ဆ-48
ချီးမွမ်းတာ၊ကဲ့ရဲ့တာ
လူတွေက သူတို့အတွေးနဲ့ သူတို့
ချီးမွှမ်းချင် ချီးမွှမ်းမယ်။
ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။
တခါတလေ ချီးမွှမ်းစရာ
မဟုတ်တာကို ချီးမွှမ်းတတ်တယ်၊
ကဲ့ရဲ့စရာမဟုတ်တာကို ကဲ့ရဲ့တတ်တယ်။
တခါတလေ စိတ်ထဲကမပါဘဲ ၊
ပါးစပ်ဖျားက ချီးမွှမ်းတတ်တယ်။
အဲဒါတွေကြောင့် ကိုယ်ကလိုက်ပြီး
စိတ်လှုပ်ရှားနေရင် ကိုယ်ဟာ တော်တော်
စိတ်ဓါတ်မခိုင်မာတဲ့သူ ဖြစ်နေမှာပေါ့။
ချီးမွှမ်းတာ ကဲ့ရဲ့တာကို ဘယ်လိုမှ
သဘောမထားဘဲနဲ့ ကိုယ့်ဟာကိုယ်
စိတ်တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့
ကိုယ် လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း
လုပ်နိုင်မှသာ စိတ်ဓာတ် ရင့်ကျက်သူ လို့ ခေါ်နိုင်ပါတယ်။
သူတို့ ဝေဖန်တိုင်း ကိုယ်က စိတ်ဆင်းရဲမယ်ဆိုရင် သူတို့ နှိပ်စက်တာကို ကိုယ်က ခံနေရသလို ဖြစ်သွားပြီ။
လူတွေကို လေးစားပါ။
ဒါပေမယ့် ....သူတို့ ဝေဖန်တာတွေကိုတော့သိပ်ဂရုမစိုက်ပါနဲ့။
ဘာလို့တုန်းဆိုတော့ ...
လူတွေရဲ့ ဝေဖန်ချက်တွေဟာ တဖက်သတ် ဖြစ်နေတာ များတယ်။
တကယ် မှန်ကန်တဲ့၊မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ကြည့်ပြီး မျှမျှတတ ဝေဖန်နိုင်တဲ့သူဟာဒီလောကမှာ အင်မတန်ရှားတယ်။
ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး။
ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့ သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်။
သူများ ကိုယ့်ကို အပြစ်တင်တာကို မခံချင်ဘူး။
ဒါပေမဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်နေရတာကို ပိုပြီး မခံချင်ဘူး။
သူတို့ တန်ဘိုးထားမှ ငါဟာ တန်ဘိုးရှိတဲ့သူ ဖြစ်မယ်။
အဲဒီလို ယူဆသလား ၊ အဲဒီလိုယူဆရင် ကိုယ့်တန်ဘိုးဟာသူတို့လက်ထဲ ရောက်သွားပြီး ကိုယ့်ကို သူများက
တန်ဘိုးဖြတ် ပေးနေပြီ။ ကိုယ့်ဂုဏ် သိက္ခာကိုထိခိုက်အောင် လုပ်နိုင်တဲ့အစွမ်း ရှိတဲ့သူဟာဒီလောက မှာ တယောက်ထဲရှိတယ်။
အဲဒါက ကိုယ်ပါပဲ ။
ကိုယ့် ဂုဏ်သိက္ခာ ကိုထိခိုက်အောင် လုပ်နိုင်တဲ့အစွမ်းရှိတဲ့သူဟာ ဒီလောကမှာတယောက်ပဲရှိတယ်။ အဲဒါကိုယ်ပဲ။
ကိုယ့်ကိုယ်ကို စိတ်ထားညံ့တဲ့သူ ဖြစ်အောင်လုပ်မှကိုယ့်ရဲ့ တန်ဖိုးဟာ ကျသွားတာ။
ကိုယ့်တန်ဖိုး မကျချင်ရင် ကိုယ့်စိတ်ထဲကသူများကို ရှုံ့ချချင်နေတဲ့ အတွေးတွေ၊ဒုက္ခရောက်စေချင်နေတဲ့အတွေးတွေ၊စိတ်ထားတွေကိုပဲ ရပ်လိုက်တာဟာ
အကောင်းဆုံးအဖြေပဲ။
ကိုယ်ချင်းစာတယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ခက်ပါတယ်။ သူနေရာမှာ စိတ်ခဏ စိတ်နစ်ခံစားပြီး၊ပြီးတော့ ဉာဏ်ရှိတဲ့သူမှလည်း လုပ်နိုင်တယ်။
ကိုယ်ချင်းမစာနိုင်ပဲ လွယ်လွယ် တဖက်သတ်စွတ်စွဲတဲ့သူဟာပျင်းတဲ့ သူတွေ ဉာဏ်နည်းတဲ့သူတွေ ဖြစ်တယ်။
ငါ့ဘဝ ရှေ့ကို တိုးတက်ဖို့အရေးမှာ သူတို့ဝေဖန်ချက်တွေ၊ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ သူတို့ရဲ့ ခံယူချက်တွေ၊ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ အနှောင့်အယှက်လည်းမဖြစ်ဘူး။အတားအဆီးလည်း မဖြစ်ဘူး။
သူများက စေတနာမှန်မှန်၊ကောင်းကောင်းမွန်မွန် ဝေဖန်တာကိုကိုယ်က စိတ်ညစ် သွားတယ်၊စိတ်ဆိုးသွားတယ် ၊စိတ်ဓာတ်ကျသွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုပြန်ပြောပါ။
ငါ လုပ်ပုံလွဲနေတာကို ထောက်ပြတာ၊ဝေဖန်တာ ငါမယူတတ်လို့၊ငါ သဘောထားမမှန်လို့ ၊ငါ စိတ်ဆင်းရဲရတာ အဲဒီလို သဘောထားမျိုး ထားနိုင်ရမယ်။
ဒါမှ ရင့်ကျက်တဲ့စိတ်ထား ရှိတယ်။ဒါမှ တိုးတက်မယ်။
ဒါမှစိတ်ချမ်းသာမယ်။
စိတ်နေသဘောထား လေးနက်တဲ့သူ ၊ရင့်ကျက်တဲ့သူ ၊သဘောထားကြီးမားတဲ့သူဟာ သူများလုပ်တာ လွဲတာ ၊မှားတာ မြင်ရတဲ့အခါ အဲဒီအလုပ်ကို လွဲကြောင်း၊မှားကြောင်း ဘယ်လိုလုပ်ရင် ကောင်း တဲ့အကြောင်းကို ပြောတယ်။
စိတ်နေ သဘောထား မလေးနက်တဲ့သူ ၊မရင့်ကျက်တဲ့သူ ၊သဘောထားသေးတဲ့သူဟာ သူများလုပ်တာ၊
လွဲမှားတာကို မြင်ရတဲ့အခါ အဲဒီအလုပ်ကိုဝေဖန်ပြီး
ဘယ်လိုလုပ်ရင်ကောင်းမယ်လို့ မပြောဘဲ၊လုပ်တဲ့သူ မကောင်းကြောင်း ပုဂ္ဂိုလ်ကို ဦးတည်ပြီးပုဂ္ဂိုလ်ရေးရှုံ့ချတဲ့ စကားမျိုး ပြောတတ်တယ်။
ပုဂ္ဂိုလ်ကို ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာ ရက်စက်ချင်တဲ့ စေတနာပါတယ်။
သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ ဖေါ်ပြနေတာနဲ့တူနေ တယ်ဆိုတာကိုလည်းသတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။
ကိုယ်က သူများကို အပြစ်တင်နေတာ ၊ရှုံ့ချနေတာဟာ သူ ဘယ်လိုလူစားဆိုတာတကယ် တော့ သိပ်မပေါ်လွင်ဘူး ။
ငါ ဘယ်လိုလူဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။
သူ့ ဂုဏ်သိက္ခာ ကျအောင် ငါပြော မယ်ဆိုရင် သူ့ကိုမပြောခင်မှာ ငါက အရင်ဆုံး ဂုဏ်သိက္ခာ ကျသွားပြီ။
သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ
ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။
သူများ ကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။
ငါသူများကို အများကြီး ဂုဏ်သိက္ခာချတဲ့ စကားတွေ
ပြောရင် သူ့ဂုဏ်သိက္ခာ ကျသွားလိမ့်မယ် မထင်နဲ့နော်။
သူ့ဂုဏ်သိက္ခာ ကျဖို့ မသေချာဘူး။
ကိုယ့် ဂုဏ်သိက္ခာ ကျဖို့တော့ သေချာသွားပြီ။
ငါ့ဘ၀ဟာ သူများကို အပြစ်တင်နေရမှဖြစ်မယ့်ဘဝရောက်နေပြီလားဆိုတာ ကိုယ့်ကိုယ်ကို မေးပါ။
သူများ သူယုတ်မာဖြစ်မှ ကိုယ် သူတော်ကောင်းဖြစ်မှာလား ???
သူများ အပြစ်ကို များများတွေးလေကိုယ့်ဘ၀ မတိုးတက်လေပဲ။
မနာလိုစိတ်နဲ့ သူများအကြောင်း များများတွေး၊သူများ အပြစ်ကိုပဲ စိတ်၀င်စားနေရင်ကိုယ် လုပ်သင့်တာကို ကိုယ် မလုပ်ဖြစ်တော့ဘူး။
သူတပါးကို မုန်းတီးနေတဲ့သူ၊အပြစ်တင်နေတဲ့သူဟာ
အောင်မြင်တဲ့သူ မဖြစ်နိုင်ဘူး။
ဘ၀ဟာ အင်မတန် တိုတောင်းပါတယ်။
သူများ မကောင်းကြောင်းတွေ ထိုင်တွေးနေဖို့အချိန်မရှိပါဘူး။
သူတပါးမှာ အမှားတစ်ခုခု၊ချို့ယွင်းချက်တခုခုများ တွေ့တဲ့အခါကိုယ့်မျက်နှာကို မှန်ထဲ ကြည့်နေသလို သဘောထားပါ။
သူတပါးကို အပြစ်မြင်လို့ရှိရင် အဲဒီ အပြစ်မျိုး
ကိုယ့်မှာ ရှာကြည့်ပါ။ရှိနေတတ်တာပဲ များပါတယ်။
သူတပါးမှာ ကောင်းတာ မြင်ရင်လည်းအဲဒီ လိုကောင်းတာ ငါ့မှာကော မရှိဘူးလား?ရှိရင်ကောင်း ပါတယ်။
ကောင်းသည်ထက် ကောင်းအောင် ကြိုးစားရမယ်။
မရှိသေးရင် ရှိလာအောင် ကြိုးစားရမယ်။
သူများကို အကြောင်းတခုခုကြောင့်အပြစ်တင်တာလွန်ကဲလာရင်အဲဒီအပြစ်မျိုး ကိုယ့်မှာလည်းရှိလို့၊
လက်မခံချင်လို့၊ဖုံးထားချင်လို့ဆိုတာရိုးရိုးသားသား သတ္တိရှိရှိ ကြည့်ဖို့လိုပါတယ်။
သူများအကြောင်းကို အကောင်းတွေးပါ။
သူများအကြောင်း အကောင်းတွေးလို့ရှိရင်ကိုယ့်အကြောင်း ကိုပါ အကောင်းတွေးပြီးသားဖြစ်သွားပါတယ်။
သူများမှာရှိနေတဲ့ ကောင်းတဲ့ဂုဏ်ကို ကိုယ်ကတန်ဖိုးမထားနိုင်ရင်၊အသိအမှတ်မပြုနိုင်ရင် အဲဒီ့ ဂုဏ်မျိုး အဲဒီ့ အရည်အချင်းမျိုးကိုယ့်မှာ မရနိုင်တော့ဘူး။
ကိုယ့်လမ်းကိုယ်ပိတ်လိုက်တာပဲ။ကိုယ့်မှာ ကောင်းတဲ့ဂုဏ်၊ကောင်းတဲ့ အရည်အချင်းတွေများများလိုချင်ရင်
သူများရဲ့ ကောင်းတဲ့ဂုဏ် ၊ကောင်းတဲ့ အရည်အချင်းတွေကိုများများမြင်အောင် ကြည့်ပြီးတော့စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရိုးရိုးသားသား အသိအမှတ်ပြုပါ။
ရင်ထဲက လှိုက်လှိုက် လှဲလှဲ ချီးမွှမ်းပါ။
အဲဒါ အင်မတန်အရေးကြီးတဲ့အချက်ပဲ။
အောင်မြင်ချင်တယ်၊ကြီးပွားချင်တယ်ဆိုရင်
သူတပါးရဲ့ ကောင်းတဲ့ဂုဏ်လေးတွေကို ကြည့်ပါ။
အသိအမှတ်ပြုပါ။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ဂုဏ်ကို အာရုံပြုတာများရင်
ကိုယ်ကိုယ်တိုင် မြင့်မြတ်တဲ့သူ ဖြစ်ချင် လာတယ်။
တန်ဘိုးရှိတဲ့ ၊ မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့သူဟာ နေ့စဉ်မလွဲသာ ၊မရှောင်သာတွေ့ရတတ်တဲ့အဆင်မပြေမှုလေးတွေကိုဂရုမစိုက်ဘူး ၊ မတုန့်ပြန်ဘူး။
သူ့မှာအဲဒါတွေအတွက်အချိန်နဲ့ အင်အားကိုမပေးနိုင်ဘူး။
အသိအမြင်ကျဉ်းမြောင်းသူဟာ အသေးအမွှားအဆိုးတွေကို အသေးစိတ် တွေးတယ်။
အသိအမြင်ကျယ်ပြန့်သူဟာအသေးအမွှားအဆိုးတွေကို အသေးစိတ် မတွေးဘူး။
ဒါကို လေးလေးနက်နက်နားလည်ဖို့လိုတယ်။
အသေးအမွှား အဆိုးတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊
တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။
ကောင်းတဲ့အလုပ်၊ အရေးကြီးတဲ့အလုပ်၊တန်ဘိုးရှိတဲ့
အလုပ်တွေကို သဘောထားကြီးကြီး၊ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာသူများကိုယ့်အကြောင်း ချီးမွှမ်းတာကိုလည်းခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။
ကဲ့ရဲ့တာကိုလည်းခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။
အသေးအမွှားအဆိုးတွေကို ဘယ်သူတွေက တွေးသလဲဆိုတော့ဘာမှ အလုပ်မရှိတဲ့သူတွေက တွေးတယ်။
အဆိုးတွေကို ပုံကြီးချဲ့ပြီးတွေးနေတဲ့အခါ ကိုယ့်ကိုယ်ကို မေးပါ။
ဒါဟာငါ အလုပ်ကြီး၊အကိုင်ကြီး လုပ်နေသလားလို့။
၏သာမန်အားဖြင့် စဉ်းစားရင်တော့ ငါ့ကို
ဘယ်သူမှ မကောင်း မပြောရင် ကောင်းမှာပဲလို့
ယူဆမှာပဲနော်။ အမှန်ကတော့ အဲဒီလို ယူဆတာ
မကောင်းဘူး။ငါ့ကိုဘယ်သူမှမကောင်း မပြောရင်
ငါဟာ ရင့်ကျက်လာတဲ့သူ ဖြစ်မလာနိုင်ဘူး။
ကိုယ့်ကို ချီးမွှမ်းနေတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ
ဘာမှ အခက်အခဲမရှိဘူး။အဲဒါ ရင့်ကျက်မှု မဟုတ်ဘူး။
ကိုယ့်ကို အကောင်းပြောတဲ့အခါလည်း ရှိတယ်။
အဆိုး ပြောတဲ့ အခါလည်း ရှိတယ်။ချီးမွှမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ဆိုတာ လောကဓမ္မတာပါပဲ။
အထိုက်အလျောက် ခံနိုင်ရည် ရှိကိုရှိမှ ဖြစ်မယ်။
လုံး၀ အပြောမခံနိုင်ရင် လောကကြီးမှာ နေလို့မဖြစ်ဘူး။
နတ္ထိလောကေ အနိန္ဒိတော လောကမှာ
အပြစ်တင်မခံရတဲ့သူ မရှိပါဘူးတဲ့။
မြတ်စွာဘုရားရှင်တောင် မလွတ်ပါဘူး။
အဲဒီလို မှန်ကန်တဲ့နည်း နဲ့ ယောနိသောမနသိကာရနဲ့
ကိုယ့်စိတ်ကို ကြည့်ပြီးတော့ နက်နဲတဲ့သဘောထား၊
သည်းခံနိုင်တဲ့သဘောထားမျိုး ရသွားတဲ့အခါမှာ..
စိတ်က ချမ်းသာသွားတယ်။
ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲပေါင်းများစွာအတွက်ထားရမဲ့ အခြေခံသဘောထားမှန်ကို ရသွားပြီ။
အခက်အခဲတွေကို တစ်ခုချင်း လိုက်ပြီး၊
ဖြေရှင်းစရာမလိုတော့ဘူး။
အခြေခံသဘောထားကို မှန်အောင်ပြင်လို့ရသွားပြီဆိုရင်ပြဿနာပေါင်းများစွာဟာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်။
သူက ကိုယ့်ကို ဆဲလို့ ကိုယ့်ကသူ့ကို ပြန်ဆဲတာ
အမှန်တော့သူနဲ့ကိုယ်နဲ့ ရင်းနှီးမှု တမျိုးရသွားတာပဲ။
တယောက်ယောက်နဲ့ရန်ဖြစ်တော့မယ်ဆိုရင်ကိုယ့်ကိုယ်ကို ပြန်မေးပါ။
ငါသူနဲ့ ဒါလောက် တရင်းတနှီး ဆက်ဆံချင်သလား။ ။
-စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association
-ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
တွေးမိတိုင်းပျော်တယ် မှ- ကူးယူ
ပူဇော်မျှဝေပါသည်။
Posted by
www.facebook.com/youngbuddhistassociation.mm