ဆ-30

0 0 0
                                    

ဆ-30
" စိတ်ကို တုန်လှုပ်မှုနည်းအောင် လေ့ကျင့်ထားပါ "
လောကဓံတရား ရှစ်ပါးရှိတယ်။
အားလုံး သိကြတယ်လို့ ထင်ပါတယ်။ပစ္စည်းဥစ္စာတွေ များများရတာနဲ့ နည်းနည်းလေး ရတာ။ အဖော်ရှိတာ မရှိတာ။ တချို့ အဖော်တယောက်မှ မရှိတဲ့သူတောင် ကြားဖူးတယ်။ အင်မတန် ရှားလိမ့်မယ် ထင်ပါတယ်။ ချီးမွှမ်းတာ ကဲ့ရဲ့တာ။ဆင်းရဲ ချမ်းသာ ။လောကဓံ အကောင်းလေးမျိုး အဆိုးလေးမျိုး ရှိတယ်။
ဒီလို အကောင်းနဲ့ တွေ့တဲ့အခါမှာလည်း
မတုန်လှုပ်ဖို့ အင်မတန် အရေးကြီးတယ်။ အကောင်းနဲ့ တွေ့ရင်တော့ ပျော်တာပဲ။ မပျော်ရဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့က အကောင်းနဲ့တွေ့ပြီး အပျော်လွန်ပြီးတော့ မလုပ်သင့်တာတွေ လုပ်မိတာ ရှိတယ်။ သဘောထားတွေ မှားတာတွေရှိတယ်။ ဒုက္ခရောက်တယ်။
တချိန်တုန်းက အမြင့်ကြီး ရောက်ပြီးမှ
ပြုတ်ကျတဲ့သူတွေ ဘယ်နှစ်ယောက် ကြားဖူးသလဲ။ အများကြီးပဲနော်။ ဘာလို့ ပြုတ်ကျသလဲ ဆိုတော့ အမြင့်ကြီး တက်သွားတဲ့ အချိန်မှာ သဘောထား မှားသွားတယ်။ မလုပ်သင့်တာတွေ လုပ်တယ်။ပြုတ်ကျတော့တာပဲ။
အဲဒီတော့ အကောင်းနဲ့
တွေ့ကြုံရတဲ့ အခါမှာ သတိရှိဖို့ ဥာဏ်ရှိဖို့
အရေးကြီးတယ်။ အဆိုးမကြုံရပဲနဲ့လည်း မနေဘူး နော်။ အဆိုးနဲ့ ကြုံရမှာပဲလို့ ကြိုတင်သိပြီးတော့ ရင့်ကျက်တဲ့ စိတ်ထား ရင့်ကျက်တဲ့ အသိဥာဏ်နဲ့ မှန်မှန်ကန်ကန် မြင်ပြီးတော့ စိတ်ကို တုန်လှုပ်မှု နည်းအောင် ဘယ်လိုထားရမလဲ ဆိုတာ နည်းလမ်းရှာပြီးတော့ အမြဲတမ်း လေ့ကျင့်နေရမယ်နော်။ သတိပဋ္ဌာန်ဆိုတာ အဲဒါ လုပ်တာပဲ။
မဟာသတိပဋ္ဌာနသုတိ နိဒါန်း အပိုင်းမှာ
" ဧကာယနော အယံ ဘိက္ခဝေ မဂ္ခေါ သတ္တာနံ ဝိသုဒ္ဓိယာ " သတ္တဝါတွေရဲ့ စိတ်ထား အသိဥာဏ် စင်ကြယ်ဖို့ အတွက် ဒီလမ်းဟာ တလမ်းတည်းသော လမ်းပဲ တဲ့ နော်။ " သောက ပရိဒေဝါနံ သမတိက္ကမာယ " တဲ့။ "သောက ပရိဒေဝတွေ လွန်မြောက်ဖို့ တလမ်းတည်းပဲ " တဲ့။ ဒီ နည်းလမ်းက ဒီဒုက္ခတွေ လွန်မြောက်ဖို့ ဘုရားက ပေးထားတဲ့ နည်းလမ်းပဲ။
အဲဒီတော့ ကိုယ့်ဘဝမှာ
ဒုက္ခ အခက်အခဲ ဆိုတာကတော့ ဧကန်မုချ ကြုံနေရတယ်။ နောက်လည်း ကြုံရအုံးမှာပဲ။ ကြိုတင်ပြင်ဆင်ထားမှသာ အမြော်အမြင် ရှိရာ ရောက်တယ်။ ကြိုတင် ပြင်ဆင် မထားပဲနဲ့ အဆင်ပြေတုန်းမှာ မေ့မေ့လျော့လျော့နဲ့ မူးမူးရူးရူး နေကြပြီးတော့ တကယ် ဒုက္ခကြုံတဲ့ အခါကျတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီ အခါကျမှ ဟိုလူ ကယ်ပါ။ ဒီလူ ကယ်ပါ။ နောက်ဆုံး ဘယ်သူမှ မကယ်နိုင်တဲ့ အခြေအနေမျိုးက ရောက်မှာပဲ။
ဘယ်သူမှ မကယ်နိုင်တဲ့ ဒုက္ခတွေ ရှိပါတယ်။
ကိုယ်ကို အင်မတန် ချစ်ပါတယ် ဆိုတဲ့ မိဘတောင် ဘာမှ မတတ်နိုင် တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာကိုယ့်အသိဥာဏ်ကပဲ ကိုယ့်ကို ကယ်နိုင်မယ်။
ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ )
" အလှတရားမှ အမှန်တရားသို့ "စာအုပ်မှ

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now