ဘာပဲပြောပြော၊ သူနှင့် ဇိမ်ခံပစ္စည်းတွေဆိုသည်မှာ မအပ်စပ်သော အရာပင်။
Tsukimiya က မနက်စာစားရန် ကမ်းလှမ်းသော်လည်း Rokumi က ငြင်းလိုက်သည်။ ထို့ကြောင့်ပဲ သူတို့၏ ပန်းတိုင်ဆီသို့ တည့်မတ်စွာ မောင်းနှင်လာခဲ့သည်။
ကားများကို အများကြီး အထင်မကြီးသော်လည်း ကားထဲမှာ အဲယားကွန်းအေးအေးလေးနှင့် နေရသည်ကိုတော့ Rokumi သဘောကျသည်။ သူ၏ အလုပ်လေးခုမှာ သုံးခုလောက်ဟာ ငြိမ်ငြိမ်မနေရဘဲ ချွေးထွက်သော အလုပ်များဖြစ်သည်။ အဝတ်အစားများလည်း အလွယ်တကူ ညစ်နွမ်းသဖြင့် သူချွေးထွက်ရတာကို သဘောမကျ။ ဒါပေမဲ့ သူ့လို ပညာရေးတစ်ပိုင်းတစ်စနဲ့လူက ဟိုအလုပ်မလုပ်ချင်၊ ဒီအလုပ်မလုပ်ချင် ရွေးနေလို့တော့မရ။
၇နာရီခွဲလောက်တွင် Natsumeစံအိမ်ကြီးဆီသို့ ရောက်လာကြသည်။ ခြံထဲတွင် သစ်ပင်နှင့် အပင်အုပ်အုပ်လေးများသာရှိပြီး ပန်းပင်တော့ တစ်ပင်မှ မတွေ့ရ။ အိမ်ရှေ့တွင်ရှိသော ရေပန်းနှင့် ရေကူးကန်က သူတို့အိမ်အရွယ်အစားနဲ့ ကိုက်ညီစွာ ကြီးမားလွန်းသည်။ အပန်းဖြေလမ်းလျှောက်ဖို့အတွက် ပန်းခြံသဖွယ် လုပ်ပေးထားသော နေရာလည်း ရှိသလို၊ အပျော်စက်ဘီးစီးဖို့ လုပ်ပေးထားသော လမ်းလည်း ရှိသည်။ ရူးလောက်အောင် ချမ်းသာသည့် လူများပင်။
Rokumi သည် ငေးမောခြင်း မရှိဘဲ Tsukimiya နောက်ကနေ နီးနီးကပ်ကပ် လိုက်ပါသွားသည်။ အိမ်ကြီးမှာ ဇာတ်လမ်းထဲက နန်းတော်ကြီးတွေလို ကြီးမားပြီး ခမ်းနားသည်။ အစေခံတွေကလည်း ယောကျ်ား၊ မိန်းမ၊ နှစ်မျိုးစလုံး များများပြားပြားပင်။ Tsukimiya က Rokumi ကို အစေခံတန်းလျားသို့ ဦးစွာ ခေါ်သွားသည်။ အစေခံထိန်း Misuzu Shigure နှင့် ပေးတွေ့ပြီး အဝတ်အစား လဲပေးဖို့ဖြစ်သည်။
Shigureက အသက်အလက်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တြိဂံမကျ၊ ဘဲဥပုံမကျ မျက်မှန်မျိုး တပ်ဆင်ထားသည်။ နက်မှောင်သော ဆံနွယ်နှင့် မျက်လုံးများ ရှိပြီး အရပ်ခပ်ရှည်ရှည် ဖြစ်သော်ငြား Rokumi နှင့် ယှဉ်လိုက်လျှင် ပုသေးသည်။ ခန္ဓာကိုယ်က သေးသေးသွယ်သွယ် ဖြစ်ပေမဲ့ အစေခံထိန်းတို့ uniform က သူ့ကိုယ်ပေါ်မှာ တောက်ပြောင်နေသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...