ဆ-27
■■ ဦးဇောတိက (မဟာမြိုင်တောရ)
ဆရာတော် ဦးဇောတိက အကြောင်းနဲ့ ပတ်သက်ပြီး၊ ရေးဖို့ဟာ မဝံ့မရဲပါ။ ဆရာတော်ရဲ့ ဂုဏ်အားဖြင့် လည်း ကောင်း၊ ဆရာတော့်ရဲ့ ထူးထူးခြားခြား ဘဝဖြတ်သန်းမှုကြောင့်သော်လည်းကောင်း ကျနော့်အနေနဲ့ ရေးဖို့ မဝံ့ပါ။ ရေးနိုင်စွမ်းလည်း ချို့တဲ့လှတယ်လို့ ထင်ပါတယ်။
အကြောင်းက ဆရာတော်ဟာ သိုသိုသိပ်သိပ်၊ သိမ်သိမ်မွေ့မွေ့နေတဲ့နေရာမှာ ထူးခြားတယ်။ ဆရာတော့် အကြောင်းကို လေ့လာရင်၊ ဆရာတော့် ဒဿနတွေပဲ များများစားစားတွေ့နိုင်တယ်။ ဆရာတော်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အဖြစ်အပျက်တွေဟာ အင်မတန် ရှားပါးတယ်။ ဒါ့ကြောင့် ဆရာတော့် စာတွေထဲက ဖတ်မိ သမျှ၊ ဆရာတော့် အကြောင်းနဲ့ ဆရာတော်နဲ့ နီးစပ်တဲ့ သာဝကမိတ်ဆွေများထံက လေ့လာမိသမျှကို ကောက် ကြောင်းအနေနဲ့ ရေးခြစ်လိုက်ပါတယ်။
■ ကောက်ကြောင်းတချို့
ဆရာတော့်ကို မြန်မာပြည်လွတ်လပ်ရေး မရခင် (၄) လ အလိုမှာ မွေးတယ်။ ၁၉၄၇၊ ဩဂုတ် (၅) ရက်နေ့။ ဆရာတော်မွေးပြီး သိပ်မကြာခင်မှာ မြန်မာပြည်လွတ်လပ်ရေးရတယ်။ ဆရာတော်ဟာ လွတ်လပ်ခြင်းနဲ့ တွဲပြီး မွေားဖွားလာတယ်လို့တောင် ဆိုနိုင်တယ်။ လွတ်လပ်မှုဟာ ဆရာတော် မွေးပြီး သိပ်မကြာခင်မှာ ရခဲ့တယ်။ အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆရာတော့် ဒဿနတွေကြောင့် ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ် မှုတွေကို တစုံတရာ ရရှိနေခဲ့ပြီ။
• ဆရာတော် ဦးဇောတိကဟာ လွတ်လပ်ခြင်းအတူ မွေးဖွားလာသူ။
• လွတ်လပ်မှုအတွက် မွေးဖွားလာသူ။
• လွတ်လပ်ဖို့အတွက် မွေးဖွားလာသူ။
• ဆရာတော့်အတွက်ရော ၊ ကျနော်တို့အတွက်ရော…။
ဆရာတော်ဟာ ငယ်ဖြူမဟုတ်ဘူး။ တောထွက်။ မြန်မာတို့ရဲ့ အသုံးအရ၊ အိမ်ထောင်ကျပြီးမှ သာသနာ့ဘောင် ကို ဝင်သွားသူကို တောထွက်လို့ ခေါ်တာ။ ဆရာတော်ဟာ အသက်ကြီးမှ သာသနာ့ဘောင်ကို ဝင်တာ မဟုတ် ဘူး။ ပြောရရင် “အိုမင်းမစွမ်း” အရွယ်ကို ရောက်မှ သာသနာ့ဘောင်ကို ဝင်လာသူ မဟုတ်ဘူး။ ငယ်ရွယ်၊ နုပျို၊ သန်စွမ်းချိန်မှာ သာသနာ့ဘောင်ထဲကို ဝင်လာတာ။ သာသနာ့ဘောင်ကို ဝင်လာတာလည်း ပြင်ပတွန်းအား ကြောင့် မဟုတ်ဘူး။ အပျင်းပြေဝင်ပြီး ရဟန်းဘဝနဲ့ မြဲနေခဲ့တာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်ရဲ့ပြဌာန်းချက် အတိုင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရဟန်းဘဝကို ရောက်လာတာ။ ဒါဟာ သိပ်ထူးဆန်းတယ်။ ပြတ်သား တဲ့ ဦးတည်ချက် ရှိလိုက်တာ… လို့ တွေးမိပြီး ကြည်ညိုရပြန်တယ်။
ရဟန်းခံရင် မိဘ ခွင့်ပြုချက်လိုတယ်။ ဆရာတော်ဟာ ဗုဒ္ဓဘာသာ ဝင်မဟုတ်တဲ့ မိသားစု အသိုင်းအဝိုင်းက ဆင်းသက်သူဖြစ်တယ်။ ဆရာတော့် လုပ်ရပ်ကို ခွင့်မပြုဘူး။ ဆရာတော့် အဖေကတော့ ဆရာတော် (၈) တန်းလောက် ကတည်းက ကွယ်လွန်သွားတာ။ အစက ကိုရင်ကြီးဘဝနဲ့ နေတယ်။ ရဟန်း မခံခင် ဝိနည်းကို အရင်လေ့လာတယ်။ ဝိနည်းကို နားလည်အောင်လုပ်တယ်။ ဒါပေမယ့် ဆရာတော့်ကို ရဟန်းပြုပေးတဲ့ ဥပဇ္ဈာယ် ဆရာတော်က၊ ဆရာတော်ဦးဇောတိကလျောင်းလျာကို “ငါပဲ မိဘပေါ့ကွာ” ဆိုပြီး ရဟန်းအဖြစ်ကို သွတ်သွင်းပေးတယ်။ ဆရာတော့် ဥပဇ္ဈာယ်ဆရာတော်က မိဘအရာမှာ နေတယ်။ ဆရာတော့်ကို မွေးစားလိုက်တယ် ဆိုတဲ့သဘော။ ဆရာတော် ဦးဇောတိကအသက် (၂၆) နှစ်မှာ ရဟန်းဘဝကို ရောက်တယ်။ ဒီလိုနဲ့သာသနာ့ဘောင်ကို ရောက်လာခဲ့တယ်။ (ကိုးကား - ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း စာအုပ် / စာ - ၆၀)
■ နက်နက်နဲနဲ စုံစုံလင်လင်လေ့လာတတ်သူ
ဆရာတော်ဟာ ရဟန်းဘဝမှာ သမားရိုးကျ နေထိုင်သူ မဟုတ်ဘူး။ ထူးခြားချက်က ဆရာတော် ဦးဇောတိက ဟာ စာအင်မတန် ဖတ်တဲ့သူ။ ရဟန်းဘဝ မရောက်မီမှာလည်း စာအတော်ဖတ်တယ်။ ဖတ်ရင်လည်း စုံစီနဖာ စုံအောင်ဖတ်တယ်။ အတော်များများလည်း နက်နက်လိုက်ပြီး၊ ဖတ်တဲ့သူဖြစ်တယ်။ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံ၊ အတွေးအခေါ်၊ ဘာသာရေး၊ စိတ်ပညာ… စသည်ဖြင့် အကြောင်းအရာ စုံစုံလင်လင်ကို ဖတ်တဲ့သူ။ အင်္ဂလိပ် ဘာသာစကားစွမ်းရည်လည်း အင်မတန် ကောင်းပုံရတယ်။ ဆရာတော် ဖတ်တဲ့ စာအုပ်တွေကို လေ့လာရင် သိနိုင်တယ်။ အတော်ခက်ခဲတဲ့ ကျမ်းကြီး၊ ကျမ်းခိုင်မျိုးတွေကို ဖတ်နိုင်စွမ်းရှိလောက်အောင် အင်္ဂလိပ်ဘာသာ စကားစွမ်းရည် သိပ်ကောင်းတယ်။
ဆရာတော်ရဲ့ တရားအဟောတွေထဲမှာ၊ အင်္ဂလိပ်လို ဟောတာတွေ ရှိတယ်။ သိပ်မွေ့နက်နဲတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကိုကြည့်ရင် ဆရာတော်ရဲ့ အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည်ဟာ တော်ရုံ မဟုတ်ဘူး ဆိုတာ သိနိုင်မြင်နိုင်တယ်။
■ အာအိုင်တီကျောင်းဆင်း
ဆရာတော်က အာအိုင်တီကျောင်းဆင်း။ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းဆင်း။ တက္ကသိုလ်မှာ ဘွဲ့ရတဲ့ အထိ (၆) နှစ်နေခဲ့တယ်။ ကျောင်းသားဘဝမှာတင်၊ ကျောင်းပြီးလို့ ဘွဲ့ရပြီးရင် ရဟန်းဘောင် ဝင်မယ်လို့ ဆုံးဖြတ်ပြီးသောသူ။ သူငယ်ချင်းတွေကို ကျောင်းစာမေးပွဲမဖြေမီ ပြောခဲ့သေးသတဲ့။ “ဒီစာမေးပွဲ မအောင်ရင်လည်း ငါတော့ ဘွဲ့ရမှာပဲ။ အောင်ရင်လည်း ဘွဲ့ရမှာပဲ….” လို့ ပြောခဲ့သေးတယ်။ အပြောခံရသူက အဓိပ္ပာယ်မပေါက်ဘဲ ခပ်ကြောင်ကြောင်ကြည့်သတဲ့…။ (ကိုးကား - ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း စာအုပ် / စာ - ၄၁)
■ အမှီအခိုကင်းသူ
ဆရာတော်က ဘယ်အရာကိုမှ လွယ်လွယ်နဲ့ လက်မခံတတ်သူ။ ဒါတွေကို ဆရာတော့် စာအုပ်တွေထဲမှာ ဖတ် ရင်း တွေ့နိုင်၊ သိနိုင်ပါတယ်။
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း စာအုပ် - စာမျက်နှာ / ၉ မှာ အခုလို ရေးတာ တွေ့ရတယ်။
“လူ့ဘဝမှာ အရေးကြီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဉာဏ်နဲ့ ကိုယ် စဉ်းစားရမယ်။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပဲ။ အထူးသဖြင့် ဘာသာတရားနဲ့ ပတ်သက်လာရင် သူများဆုံးဖြတ်ပေးလို့ မရဘူး။ ဘာသာတရား ဆိုတာ တစ်ဘဝစာတင် မကဘူး၊ တစ်သံသရာလုံးအတွက် အကျိုးသက်ရောက်မှု ရှိတယ်။”
“တခြား အတွေးအခေါ် အယူအဆတစ်ခုခုကို ကိုယ်က လက်ခံမိတယ်ဆိုရင် နောင်အခါမှာ အကယ်၍ မှားတယ်လို့ သိရင်တောင်မှ အဲဒီအမှားရဲ့ ဒဏ်ချက်က နည်းနည်းပဲ ခံရမယ်။ ခဏပဲ ခံရမယ်။ မှားတာကိုလည်း မြန်မြန် ပြန်ပြင်လိုက်လို့ရတယ်။ ဘာသာတရားဆိုတာ တော်တော်တော့ ဆန်းကျယ်တာ။ စွဲမိရင် မပြင်ချင်ကြ တော့ဘူး…”
“ဘုန်းကြီးရဲ့ သဘောထားကတော့ ဘာကိုမှ ပုံသေစွဲမထားချင်ဘူး။ ဘာကိုမှ လွယ်လွယ်နဲ့ လက်မခံဘူး။ ကိုယ့်အယူအဆကိုလည်း ပြင်သင့်တယ်ဆိုရင် ပြင်ဖို့ ဝန်မလေးဘူး။ စွဲမိစွဲရာကို စွဲပြီး အမှားကို အမှန်ထင်ပြီး မနေချင်ဘူး။ ဒါ့ကြောင့် ဘယ်လို အယူအဆကိုဖြစ်ဖြစ် အမြဲတမ်း အထပ်ထပ်အခါခါ စစ်ဆေးတယ်။”
ကောက်နုတ်ချက် - (ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းစာအုပ်) စာ /၉
ဆရာတော်ဟာ အယူအဆတိုင်း အတွေးအခေါ်တိုင်းကို အချိန်အများကြီးယူပြီး လေ့လာတယ်။ စူးစမ်းတယ်။ အပေါ်ယံ မဟုတ်ဘဲ နက်နက်နဲနဲ လေ့လာသူဖြစ်တယ်။ လေ့လာရုံ စူးစမ်းရုံနဲ့ မလုံလောက်ရင် စမ်းကြည့်လေ့ ရှိတယ်။ အတော်သေချာလောက်တယ် ဆိုမှ လက်ခံလေ့ရှိတယ်။
နောက်တော့ ဆရာတော်ရဲ့ အကျင့်ဟာ ကိုယ် စိတ်မပါဘဲ လုပ်ရတဲ့ အလုပ်မျိုးကို လုပ်လေ့မရှိဘူး။ အပေါ်ယံ ဟန်ဆောင်ပြီး နေထိုင်ခြင်းမျိုးကို ဆရာတော်က မနှစ်မြို့ဘူး။ လုပ်တဲ့အရာတွေကိုလည်း လွတ်လွတ်လပ်လပ် ပဲ လုပ်တယ်။ လွတ်လွတ်လပ်လပ်ပဲ တွေးတယ်။ သူများ ခိုင်းတိုင်း လုပ်လေ့ မရှိဘူး။ ကိုယ့်ဉာဏ်ကို မသုံးရဘဲ သူများ ပြောသမျှလည်း ယုံလေ့ မရှိဘူး။
ဆရာတော်ဟာ ဘုရားဟောတဲ့ “ကာလာမသုတ်” တရားတော် အတိုင်း လက်တွေ့နေထိုင်ကျင့်ကြံသူလို့ ဆိုလို့ ရမယ်။
အားကိုးတာ မှီခိုတာကို မလိုချင်သူ၊ မလိုလားသူ ဆိုတာလည်း တွေ့ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှု၊ ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစား… ဆိုတဲ့ ယူဆ ချက်ကို လက်ကိုင်ထားသူဆိုတာ တွေ့ရတယ်။ အသက်ငယ်ငယ် (၅) တန်းကျောင်းသားလောက်ကတည်းက အလုပ်လုပ်ပြီး ကိုယ့်ဟာကိုယ် ပိုက်ဆံရှာခဲ့တဲ့သူ။ ကိုယ်သုံးဖို့ ငွေကို လက်ဖြန့်တောင်းရတာကို ဝန်လေးသူ ဆိုတာ တွေ့နိုင်တယ်။ (ကိုးကား - ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း စာအုပ် / စာ - ၄၁)
■ အသိ၊ အကျင့်
ဆရာတော်က စာအုပ်စာပေကို အတော်ဖတ်တော့ လေ့လာမှုမှာသာ အားသန်သူလို့ ထင်ကောင်းထင်စရာ ရှိတယ်။ တကယ်တော့ လေ့လာမှုတစ်ခုတည်းမှာတင် အားသန်တာ မဟုတ်ပြန်ဘူး။ လေ့လာမှု၊ စူးစမ်းမှုမှာ အားသန်တာတင် မဟုတ်ဘူး။ အကျင့်တရားမှာလည်း အားသန်တယ်။ ဆရာတော် ဖတ်တဲ့ စာအုပ်တွေထဲမှာ ပါဠိစာပေတွေလည်း ပါတယ်။ ဆရာတော်ဟာ အကျင့် စရဏပိုင်းကို အတော်ပေါက်မြောက်အောင် လုပ်ခဲ့တယ်။ တရားစာပေ လေ့လာခြင်းမှာတင် လမ်းဆုံးမနေဘဲ၊ တရားအားထုတ်မှုကို အစဉ်တစိုက်လုပ်ခဲ့ တယ်။
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း စာအုပ် စာမျက်နှာ (၁၃) ကနေ အခုလို ကောက်လိုက်ပါတယ်။
“တရားအားထုတ်ပြီးတော့၊ စိတ်ချမ်းသာနေတုန်းမှာ စာနည်းနည်းလောက် ဖတ်ရင်တော့ မဆိုးပါဘူး။ စာများ များဖတ်လို့ရှိရင် သမာဓိကျသွားတယ်။ သတိ သမာဓိ ကျသွားတဲ့အခါမှာ၊ တရားအားထုတ်တာ အရင်လောက် အားထုတ်လို့ မကောင်းတော့ဘူး။ စာနဲ့ပတ်သက်တဲ့အတွေးတွေ ခေါင်းထဲမှာ အများကြီးဝင်လာတယ်။ ဓမ္မဝိတက်ပါပဲ။ အကုသိုလ်တော့ မဟုတ်ပါဘူး။ ဓမ္မဝိတက်ဆိုပေမယ့် တရားအားထုတ်တာလောက်တော့ မချမ်း သာဘူး..”
ဆရာတော်ဟာ အစွန်းနှစ်ပါးကနေ လွတ်မြောက်သူဖြစ်ပါတယ်။ ငယ်စဉ်အချိန်ကတော့ အသိုင်းအဝိုင်းထဲမှာ သိုးမည်းလို ဖြစ်နေခဲ့ဟန်တူပါတယ်။ သိုးမည်းဆိုတာ မကောင်းသော အမြင်နဲ့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ အသိုင်းအဝိုင်းထဲမှာ ထူးခြားပြီး ထိုးထွက်နေတဲ့ အကျင့်၊ ဗီဇ ရှိသူလို့ ဆိုလိုတာဖြစ်ပါတယ်။ သမားရိုးကျလူ မဟုတ်ဘူး။ အစဉ်အလာအတိုင်း မချိုးမဖောက်နေထိုင်သူ မဟုတ်ဘူး။ တတ်နိုင်သမျှ ရှာဖွေ၊ လေ့လာစူးစမ်းမှု ကို ပြုနေတယ်။ ဖတ်နေတယ်။ မှတ်နေတယ်။ နှိုင်းယှဉ်သုံးသပ်နေတယ်။ ဆင်ခြင်နေတယ်။ သိသလောက်၊ မြင်သလောက်ကို ရှင်းလင်းအောင် လုပ်ပြီး ပြတ်ပြတ်သားသား မြင်နိုင်အောင် ကြိုးစားအားထုတ်သူ ဖြစ်တယ်။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းမြင်ပြီ ဆိုရင်လည်း ဘာကိုမှ တွန့်ဆုတ်မနေဘဲ ရဲရဲဝံ့ဝံ့၊ လွတ်လွတ်လပ် လပ် လုပ်ကိုင်တတ်သူဖြစ်တယ်။
ဒီလို ပုံစံတွေ ရှိတယ်ဆိုတာကို ဆရာတော်ရဲ့ ဟောတရားတွေနာပြီး သိနိုင်ပါတယ်။ ဆရာတော် ရေးတဲ့ စာအုပ် တချို့မှာလည်း တစ်ပိုင်းတစ်စ တွေ့နိုင်ပါတယ်။ များများစားစားတော့ မပါဝင်ပါ။ ဆရာတော်ဟာ သူ့ အကြောင်းနဲ့ ပတ်သက်ပြီး အင်မတန် ပြောခဲပါတယ်။ ဆရာတော့်ဘဝဇာတ်ကြောင်းတွေ ပြောရင် အကျိုးမများ နိုင်ဘူးလို့ ယူဆလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အများဆုံးဟာ ဆရာတော့် အတွေး၊ ဆရာတော့် အမြင်၊ ဆရာတော့် ယူဆက်ချက်တွေကိုသာ အတွေ့ရများပါတယ်။
■ မဟာမြိုင်မှာ
ဆရာတော်က ပျဉ်းမနားနယ်ဘက်က မဟာမြိုင်တောမှာ တောရ ဆောက်တည်ခဲ့တယ်။ အချိန်ဘယ်လောက် ကြာကြာ တောရဆောက်တည်သလဲ ဆိုတာတော့ မသိပါ။ တိုတိုတောင်းတောင်းကာလတော့ မဟုတ်ပါဘူး။ နှစ်အတော်ကြာကြာ တောရ ဆောက်တည်ခဲ့ပါတယ်။ တောရဆောက်တည်တာနဲ့ ပတ်သက်ပြီး အကြောင်း တစ်ခု တင်ပြချင်တယ်။
ဆရာတော်ဟာ ခြိုးခြံတဲ့ အကျင့်ကို အချိန်တော်တော်ကြာ ကျင့်ခဲ့တယ်။ ကျောင်းသင်္ခမ်းမှာတောင် မနေဘဲ၊ သစ်ပင်အောက်မှာ ကုလားထိုင် တစ်လုံးနဲ့ နေပြီး အားထုတ်တဲ့ အကျင့်ကိုလည်း ကျင့်ခဲ့တယ်။ အိပ်ရာ ဆိုတာလည်း မရှိဘူး။ ကုလားထိုင်ဆိုလည်း ထန်းကုလားထိုင်မျှသာ။ တောမှာ ကုလားထိုင်ပေါ် သီတင်းသုံးရင်း၊ မှတ်ခြင်ယင်ကိုက်တာတွေ ရှိတာတောင် ကာလအတော်ကြာကြာ ခြိုးခြံနေထိုင်မှုတွေ ရှိခဲ့တယ်။ (၃) နှစ်ကျော်ကျော်လောက်ထိ အိပ်ရာပေါ်မှာ တစ်ခါမှ လှဲမအိပ်တဲ့ အထိ ကျင့်ကြံခဲ့တယ်။ ဆွမ်းစားတဲ့ အခါမှာလည်း တစ်နေ့မှာ တစ်နှပ်သာ စားရတယ်။ ဆွမ်းခံရွာဆိုတာလည်း သုံးမိုင်လောက် အဝေးမှာ။ အသွားအပြန် (၆) မိုင်။ သင်္ကန်းဆိုရင်လည်း သုံးထည်အပြင် မပိုဘူး။ နွေမိုးဆောင်း ဥတုသုံးပါးလုံး သင်္ကန်းသုံးထည်၊ ဆွမ်းတစ်နှပ်၊ ထန်းကုလားထိုင် တစ်လုံးနဲ့သာ သီတင်းသုံးခဲ့တယ်။ သီတင်းသုံးခဲ့တဲ့ ကာလက သုံးနှစ်ကျော်။ ဒါဟာ အကျင့်စရဏ ဘက်မှာ မလျော့သော အားထုတ်မှု ရှိကြောင်း သက်သေ ထူပြီးသားဖြစ်ပါလိမ့်မယ်။ (ကိုးကား - ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း စာအုပ် / စာ - ၆၇)
ဆရာတော် ဦးဇောတိကဟာ လေ့လာမှု၊ သင်ယူမှုမှာလည်း မလျော့သူ။ အကျင့်စရဏဘက်မှာလည်း အား ကောင်းသူ။ ဆင်ခြင်သုံးသပ်မှုအပိုင်းမှာလည်း ပေါက်မြောက်သူလို့ ဆိုလို့ရပါမယ်။
■ အသုံးချဗုဒ္ဓဘာသာ
ဆရာတော်ဟာ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း နှစ်အတော်ကြာ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ တရားအား ထုတ်ရင်း တတ်နိုင်သမျှ တရားတော်တွေကို ဆွေးနွေးဟောပြောခဲ့တယ်။ ဆရာတော့် အဟောတွေကို ကြည့်ရင် သမားရိုးကျ ဟောပြောမှု ပုံစံကို တွေ့ ရမှာ မဟုတ်ပါဘူး။ သမားရိုးကျကနေ ဖောက်ထွက်ပြီး ဘဝဆိုင်ရာ အတွေးအခေါ်ကို ဆန်းသစ်တဲ့ ချည်းကပ်မှုအမြင်နဲ့ ဟောတာ တွေ့နိုင်ပါလိမ့်မယ်။
ဆရာတော်ဟာ ပါဠိပါတ်သားတွေကို ဟောနေ၊ ရွတ်နေသူ မဟုတ်ပါဘူး။ လက်တွေ့ကျင့်သုံးဖို့ မလွယ်တဲ့ ကျမ်းအိပ်ကြီးတွေထဲက ဓမ္မတွေကို ရွတ်ဆိုဟောပြောသူလည်း မဟုတ်ပါဘူး။ လူ့ဘဝနဲ့ အပ်စပ်တဲ့ ဘဝအမြင်၊ ဒဿနတွေကို လက်တွေ့ဘဝထဲကို ခေါ်ယူနိုင်ဖို့ ဟောပြောတယ်။ ဆရာတော့် တရားတွေထဲမှာ ဆရာတော့် နည်းနာကို တွေ့ရတယ်။ ဆရာတော့် အတွေးအခေါ်ကို တွေ့ရတယ်။ ဆရာတော့် လေ့လာချက်တွေကို တွေ့ ရတယ်။ တကယ်တော့ ဆရာတော် ဦးဇောတိကရဲ့ တရားတွေဟာ အသုံးချဗုဒ္ဓဘာသာ လို့တောင် ဆိုနိုင်ပါ တယ်။ APPLIED BUDDHISM ဖြစ်ပါတယ်။
■ မြန်မာပြည်၏ ကွန်ဖြူးရှပ်
ဆရာတော့် အရေးအသားဟာ ထူးခြားတယ်။ ပုံစံသစ်ကနေ ဖောက်ထွက်နေတယ်။ ရေးတဲ့စာဟာ လေးမနေ ဘူး။ ပေါ့မလေးဘူး။ လေးမနေဘူးဆိုတာ ဖတ်ရတာ မလေးဘူး၊ သွယ်တယ်လို့ ဆိုလိုတာ။ ပေါ့မနေဘူးဆိုတာ ပေါ့သွမ်းသွမ်းအရာတွေ မဟုတ်ဘူး ဆိုတာကို ပြောတာ။
ဆရာတော့် စာတွေဟာ တွေ့နေမြင်နေကျ ဗုဒ္ဓဘာသာ စာအုပ်တွေလို မဟုတ်ပါဘူး။ တွေ့နေ၊ မြင်နေကျဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ သမားရိုးကျရေးသားချက်တွေ မဟုတ်ဘူး။ ဗုဒ္ဓရဲ့ နည်းနာတွေနဲ့ သဘာဝဓမ္မကို ချည်းကပ်တဲ့ ပုံစံတွေ ဖြစ်ပါတယ်။ သဘာဝတရားကနေ မဆန့်ကျင်ဘူး။ သဘောဝအမှန်တရားကနေလည်း မလွတ်ဘူး။ အတွေးအခေါ်တွေရဲ့ ရေသောက်မြစ်ဟာ ဗုဒ္ဓတရားတော်တွေကနေ ဆင်းသက်လာတယ် ဆိုတာကိုတော့ ရဲရဲကြီးပြောလို့ရတယ်။ ဒါပေမယ့် သူ့ချည်းသက်သက်လည်း မဟုတ်ပြန်ဘူး။ ပုံသဏ္ဍာန်ပိုင်း အရ ကမ္ဘာ့မဟာလူသားတွေရဲ့ အတွေး အခေါ်တွေလည်း စိမ့်ဝင်ပျံ့နှံ့နေတယ်လို့ ခံစားရတယ်။ ဆရာတော်ရဲ့ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အမြင်ကနေ ဖောက်ထွက်၊ ယိုစိမ့်လာတဲ့ ဒဿနစီးကြောင်းကိုလည်း တွေ့ရ၊ မြင်ရတယ်။
• ဆရာတော်ဟာ စာရေးတဲ့ ရဟန်းသံဃာသက်သက်မျှ မဟုတ်။
• နယ်တကာလှည့် လိုက်လံဟောပြောနေတဲ့ ဓမ္မကထိကလည်း မဟုတ်။
• ရှေးရိုးသမားရိုးကျနည်းအတိုင်း ဗုဒ္ဓတရားတော်တွေကို ဖြန့်ချိနေသူ မဟုတ်။
• စည်းလွတ်ဘောင်လွတ် ကိုယ့်အမြင်သက်သက်ကို ဟောပြောရေးသားနေသူလည်း မဟုတ်။
• သာမန် ဒဿနသမား သဘောမျှလည်း မဟုတ်။
• အကျင့်မပါ၊ လေ့လာမှုသက်သက်နဲ့ ဟောပြောနေသူ မဟုတ်။
• အစဉ်အလာထဲက ဘုန်းကြီးရဟန်းလည်း မဟုတ်။
• လောကနဲ့ ကင်းကွာနေသူလည်း မဟုတ်။
ဆရာတော့် စာတွေ ဖတ်ရင်း၊ ဆရာတော့် တရားတွေ နားထောင်ရင်း ဆရာတော် ဦးဇောတိကဟာ သာမန် ဒဿနသမား မဟုတ်ဘူးဆိုတာ ခံစားမိတယ်။ ကျနော်ကတော့ ဆရာတော့်ကို မြန်မာပြည်ရဲ့ ကွန်ဖြူးရှပ်လို့ ပညတ်လိုက်ချင်တယ်။ ဆရာတော့် ဒဿနတွေဟာ မြန်မာပြည် တစ်ပြည်လုံးနီးပါး ပျံ့နှံ့သလောက် ဖြစ်နေ တယ်။ အထူးသဖြင့် တကယ့်ပညာတတ်လူတန်းစားအုပ်စုနဲ့ စာဖတ်ပေဖတ်များတဲ့ ဆင်ခြင်တုံတရား ရှေ့ရှုတဲ့ လူတော်တော်များများဆီမှာ ကိန်းဝပ်နေတယ်။ တိုင်းတာလို့ မရအောင် စိမ့်ဝင်နေတယ်။ ပြည်ပရောက် မြန်မာ တွေ၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားတွေ ဆီမှာ ပျံ့နှံ့နေတယ်။
■ ကျနော်ရလိုက်တာတွေ
ဘဝအတွက် လက်တွေ့အသုံးချနိုင်တဲ့ အတွေးအခေါ်တွေကို ဆရာတော့်ဆီကနေ ရတယ်။ မတူတဲ့ အမြင်၊ ယူဆချက်၊ ရှုထောင့်ကနေ ကြည့်တဲ့ သဘောတရားတွေကို ဆရာတော့် ဆီကနေ ရတယ်။ သာမန် လူမှုဘဝ မှာ နေထိုင်ရင်း တန်ဖိုးမဲ့စွာ၊ အဓိပ္ပာယ်မဲ့စွာ သေဆုံးမှုကို နိဂုံးချုပ်လိုက်တဲ့ ဒဿနကို ရတယ်။ လူ့ဘဝကို ဘာအတွက် ရောက်လာတာလဲ… ဆိုတဲ့ မေးခွန်း။ လူ့ဘဝကို ဘယ်လို နေထိုင်မလဲ ဆိုတဲ့ မေးခွန်း။ ရင့်ကျက် ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ တန်ဖိုးရှိခြင်း၊ အဓိပ္ပာယ်ရှိခြင်း၊ အသိဉာဏ်ရှိခြင်း၊ အောင်မြင်ခြင်း၊ စိတ်ချမ်းသာခြင်း… စတဲ့ လေးနက်တဲ့စကားလုံးတွေကို ဖြည်ထုတ်သွားနိုင်ခဲ့တယ်။
ဆရာတော့် စာတွေကို ဖတ်ရင်း ဘဝနေနည်းကို ကျနော်ရလိုက်တယ်။ စိတ်ထားနည်းကို ရလိုက်တယ်။ တကယ့်အောင်မြင်မှုဆိုတာ ဘာလဲ… ဆိုတာ သိလိုက်တယ်။ အမှီအခိုကင်းခြင်း၊ လွတ်လပ်ခြင်းဆိုတာကို ကောင်းကောင်း သဘောပေါက်သွားတယ်။ ရင့်ကျက်တဲ့လူတစ်ယောက်ဆိုတာကို ကောင်းကောင်း ရုပ်လုံး ဖော်နိုင်ခဲ့တယ်။ တန်ဖိုးဆိုတာကို ကောင်းကောင်း တွက်ချက်နိုင်ခဲ့တယ်။ အသိဉာဏ်ကို ဘယ်လိုတည် ဆောက်ရှာဖွေသလဲ ဆိုတာ သိလိုက်တယ်။ ဒါဟာ နည်းနာကောင်းပဲ။ တကယ့်ပညာရေးရဲ့အစစ်အမှန်ဆိုတာ ကောင်းကောင်း သဘောပေါက်သွားတယ်။
ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်ကြည့်ပြီး ကိုယ့်စိတ်ရဲ့သဘောဝကို လေ့လာရတာ ကျနော့်အတွက် အဓိပ္ပာယ် ရှိတဲ့ လုပ်ရပ်ဖြစ်လာတယ်။ လူတွေကိုလေ့လာရတာ ကြိုက်လာတယ်။ ဆရာတော် ကိုယ်တိုင်ရေးဖူးတယ်။ “ဘုန်းကြီးဟာ လူတွေကို လေ့လာရတာ သဘောကျတယ်…” တဲ့။ လူ့စိတ်တွေထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို မြင်အောင်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်။ ရင်ခုန်စရာ ကောင်းတယ်။
ဆရာတော့် စာအုပ်တွေကြောင့် အသက်ရှင်ခြင်းရဲ့အနှစ်သာရကို သိလာတယ်။ အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်လာနေတယ်။ ကျနော်… ဆရာတော့် ဒဿနတွေနဲ့ အသက်ပိုရှင်ချင်လာတယ်။ ကျနော့် ကိုယ်ထဲမှာ ဆရာတော့်ဒဿနတွေ ကိန်းဝပ်နေအောင် ကျနော် လုပ်ခဲ့တယ်။ ကျနော့် ကိုယ်ထဲမှာ ဆရာတော့် ဒဿနတွေ စိမ့်ဝင်ပျံ့နှံ့အောင် လုပ်ခဲ့တဲ့ နည်းရှိတယ်။ ဒါကတော့၊ ဆရာတော်ရေးခဲ့တဲ့စာအုပ်တွေကို ဖတ်ပြီး အဲသည့်ထဲက စာကြောင်းတွေကို ကြည့်ပြီး မှတ်စုစာအုပ်ထဲ ကူးရေးတဲ့နည်းပါပဲ။ ကျနော် အချိန်တော်တော်ကြာလုပ်ခဲ့တယ်။ ဒါဟာ ကျနော့်အတွက် သိပ်အသုံးဝင်တယ်။
■ အသက် (၇၀) ကျော်လာပြီ
၂၀၁၈ ဩဂုတ်လ ၅ ရက်နေ့ဟာ ဆရာတော် ဦးဇောတိကရဲ့ အသက် (၇၁) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဆရာ တော်ကျန်းကျန်းမာမာနဲ့ ရှိနေတာ သိရလို့ ဝမ်းသာရတယ်။ ဆရာတော့်ဟာ ဘဝကို ဘယ်လို ဖြတ်သန်းနေထိုင် ခဲ့ပါသလဲ။ ဒါဟာ မြန်မာပြည်က လူသားတွေအတွက် စိတ်ဝင်စားစရာ အကြောင်းအရာဖြစ်ပါလိမ့်မယ်။ သာမန် မဟုတ်တဲ့ ဒဿနသမားတစ်ဦးရဲ့ ဖြတ်သန်းမှု၊ တွေးခေါ်မှု၊ ချည်းကပ်မှုတွေဟာ မြန်မာပြည်အတွက် အကျိုးရ ခဲ့တယ်။ နောင်နှစ်အတော်အကြာကြာရှိလာတဲ့အခါမှာ ဆရာတော် ဦးဇောတိကရဲ့ ရေးသားချက်တွေ၊ ဟောပြောချက်တွေဟာ မဟာအတွေးအခေါ် တစ်ရပ်အနေနဲ့ ရှိလာပါလိမ့်မယ်။ ဒဿနိကဗေဒ ဘာသာရပ်မှာ လေ့လာစရာ နယ်ပယ်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဦးဇောတိကရဲ့ အတွေးအခေါ်၊ ဒဿနတွေ ဆိုပြီး ပညာရပ် ဆိုင်ရာ လေ့လာချက်တွေလို ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ကျနော် ရဲရဲဝံ့ဝံ့ မြင်နေမိ တယ်။
ဆရာတော့် အတ္ထုပ္ပတ္တိကို တစ်စုံတစ်ဦးက လေးလေးနက်နက် အားထုတ်ပြီး ရေးရင် သိပ်ကောင်းမှာပဲလို့ အကြိမ်ကြိမ်တောင်းတမိတယ်။
ဆရာတော် ဦးဇောတိက မြန်မာပြည်မှာ မွေးဖွားလာတာ သိပ်အကျိုးများတယ်။ မြန်မာပြည်ရဲ့ လူမှုအလွှာတစ် ရပ်ဟာ ဦးဇောတိကရဲ့အတွေးအခေါ်နဲ့ အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်နေ ပါပြီ။ ဒါဟာ သုတေသနပြုတိုင်းတာလို့ ရနိုင်မယ့် အရာ မဟုတ်ပေမယ့် သိပ်ကိုသေချာနေတဲ့အချက်ဖြစ်ပါ တယ်။
ဆရာတော့် စာတွေ၊ ဆရာတော့် ဒဿနတွေကနေ ပုံကြမ်းကောက်ကြောင်းတချို့ရေးခြစ်လိုက်ပါတယ်။
မင်းသေ့
နံနက် ၁ း ၀၇
၁၄ အောက်တိုဘာ ၂၀၁၈။
ဆရာတော် ဦးဇောတိက ရဲ့ ရုပ်ပုံလွှာကို ကျနော် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ရေးခဲ့တာပါ။ ထုတ်ဝေပြီးတဲ့စာအုပ်တွေမှာရော၊ အွန်လိုင်းမှာပါ ဒီရုပ်ပုံလွှာကို မဖော်ပြရသေးပါဘူး။ ဘယ်စာဖတ်ပရိသတ်ကမှ မဖတ်ရသေးတဲ့ ဆရာတော် ဦးဇောတိကရဲ့ ရုပ်ပုံလွှာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီရုပ်ပုံလွှာကို သိမ်းဆည်းထားတာ --- (၅) နှစ် နီးပါး ရှိပါပြီ။