31 ...

30.5K 3.8K 390
                                    

နောက်နေ့မနက်ခင်းတစ်ခုဝယ် ။

ရောင်နီပြေးကာစမနက်စောစောတွင်
အိမ်ထိပ်သုံးလမ်းကျော်အိမ်က ကြီးကြီးအုန်းရဲ့
မုန့်ပေါင်းနှင့်အကြော်ဆိုင်လေးမှာ ကျွန်တော်က
ထိပ်ဆုံးကနေရာယူထားသည် ။ ခဏလေးနှင့်
ရောင်းကုန်သွားတတ်သည့်မုန့်ပေါင်းပူပူလေး ကြောင့် ကိုကြီးကိုစားကြည့်စေချင်လွန်း၍ ကျွန်တော်စောစီးစွာထရသည် ။ ကျွန်တော် ထလာချိန်ကနည်းနည်းစော၍လားမသိ ကိုကြီးတော့အိပ်ယာမနိုးခဲ့သေးပေ ။

" ကြီးကြီးအုန်းရေ သားကအရင်မှာထားတာနော်"

" အေးပါ လူလေးရယ် "

တစ်ပေါင်းပြီးတစ်ပေါင်းလုပ်နေသောကြီးကြီးကို
အားနာပေမယ့်လည်းကျွန်တော်နှင့်အပြိုင်ဘေးက
လည်းလူတွေကများလာသည် ။ ဖူလုံရွာလေးနှင့်
မိနစ်ပိုင်းလေးသာဝေးသည့် ရေစကြိုမြို့ပေါ်က
သူတွေကပါ လာလာဝယ်ကြတော့ကြီးကြီးရဲ့
မုန့်ပေါင်းကခုရခုကုန်ပင် ။

" ကဲ... မိခိုင်သားလေးက
မုန့်ပေါင်း ရှစ်ခု အကြော်ကရော
ဘယ်လောက်ဖိုးယူမှာလဲကွယ် "

" အကြော်စုံတစ်ထောင်ဖိုးထည့်ပေးဗျ ကြီးအုန်း"

" အေးအေး ဒါနဲ့ကွယ် ဟိုအမွှာနှစ်ကောင်ရဲ့ကထိန်ပြန်လာတာလား "

" ဟုတ် ကြီးကြီး "

" သူဌေးရောပါလာတယ်ဆို
မနေ့ညက အိမ်ကကလေးတွေပြောတာ
ကားနက်ကြီးနဲ့ရောက်လာတာတဲ့ "

" အာ.... ဟုတ် ဟုတ်တယ်ဗျ "

" သူဌေးကိုရွာအနှံ့လိုက်ပြလိုက်ကွယ်
လူလေးရော့ ရပြီ "

သတင်းပျံ့တာမြန်လှသည် ။ နေရာတိုင်းမှာက
စပ်စုစိန်လေးတွေရှိတော့လည်းဟုတ်မှာပါ ။ ထိုသို့တွေးရင်းသာ ကျသင့်ငွေကိုရှင်းခဲ့ပြီး အိမ်ဘက်စီကိုပြေးလာခဲ့သည် ။ အိမ်ထဲကို ဝင်လာခဲ့တော့ ကိုကြီးလည်းနိုးနေသည့်အပြင် အရှုပ်သုံးကောင်ရောပါရောက်လို့နေပေပြီ ။
ကိုကြီးသတင်းကြားပြီး ဒီလောက်စောစောကို
ဇွဲကြီးကြီးနှင့် ရောက်လာတာပဲဖြစ်ရမည် ။

" စောစောစီးစီး အိမ်ကိုဘာလာလုပ်ကြတာလဲ "

အမေးကိုတစ်ယောက်မှမကြားကြပေ ။
တန်းယားပေါ်ထိုင်နေသည့်ကိုကြီးကိုသာ သုံယောက်သားအပြိုင်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည် ။ ကြည့်တဲ့သူတွေကလည်း
ကြည့်ကြသလိုကျောက်ရုပ်ကြီးကလည်း
ကျောက်ရုပ်ကြီးအတိုင်းဘာမှလှုပ်ရှားခြင်းမရှိ ။
သူတို့ကိုကြည့်နေခြင်းလည်းမရှိပဲခပ်တည်တည်နဲ့
သတင်းစာတစ်ခုကိုသာဖတ်နေသည် ။

"" Mile "" ..... Love you Where stories live. Discover now