ဒီတော့ သူ့ခေါင်းထဲတွင် အကြံတစ်ခုပဲ ကျန်တော့သည်။ Rokumi ကို အပြစ်တွေ လွှဲပြီး ကိုယ်လွတ်ရုန်းရန်သာ။ သက်သေအဖြစ် သူသည် Rokumi အား မူးယစ်ဆေး အတင်းအကြပ် ထိုးသွင်းခဲ့ပြီး ရဲတွေ မရောက်ခင် ထွက်ပြေးလွတ်မြောက်သွားသည်။ သက်သေနှင့်တကွ ထိုနေရာတွင် ရှိနေခဲ့သော Rokumi ၏ တောင်းပန်လျှိုကျိုး ငြင်းဆိုသံတွေကိုလည်း ရဲတွေဟာ စိတ်ရှုပ်ခံနားထောက်မနေဘဲ သူ့ကို ထောင်ထဲထည့်ပြီး ရာထူးတက်ဖို့သာ စိတ်ဝင်စားကြသည်။ အဆုံးသတ်တွင်တော့ Rokumi ဟာ Kin ဖန်တီးထားသော ချောက်နက်ထဲ ကျသွားခဲ့ရသည်။ အခြေနေတွေ အဲဒီလို ဖြစ်နေခဲ့တာတောင် သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် စကားပြောဖြစ်ကြတော့ Rokumi ၏ လေသံက သူ့အပေါ် မျှော်လင့်ချက် ထားနေသည့်ပုံ။ ဒါပေမဲ့လည်း သူ ရက်စက်သော စကားတွေပြောပြီး ထိုကောင်လေးကို မျှော်လင့်ချက်မရှိတော့အောင် ဆွဲချပစ်ခဲ့သည်။ ပြန်ပေးဆပ်သည့်အနေဖြင့် သူ့ကို နှစ်အနည်းငယ်သာ ထောင်ကျအောင် Kin အားထုတ်မှုအသေးလေး ပြုလုပ်ပေးခဲ့သည်။
အစပိုင်းတုန်းက Kin အဆင်ပြေခဲ့သည်။ ကောင်းကောင်းစားနိုင်သလို ကောင်းကောင်းလည်း အိပ်နိုင်သည်။ ဒါပေမဲ့ သူ့ကိုယ်တွင်းမှာတော့ တစ်စုံတစ်ခုဟာ တစ်စတစ်စ ယိုယွင်းလာခဲ့သည်။ အချိန်ကြာလေကြာလေ၊ Rokumi ပေါ်ထားသော သူ၏ ခံစားချက်များမှာ သိသာထင်ရှားလာခဲ့သည်။ Rokumi အကြောင်းချည်းပဲ အိပ်မက်မက်နေသော သူ၏ ညဘက်များမှာ ငရဲအတိပင်။ အိပ်ရာက နိုးလာလို့ ထိုကောင်လေး သူ့လက်မောင်းထဲမှာ မရှိတော့ရင် ခံစားရသော နာကျင်မှုဟာ စကားနှင့်တောင် ဖော်ပြရန် ခက်ခဲသည်။ သူ Rokumi ကို တွေ့ချင်ပေမဲ့ သူ့မာနနှင့် အသိစိတ်က ခွင့်မပြုနိုင်။ အဆုံးသတ်တွင်တော့ အချိန်နှစ်နှစ်ကုန်သွားသည်။ Rokumi ထောင်က လွတ်တော့မည့် အချိန်တွင်တော့ Kin သည် သူ့ကိုယ်သူ ဆက်မထိန်းတော့ဘဲ ဂျပန်ကို ပြန်လာကာ Rokumi ကို ပြန်လာရှာခဲ့သည်။ ဒါပေမဲ့ Rokumi လူသတ်မှုဖြင့် ထောင်နှစ်တိုးသွားကာ ထောင်ပြောင်းသွားသည်ဆိုသည့် သတင်းကလွဲပြီး သူ့လက်ထဲ ဘာမှပြန်မပါလာခဲ့။ ထူးဆန်းစွာဖြင့် ထောင်မှုးတွေကို ဘယ်လောက်ပဲ ပိုက်ဆံပေးပြီး မေးပါစေ၊ ဘယ်သူမှ သူ့ကို မပြောပြကြခြင်းဖြစ်သည်။ တစ်ယောက်ယောက်က သူ့မတိုင်ခင် လက်ဦးပြီး သတင်းနှုတ်ပိတ်သွားသည်ဆိုတာပင်။ သူသုံးလလောက် အားထုတ်ပြီးချိန်တွင်တော့ ဘာမှအကျိုးမထူးတော့ဘဲ ဒေါသတွေသာ ပေါက်ကွဲဲခဲ့ရသည်။ ဘဝတွင် ပထမဆုံးအကြိမ်ဖြင့် Kin သည် သူလုပ်ခဲ့သော လုပ်ရပ် မှားသည်ဟု လက်ခံခဲ့သည်။ ထိုခံစားချက်ကြီးက အတော်ကို ခါးသီးလွန်းသည်မို့ နောက်တစ်ကြိမ် ထပ်မခံစားချင်တော့သည့် အထိပင်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...