နောက်တစ်နေ့အာရုံမနက်ခင်းတွင် ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောခဲ့ရတဲ့ညအလွန်ပြီး မနက်ခင်းလေးမှာ ဘေးနားကအနွေးဓာတ်လေးက
လွတ်နေသည်ကြောင့် မျက်လုံးတို့ဖွင့်လာရသည် ။
ချစ်ရသူလေးမျက်နှာဖူးဖူးငေးမောရင်း နိုးထချင်ပေမယ့် ဒီအသည်းနှလုံးလေးက
ဘယ်အချိန်ဘယ်လိုထထသွားသည်မသိ ။
အခုလည်းကုတင်ငယ်ငယ်လေးပေါ် ကျွန်တော်တစ်ယောက်တည်းပေ ။ မန္တလေးကို
ပြန်ရောက်ကာမှ ကျွန်တော်မနိုးမချင်းရင်ခွင်ထဲက
မထွက်နိုင်အောင် အတိုးနှင့်ဖက်ထားရပေမည် ။
အကြံကောင်းလေးကိုတွေးရင်း တစ်မနက်တာ
စဖို့ရာကုတင်ပေါ်ကထသည် ။ ထိုအခါမှ ခေါင်းအုံးဘေးလေးမှာချထားခဲ့သော စာအပါးလေးကိုမြင်ရလေသည် ။* ကိုကြီး
မနက်ဖြန် သာစိန်တို့ကထိန်မလို့
ဒီနေ့ချက်ပြုတ်တာတို့ကိုကူဖို့ရာ
မိုင်စောစောထသွားတယ် မသွားခင်
ရေစကြိုမြို့ပေါ်က ထပ်တရာသုပ်လေးကို သွားဝယ်ထားပေးတယ် ကိုကြီးနိုးရင် ဘကြီးပြင်ပေးလိမ့်မယ် အရမ်းကောင်းတာမို့ စားရမယ်နော်ကိုကြီး ..... နေ့လည်မိုင်ပြန်လာမှ
ငရုတ်သီးထောင်းလေးနဲ့ ထမင်းအတူစားမယ်
မိုင့်ကိုထမင်းစားစောင့်နေနော် *ဘယ်လိုတောင်ချစ်ဖို့ကောင်းနေသော ကျွန်တော့်ကိုယ်ပွားလေးပါလိမ့် ။ စာတိုလေးကို
ဖတ်ပြီးတော့ နှုတ်ခမ်းနားတေ့ကာတစ်ချက်
နမ်းရှိုက်မိသည် ။ ပြီးကာမှမြတ်နိုးစွာ သိမ်းဆည်းရင်းတစ်မနက်တာကို အပြုံးတွေနဲ့စဖို့ရာ အဆင်သင့်ပြင်ကာ ထားပေးသော ရေချိုးမျက်နှာသန့်စင်ရန်အချို့ကို
ယူကာအပြင်ကိုထွက်ခဲ့လိုက်သည် ။" သား....နိုးလာပြီလား
ဦးသာ မနက်စာလေးပြင်လိုက်တော့မယ်နော် "ဦးသာအပြောကိုခေါင်းလေးငြင်ငြင်ငြိမ့်ကာပြပြီးမှ
အပြင်ဘက်ရေကန်ဆီကိုထွက်လာခဲ့သည် ။
ရေကန်အလှမ်းက အိမ်ကြီးနှင့်တွဲထားသော
မီးဖိုခန်းလေးမှာလည်း မိုင့်ရဲ့အမေတစ်ယောက်
တစ်နေ့တာကိုချက်ပြုတ်ဖို့အလုပ်ရှုပ်နေသည် ထင်ပါသည် ။ ကျွန်တော့်ကိုမြင်တော့လည်း
ကြင်ကြင်နာနာပြုံးရယ်ကာဖြင့် ။