးတည်းသော သမီးကို လူတယောက်က သတ်လိုက်တယ်။ သူ့မှာ ဒီသမီးတယောက်ထဲ ရင်းရင်းနှီးနှီးချစ်စရာရှိတာနော်။ အဲဒီသမီး အသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲရတယ်။ သူ့ရဲ့ဆုံးရှုံးမှုက ဘယ်လိုမှ အစားထိုးလို့မရနိုင်တော့ဘူး။ ပစ္စည်းဆုံးရှုံးတာက ပြန်ရှာရင်ရနိုင်သေးတယ်။ သမီးအသတ်ခံရတာ ဘယ်လိုမှ ပြန်အစားထိုးလို့မရနိုင်ဘူး။ အဲဒီဒကာမကြီးက ပညာလည်းတတ် ၊ ပစ္စည်းဥစ္စာလည်းချမ်းသာတဲ့သူဖြစ်တယ်။ သူကရှေ့နေကောင်းကောင်းဌားပြီးတော့ သူ့သမီးကို သတ်တဲ့သူကို သေဒဏ်အပြစ်ပေးအောင် တရားရုံးမှာစွဲချက်တင်တယ်။ အဲဒီပြည်နယ်မှာ သေဒဏ်အပြစ်ဆိုတာ မရှိဘူး။ အလွန်ဆုံး ထောင်ဒဏ်တသက်ပဲရှိတယ်။ သတ်တဲ့သူဟာ ထောင်ဒဏ်တသက်ကျသွားတယ်။ ဒါပေမယ့် အဲဒီ ဒကာမကြီးဟာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ သူ့သမီးကို သတ်တဲ့သူသေမှပဲ သူကျေနပ်နိုင်မယ်ဆိုပြီး ဆက်ပြီးတော့ ကြိုးစားသေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့ စိတ်နဲ့နေလာလိုက်တာ ၁၈ နှစ်ကြာတယ်။ တခြားကိစ္စတွေကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ခွင့်လွတ်ခြင်းဆိုတာကို သူနားလည်လာတယ်။ အသက်လည်းကြီးလာပြီနော်။ ၁၈ နှစ်တောင်ကြာသွားပြီ။ ဘ၀အတွေ့အကြုံလည်းများပြီ။ တရားသဘောတွေ သဘောပေါက်လာတယ်။ စိတ်ထဲမှာ အဲဒီလူကို ခွင့်လွှတ်လိုက်တယ်။ ခွင့်လွှတ်လိုက်ပြီးတော့ ထောင်ထဲကိုသွားပြီးတော့ အဲဒီ သတ်တဲ့လူနဲ့တွေ့တယ်။ တွေ့ပြီးတော့ "နင့်ကို ငါ ခွင့်လွှတ်ပါတယ်" လို့တကယ်စိတ်ပါလက်ပါပြောလိုက်တယ်။ တကယ်ကျေကျေနပ်နပ်ပြောလိုက်တာ။ ပြောလိုက်တော့ အဲဒီအချိန်ကျမှ သတ်တဲ့သူကလည်း ၀မ်းနည်းပြီးတော့ ငိုတော့တာပဲ။ သူ စိတ်မကောင်းပါဘူးလို့ပြောတယ်။ သူလည်း လုပ်တုန်းက လုပ်ခဲ့ပြီးပြီနော်။ အခု ၁၈ နှစ်လောက်ကြာတော့ သူလည်းပဲ ဒုက္ခတော်တော်ရောက်ပါပြီ။ သူ့ဘ၀တသက်လုံး ထောင်ထဲမှာ နေရတော့မှာ။
တဖက်က ခွင့်လွှတ်ပါတယ်လို့ပြောတော့မှ လုပ်ခဲ့တဲ့သူကလည်း မှားပါတယ် ၊ သူစိတ်မကောင်းပါဘူးလို့ပြောတယ်။ အဲဒီဒကာမကြီးက နောက်တော့ ဘယ်လိုပြောသလဲဆိုတော့ အဲဒီအချိန်အထိ သူတရက်မှ စိတ်မငြိမ်းချမ်းခဲ့ဘူးတဲ့။ခွင့်မလွှတ်နိုင်ပါသေးတဲ့အချိန်ထိ တနေ့မှ သူစိတ်ငြိမ်းချမ်းမှုကိုမရခဲ့ပါဘူး။ ခွင့်လွတ်နိုင်တဲ့အချိန်ကနေစပြီးတော့ သူ့စိတ်ဟာငြိမ်းချမ်းသွားပြီ။ လွတ်လပ်သွားပြီတဲ့။ ကျန်ရှိနေသေးတဲ့ ဘ၀ကိုကောင်းအောင် ဘယ်လိုနေရမလဲဆိုတာ သူစဉ်းစားပြီတဲ့။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အဲဒီလောက်အထိအရေးကြီးတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ဒုက္ခ ၊ ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု ၊ ပူဆွေးမှု ၊ သောက ၊ ဒေါမနဿ ၊ မခံချင်စိတ် ၊ လက်စားချေချင်စိတ်တွေ ၊ အဲဒါတွေကို သက်သာမှုရအောင် လုပ်လိုက်တာ။ ဘယ်သူသက်သာမှု ရအောင်လုပ်တာလဲဆိုတော့ ကိုယ့်စိတ်သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။
ကိုယ့်စိတ်ကို ဒီမုန်းတီးမှု ၊ နာကြည်းမှု ၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ထားတာကို လွှတ်လိုက်တာပဲ။ ဘယ်သူ့ကိုအနှောင်အဖွဲ့က လွှတ်လိုက်တာလဲဆိုတော့ ကိုယ့်စိတ်ကို အနှောင့်အဖွဲ့က လွှတ်လိုက်တာပါ။ အဲဒါကို နက်နက်နဲနဲစဉ်းစားပါ။
သူများအပေါ်မှာ နာကြည်းနေရတာ ၊ သူတပါးကို လက်စားချေမယ်လို့တွေးနေရတာတွေဟာ အမှန်တော့ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေပါတယ်။ ကိုယ်တကယ် လုပ်သင့်တဲ့ ၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ တကယ်တော့ ကိုယ့်အကျိုးကို လုပ်လိုက်တာပါ။ သူများအကျိုးပါချင်လည်း ပါမယ်ပေါ့။ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့အားလုံးကိုခွင့်လွှတ်ပါတယ်။သူတို့ကို ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရတာပဲနော်။
ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီးတော့ မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တဖက်သားကို အနိုင်ယူလိုက်တာမဟုတ်ဘူး။ ခွင့်လွှတ်လိုက်တယ်ဆိုတာကို အနိုင်ယူလိုက်တဲ့သဘောထားမျိုးနဲ့လုပ်လို့မရဘူး။ သူက လူဆိုး ၊ သူက မတရားတာကိုလုပ်တာ ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့သူ့ကိုခွင့်လွှတ်ပါတယ် ဆိုပြီးတော့ ( one up တဆင့်မြင့် ) မာနစိတ်နဲ့ခွင့်လွှတ်လို့မရဘူး။ အဲဒီလို စိတ်မျိုးဟာ လွတ်လပ်တဲ့စိတ်မဟုတ်ဘူး။မာနကြီးတဲ့သူဟာ ခွင့်မလွှတ်နိုင်ဘူး။
အပြစ်မရှိတဲ့သူကို အပြစ်တင်ပြီးမှ ခွင့်လွှတ်တယ်ဆိုတာလည်း တကယ်တော့ ခွင့်လွှတ်တာမဟုတ်ပါဘူး။ အနိုင်ယူလိုက်တာပါပဲ။ စေတနာဆိုးနဲ့သူတပါးကို ဒုက္ခရောက်အောင်လုပ်တဲ့သူဟာ သူ့မှာအကုသိုလ်စိတ်ဖြစ်နေတယ်။ သူ့အကုသိုလ်ကို တခြားတယောက်က ပျောက်အောင်လုပ်ပေးလို့မရဘူး။You cannot escape from your kamma. ကိုယ့်ကံကို ကိုယ်လွတ်အောင် ပြေးလို့မရဘူး။ ဒါကြောင့် ကိုယ်က သူ့ကိုခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့အကုသိုလ်ကိုပျောက်အောင်လုပ်လိုက်တာမဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာကိုပဲ ပျောက်အောင်လုပ်လိုက်တာ။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်းမဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။
Forgivness is freeing up and putting to better use the energy once consumed by holding grudges , harboring resentments and nursing unhealed wounds.
ရန်ငြိုးဖွဲ့နေရတာ ၊ မုန်းတီးနေရတာ ၊ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ကုန်နေရတဲ့ အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင်လုပ်လိုက်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင်လုပ်လိုက်တာပါ။ ရန်ငြိုးထားနေရတာ စိတ်မလွတ်လပ်ဘူး။ စိတ်ဓာတ်အင်အားတွေကို တခြားကောင်းတဲ့အလုပ်တွေမှာ လွတ်လွတ်လပ်လပ်သုံးခွင့်မရဘူး။ နာကြည်းနေရတာ ၊ စိတ်ဆိုးနေရတာ ၊ အနာဟောင်းလေးကိုပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားနဲ့အချိန်တွေအလကားဖြစ်သွားစေတယ်။
အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ ၊ ခန္ဓာကိုယ်အင်အားတွေ ၊ အချိန်တွေကုန်မယ့်အစား အဲဒီအချိန်နဲ့အင်အားကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စတွေကိုလုပ်ရင်းနဲ့အသုံးချချင်တယ်။ ဒါကြောင့် သူ့ကိုခွင့်လွှတ်တာ။
Forgivness is an internal process. It happens within us.
ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်စဉ်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်တယ်။
လူတယောက်ကို ခွင့်မလွှတ်နိုင်ဘူး ၊ စိတ်ဆိုးနေတယ် ဆိုပါတော့။ အဲဒီစိတ်ကိုသေသေချာချာကြည့်နေပါ။ စိတ်ထဲမှာ သူ့ကိုဘယ်လိုပြောလိုက်မယ် ၊ ဘယ်လိုလုပ်လိုက်မယ် ၊ သူဒုက္ခရောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေ ခဏခဏပေါ်နေမယ်။ တော်ကြာရင် ပြန်ပေါ်လာပြီး ခဏလောက်မေ့နေပြီးတော့ဒီအကြောင်းသတိရပြန်ပြီး ပြန်တွေးနေမိပြန်ပြီ။အဲဒီလိုတွေးနေတာကို သေသေချာချာကြည့်ပါ။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ တင်းကျပ်နေတယ်။ ပင်ပန်းနေတယ်။ ဆင်းရဲနေတယ်။ ခေါင်းတွေ ပူနေတယ်။ ရင်တွေပူနေတယ်။ သူ့ကိုမေ့မေ့ပျောက်ပျောက်နေနိုင်တဲ့အခါ သက်သာတယ်။ တော်ကြာ သတိရပြန်ရင် တွေးပြန်တယ်။ အဲဒီအတွေးကိုပြန်ကြည့်ပါ။ ဘယ်လိုခံစားရသလဲ။ ရင်ပူတယ်။ ပင်ပန်းတယ်။ နွမ်းနယ်တယ်။ အဲဒီလို ကြည့်ဖန်များလာတဲ့အခါ တချိန်ချိန်မှာ သတိအားကောင်းလာလို့တည့်တည့်မြင်ရင် သူ့သဘောသူဆောင်တဲ့စိတ်ပဲဆိုတာ သိလာတယ်။ ဖြစ်တတ်တဲ့ သဘာ၀ပဲဆိုတာသိလာတယ်။ ကိုယ့်ဟာကိုယ် ပင်ပန်းခံနေတယ်ဆိုတာမြင်လာတယ်။ ဒီလိုနဲ့တစ်ချိန်မှာ ခွင့်လွှတ်နိုင်တဲ့စိတ်ကို ရသွားတယ်ဆိုပါတော့။
အဲဒီသူ့အပေါ်မှာ နာကြည်းနေတဲ့စိတ် ၊ မကျေနပ်တဲ့စိတ် ၊ လက်စားချေချင်တဲ့စိတ် မရှိတော့ဘူးဆိုပါတော့ ၊ အဲဒီလိုစိတ်မရှိတော့တဲ့အခါ စိတ်ထဲမှာ ဘယ်လိုနေသလဲ။ နေသာထိုင်သာရှိသွားတယ်နော်။ နေရတာ တော်တော်သက်သာသွားတယ်နော်။
It is a feeling of wellness, freedom and acceptance.
ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ကောင်းတဲ့ခံစားမှုကိုဖြစ်စေတယ်။ ခွင့်လွှတ်နိုင်ရင် နေလို့ကောင်းတယ်။ လွတ်လပ်သွားတယ်။ လက်ခံနိုင်သွားတယ်။ ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။ ဒါကြောင့် အကယ်၍စိတ်ထဲမှာ လွတ်လပ်မသွားဘူး ၊ စိတ်ထဲမှာ ငြိမ်းချမ်းမသွားဘူး ၊ ဒီကိစ္စကို ထပ်ခါတလဲလဲတွေးနေသေးတယ်ဆိုရင် ခွင့်မလွှတ်နိုင်သေးလို့ပဲ။
ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး။ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး ၊ အကျိုးမရှိတော့ဘူးလို့သိသွားတာ။
မှတ်ချက်။
ဆရာတော်ဦးဇောတိက၏ သိက္ခာရှိရှိနေမယ် ၊ ခွင့်လွှတ်ပါတယ် စာအုပ်ကို ကိုယ်တိုင်နာယူမှတ်သားရင်း ကောင်းနိုးရာရာများကို ကုသိုလ်ဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။
C-O
Than Tun

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now