အမေချက်ပေးသောနေ့လည်စာလေးကိုစားပြီး
ကျွန်တော် တမာတန်းက " မြတ်နိုးသူ" တိုက်ကို
ရောက်နေသည် ။ အင်္ကျီဘောင်းဘီပါသမျှ
အနက်တွေကြီးသာဖြစ်နေသည့်ကိုကြီးအတွက်
အရောင်ပါသောပုဆိုးအင်္ကျီလေးကိုလာဝယ်ခြင်း
ပင် ။ မြို့ကြီးမြို့ပြတွေမှာ အနက်ဝမ်းဆက်က
ဝတ်သူတွေပေါများပေမယ့် ကျေးရွာအချို့မှာ
အနက်ဝမ်းဆက်ဝတ်ရင် လူကြီးသူမတွေက
သိပ်မကြိုက်ကြပေ ။ ထိုကြောင့် ကိုကြီးကို
အပြောတစ်ခုခုမှမခံစေလိုသောကြောင့် မြတ်နိုးသူ တိုက်ကိုထမင်းစားပြီးအပြေးလာခြင်းဖြစ်သည် ။" မမိုးရေ ဒီအင်္ကျီနက်ပြာလေးနဲ့ အဖြူလေးပေးနော်
ချည်ပုဆိုးအနက်ကွက်လေးရောဗျ "" အေးအေး မိုင်လေးရေ
မတွေ့တာတောင်ကြာပြီ
အိမ်ပုန်းနေတယ်ပေါ့ "" ဟုတ်ပါဘူး မမိုး
ကျွန်တော်ဘကြီးနဲ့အတူမြို့မှာ
အလုပ်လုပ်နေလို့ဗျ "" ဟုတ်လား မသိဘူးတော် "
ကျွန်တော်မြို့မှာအလုပ်လုပ်နေတာကို
မြတ်နိုးသူတိုက်ကညီအစ်မတွေ မသိသေးဘူး
ထင်ပါသည် ။ ဒီကိုမလာတာကြာလို့ မေးနေကြသေးသည် ။ ထိုနောက် ကျသင့်ရာငွေကိုရှင်းခဲ့ပြီး ပြန်ထွက်လာခဲ့သည် ။
ဖူလုံနှင့်တမာတန်းကအနည်းငယ်ဝေးတော့
ကျွန်တော်စက်ဘီးလေးနှင့်လာခြင်းပင် ။
ရပ်ထားသည့်စက်ဘီးလေးကိုထောက်ဖြုတ်ရုံလေး
ရှိသေးသည် အရှေ့ကနေလာနေသည့်ရွာလယ်က
မမကြီးအေးကြည်နှင့်ကွက်တိတိုးလေသည် ။" ဟယ်..... မိုင်ကလေးမလား
ရောက်နေတာကိုမပြောဘူး ကြည့်စမ်း "" ဟုတ်... မမကြီး
မနေ့ညကမှရောက်တာ. "" အမလေးလွမ်းလိုက်တာချစ်လိုက်တာ
မမြင်ရတာကြာတော့ ပိုပိုချစ်စရာကောင်းလာလိုက်တာ အမလေး
အလွမ်းပြေလေးပေးမယ် လာလာ "" မမကြီး......မရဘူးနော် ...အေ အေ.... ပိုင်ရှင်ရှိတယ်နော် "
" ဘာပဲဖြစ်ဖြစ်အေ ....မိုင်ကလေးရေ ...လာလာ"
တစ်ရွာလုံးကချစ်ခင်ကြသည့် ကွမ်းတော်ကိုင်
အပျိုကြီးမမအေးကြည်ကို ကျွန်တော်လန့်လန့်
နေရသည် ။ အကြောင်းမှာက ကျွန်တော့်ကို မြင်တိုင်းပါးနှစ်ဖက်ကိုဆွဲရင်ဆွဲ မဆွဲရင်နမ်းသည် ကြောင့်ပင် ။ အမေတို့ဘကြီးတို့ပြောတာတော့
ကျွန်တော်မွေးကတည်းက ဒီလိုပဲနေ့တိုင်းလာလာ နမ်းတတ်သည်တဲ့ ။ မြင်ရင်မြင်တဲ့နေရာမှာ
နမ်းတတ်သည်မို့ ရွာကသူငယ်ချင်းဆွေမျိုး တွေကပင် * ငမိုင်... ပြေးတော့မင်းအပျိုကြီးမမ
လာပြီတဲ့ * ဟုသတိပေးရသည်အထိပေ ။ ထိုမမကြီးသည်ကျွန်တော့်ကိုချစ်လိုက်တာမှ
ပြောမပြတတ်အောင်ပင်တဲ့ ....။ ငယ်ကတည်းက
ပတ်ပြေးနေကျမို့ အခုလည်းစက်ဘီးကိုအလယ်က ဗဟိုပြုကာကျွန်တော်ပတ်ပြေးသည် မမကြီးက နောက်ကလိုက်သည် ။ ဖူလုံ တမာတန်းက ရွာသူရွာသားတွေအတွက် ထွေထွေထူးထူး
မြင်ကွင်းမဟုတ်တော့ပေ ။ ထိုကြောင့်
ကူရာမဲ့တစ်ယောက်တည်းပြေးရင်း မမကြီး လက်ထဲကမနည်းလွှတ်မြောက်ခဲ့ရသည် ။ ဒီလို
မနည်းပြေးနေတာတောင် ပါးတစ်ဖက်ကနမ်းခံ
လိုက်ရသေးပေသည် ။ ပါးပိုင်ရှင်သာသိရင်
မမကြီးတော့မလွယ် မလွယ် ။