☔️သီလထိန်းရင် ဥာဏ်မြင့်လာတယ်☔️
ဥပမာတစ်ခုအနေနဲ့ စဉ်းစားကြည့်ဦးနော်။ ခုနက (၅) ပါးသီလ ယူကြတယ်။ (သီလဆိုတာက တစ်ရက်ထိန်းရင် တစ်ရက်အတွက်တော့ ကုသိုလ်က ဖြစ်နေတာပဲနော်။) သို့သော် အကယ်၍ တစ်ယောက်ယောက်က သူ့ကိုယ်သူပြောမယ်ဆိုပါတော့၊ ငါဟာ (၅) ပါးသီလကို လုံးဝမကျိုးမပေါက်အောင် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားပြီးတော့ ထိန်းမယ်။ ဒီလိုဆောက်တည်လိုက်တယ် ဆိုပါတော့။
🍏🍏🍏သာမန်အချိန်တွေမှာတော့ သီလကျိုးပေါက်စရာ လုံးဝမရှိပါဘူး။ သွားနေလာနေတာ သူ့ဟာသူ အဆင်ပြေနေတာပဲ။ ဒါပေမဲ့ တစ်ခါတလေမှာ အကျပ်အတည်း တွေ့ရတတ်ပါတယ်။ တွေ့ရတဲ့အခါမှာ အခက်အခဲဆုံးကိစ္စဆိုပါတော့။ မုသာဝါဒ။ ဒါကတော်တော်ခက်တယ်။ ကျန်တဲ့သီလတွေက ထိန်းဖို့နည်းနည်းလွယ်သေးတယ်။ သူများပစ္စည်းမခိုးဘူးဆိုရင် ရတယ်၊ မခိုးဘူး။ သူများအသက် မသတ်ဘူးဆိုရင်၊ ရတယ်၊ မသတ်ဘူး။ ဖြစ်တယ်။ သေရည်သေရက် မသောက်ဘူး၊ ရပါတယ်။ သူများ သားမယား မပြစ်မှားဘူး။
ဒါလည်းရတယ်။ မဟုတ်မမှန်တဲ့စကားကို မပြောဘူး ဆိုတာကျတော့ တော်တော်ခက်နေပြီ။အကြောင်းတစ်ခုခုကြုံလို့ အမှန်အတိုင်းပြောရင် ပြဿနာတစ်ခုခုဖြစ်နိုင်တယ်၊ ဒုက္ခရောက်နိုင်တယ် ဆိုပါတော့။ သူဘာလုပ်မလဲ။ သူကလည်း မုသာဝါဒတော့ လွယ်လွယ်နဲ့ မပြောဘူးဆိုပါတော့။ အဲဒီလိုအခါမှာ သူဘာလုပ်မလဲ။ “မနက်ဖြန်ကျရင် ငါ လူတစ်ယောက်နဲ့ သွားတွေ့ရမှာ။ ငါ အမှန်အတိုင်း ပြောရင်တော့ ပြဿနာတစ်ခုခုဖြစ်နိုင်တယ်။ ဒုက္ခရောက်နိုင်တယ်။ သို့မဟုတ်ရင် ရသင့်တာ မရဘဲနဲ့ ဆုံးရှုံးသွားနိုင်တယ်။ အဲဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ စဉ်းစားရတော့မှာနော်။
🍏🍏🍏တရားအားထုတ်တဲ့အလေ့အကျင့် ရှိနေတဲ့သူဆိုရင် ဘယ်လိုလုပ်သင့်သလဲဆိုတော့ အေးချမ်းတဲ့တစ်နေရာမှာ အေးအေးဆေးဆေး ခဏသွားထိုင်ပါ။ စိတ်ကိုအေးချမ်းအောင် တရားအားထုတ်ပါ။ အသက်ရှုတာကို သတိကပ်ပြီးမှတ်။ တစ်ကြိမ်သိရင်ကို တော်တော်အေးချမ်းတာပဲ။ နှစ်ကြိမ်၊ သုံးကြိမ် ဆက်တိုက် ဆက်တိုက် ဖြစ်လာပြီဆိုရင် ပိုပြီးတော့ အေးချမ်းလာတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် ကပ်ပြီးတော့ နေလို့ရပြီဆိုရင် တော်တော်ကို စိတ်ကငြိမ်လာတယ်၊ အေးလာတယ်။