At 5 : 00 pm.....
ဆောင်းဝင်ခါစလေပြေညှင်းလေး တဖြူးဖြူးအောက်ဝယ် မယ်မယ်ရရ အလုပ်မရှိသည့်ကျွန်တော်ကား
စံအိမ်ကြီးရှေ့ကပန်းပင်ပန်းငယ်တို့ကို ရေမှုန်မွှားပတ်ဖျန်းနေမိသည် ။" သား မိုင်... လူလေးရေ
၅ နာရီထိုးပြီ လာခဲ့တော့ "" ဟုတ် ဘကြီး...လာပြီဗျ "
ဘကြီးခေါ်နေပြီကြောင့် လုပ်လက်စအလုပ်ကို
ခပ်မြန်မြန်လေးလက်စသတ်ကာ အိမ်ကြီးထဲ
အပြေးအလွှားသွားရသည် ။ ညနေ ၅ နာရီဆို
ထမင်းဝိုင်းပြင်ရမည့်တာဝန်ကဆီးကြိုနေပေပြီ ။
နေ့လည်ခင်းအချိန်ထွက်သွားကတည်းက
သူပြန်မလာသေးလည်းတာဝန်ကတာဝန်ပေလား။" ဘကြီး သူပြန်လည်းမလာသေးပဲ "
" လာလာ မလာလာ ဘကြီးတို့တာဝန်ပဲမလား
သားရဲ့ အဆင်သင့်ပြင်ထားတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား "" ဟုတ်တာတော့ဟုတ်တာပေါ့လို့ ဒါပေမယ့် သားကစေတနာနဲ့ပြောတာပါ
ပြင်ထားပြီးရောက်မလာရင် ထမင်းဟင်းတွေ
အေးကုန်မှာစိုးလို့ "" အေးရင် ဘကြီးပြန်လဲပေးလိုက်ပါ့မယ်ဗျာ "
" ဟုတ်ပါပြီဗျ "
ဖွယ်ဖွယ်ရာရာထမင်းပွဲလေးပြင်ပြီးနောက်
တော်တော်ကြာသည်အထိ ထိုသူ ပြန်မလာသေးပေ ။ ဆောင်းဦးအခါ
နေ့တာတို၍ညတာရှည်သည်ကြောင့်
အမှောင်ရိပ်တို့တော်တော်ပင်လင့်လို့နေပြီ ။
* လူလေးရေ ဘကြီးနေလို့သိပ်မကောင်းလို့ စောစောနားမယ်နော် ရှိုးလာသည်အထိ
သားစောင့်ရမှာနော် * ဆိုတဲ့တာဝန်အရ
သူမလာမချင်းပင် အိမ်ရှေ့လေးတွင်သာ
စောင့်နေမိသည် ။ ပြန်လာလို့ ထမင်းစားမည်ဆို
ထမင်းပွဲထပ်ပြင်ဖို့ မစားတော့ဘူးဆိုလည်း
အင်္ကျီလဲဖို့ထုတ်ပေးဖို့ အသီးသီးမည်သော
တာဝန်တို့ကိုတွေးရင်းသာဝင်လာရာလမ်းလေးကို
တမျှော်မျှော် ။ဒီလူသားကိုစောင့်ရတာနဲ့ အမေ့ဆီလည်းဖုန်းမဆက်မိပြန် ။
စောင့်မျှော်မိနေရင်း ညဥ့်လေနက်လေလေ အအေးဓာတ်တို့ပိုဖျန်းလေလေသည်ကြောင့်
ချည်ထည်အင်္ကျီပါးလေးကိုထယူမည်အပြု
စံအိမ်ကြီးဆီရောင်ပြန်လင်းလာသည့် ကားမီးရောင်ကြောင့်လှုပ်ရှားမှုကိုရပ်လိုက်သည်။
တဖြည်းဖြည်းဝင်လာသည့် ကားနက်ကြီး
အိမ်ရှေ့ရပ်ပြီးသော် ဆင်းလာသူက
သူမဟုတ်ပဲတခြားတစ်ယောက်သာ ။