Arata သည် အနှီကောင်မလေး ပြောလိုက်သော စကားကို မကြားလိုက်သကဲ့သို့ သူမကိုသာ ဆက်ပြီး စိုက်ကြည့်နေသည်။
"ဘယ်ကို ထွက်သွားတာလဲ။"
"ကျွန်မတို့လည်း မသိပါဘူး။ ဒီတိုင်း၊ အထုတ်တွေပြင်ပြီး ထွက်သွားကြတာပါ။"
"အဖေအခု ဘယ်မှာလဲ။"
"စာကြည့်ခန်းထဲမှာပါ။"အဖြေရပြီးသည်နှင့် Arata သည် စာကြည့်ခန်းဆီသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်လာခဲ့သည်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတွင် သူ၏ ဒေါသ အရိပ်အမြွတ်တို့ စွဲထင်နေသည်။
စာကြည့်ခန်း အရောက်တွင် သူသည် တံခါးကို ဝုန်းခနဲမြည်အောင် ဆွဲဖွင့်လိုက်သည်။
"အဖေ!"
Arata၏ ဘဝတွင် အဖေဖြစ်သူအား အခုလောက် အသံအကျယ်ဖြင့် တစ်ခါမှ မအော်ခဲ့ဖူးပါ။ သူ့အသံကြားသောအခါ Junichiro က ဖိုင်တွဲတစ်ခုကို စစ်ကြည့်နေရာမှ မော့ကြည့်လာသည်။ သူ၏ အကြည့်တွေက လာမည့်ကိစ္စ အကုန်လုံးကို ကြိုတင်စဉ်းစားပြီးသားလူတစ်ယောက်ကဲ့သို့ အေးဆေးတည်ငြိမ်လှသည်။
"ဘာလဲ။"
"အစ်ကို ဘယ်ကို ထွက်သွားတာလဲ။"
"အရင်ထိုင်ဦး။ အေးအေးဆေးဆေး စကားပြောရအောင်။"
"မထိုင်ဘူး။ စကားလည်း မပြောချင်ဘူး။ အစ်ကို့ကို ဘယ်ကို နှင်လိုက်တာလဲဆိုတာသာပြော။"
"အသိလေး နည်းနည်းကပ်စမ်း Arata။ ဒီခေတ်ကြီးမှာ ယောကျ်ားတစ်ယောက်နဲ့ ရှေ့ဆက်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူးနော်။"
သူ Rokumi အပေါ်ထားသော ခံစားချက်များကို အဖေဖြစ်သူက သိနေတယ်ဆို၍ Arata အံ့ဩသွားမိသည်။
"အဖေ.....သိနေခဲ့တာလား။"
"မင်းတို့နဲ့ ပတ်သက်တဲ့ နေရာတိုင်းမှာ ငါ့ရဲ့ နားတွေ၊ မျက်လုံးတွေ ရှိတယ်။ ငါ့သားအကြီးဆုံးကတော့ ဘယ်လိုတွေ သွေးပျက်နေတယ်၊ ငါ့သားအလတ်က ဘယ်လိုခြေလှမ်းတွေ လှမ်းနေတယ်၊ ငါ့သားအငယ်ဆုံးက ဘယ်လို အမှားတွေ မှားနေတယ်ဆိုတာ ငါအကုန်သိတယ်။ ဒီတိုင်း အချိန်မတိုင်သေးလို့ လွှတ်ထားပေးခဲ့ရုံပဲ။ ဒါပေမဲ့ အခုတော့ ရပ်ဖို့ အချိန်ကျပြီ Arata။ အချစ်နဲ့ ဘဝကို မရောမိစေနဲ့။ အဲဒီအခါကျရင် ဒုက္ခရောက်တာ မင်းပဲ ဖြစ်လိမ့်မယ်။"
"အဖေသိလား။ ကျွန်တော့်ဘဝတစ်လုံးမှာ အဖေတို့ နေစေချင်တဲ့ပုံစံပဲ နေခဲ့တယ်။ အဖေတို့တက်စေချင်တဲ့ ကျောင်းမှာပဲတက်တယ်။ အဖေတို့ရစေချင်တဲ့ ပညာရေးအရည်အချင်းမျိုး ရအောင် ကြိုးစားပေးခဲ့တယ်။ အဖေတို့ပေါင်းစေချင်တဲ့လူမျိုးနဲ့ပဲ ပေါင်းခဲ့တယ်။ ဒါတင်မကဘူး။ ကျွန်တော့်မှာကျန်တဲ့ သက်တမ်းတစ်လျှောက်လုံးလည်း အဖေတို့ နေစေချင်တဲ့ ပုံစံနဲ့ပဲ ဆက်နေသွားမယ်လို့ တွေးထားပြီးပြီ။ ကျွန်တော် လိုချင်တာက အစ်ကို Rokumi တစ်ယောက်တည်းပါ။ သူတစ်ယောက်တည်းကို လိုချင်တာက အမှားဖြစ်နေလို့လား။"
မိမိနဲ့တူလို့ လွန်စွာ ခေါင်းမာနေသော Arata အား Junichiro သည် ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းသာ ခါလိုက်မိသည်။
"ငါ့အဖြေကိုငါ ရှင်းရှင်းလင်းလင်းပြောပြီးပြီ Arata။ ငါ့အကြောင်း မင်းသိပါတယ်။ ငါက ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ မပြင်ဘူး။ မင်းငါ့ကို ဒီ့ထက်ပိုပြီး ကလန်ကဆန်လုပ်ရင် ငါမင်းကို ဒီနိုင်ငံက ထွက်သွားခိုင်းရလိမ့်မယ်။"
"ကျွန်တော်ကလည်း အဖေ့သားပါ။ ဒါကို လိုချင်တယ်ဆိုရင် ရအောင် လုပ်မှာပဲ။"
Arataသည် ဘာမှ ဆက်မပြောတော့ဘဲ အခန်းထဲကနေ တံခါးကို ဝုန်းခနဲမြည်အောင် ပိတ်ပြီး ထွက်သွားတော့သည်။

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...