Part 56

121 18 0
                                    

"Kurosawa လား။"
Rokumi သည် အထိန့်တလန့်ဖြင့် ပင်လယ်ဘက်သို့ ပြေးသွားပြီး အပေါ်အင်္ကျီကို ချွတ်ချထားခဲ့ကာရေထဲသို့ တုံ့ဆိုင်းမှုမရှိ ခုန်ချသွားတော့သည်။

ထိုအချိန်တွင်ပဲ Chimon သည် တဲထဲ တိုးဝင်နေသော လေများကြောင့် ဖြစ်ပေါ်လာသော အေးစိမ့်စိမ့် ခံစားချက်နှင့်အတူ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်လာရာမှ ဘေးနားက နေရာလွတ်ကြီးကို လက်ဖြင့် စမ်းမိချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
"Kurosawa!"
သူ လှဲနေရာမှ ထထိုင်ပြီး ကြည့်လိုက်သောအခါ ပွင့်နေသော တဲတံခါးကိုသာ တွေ့လိုက်ရသဖြင့် ရင်ထဲ ပိုပြီး စိုးထိတ်သွားကာ အပြင်သို့ နပြူးနပြဲ ထွက်လာပြီး ကျန်သော သူများကို လိုက်နှိုးလိုက်သည်။ ကျန်နှစ်ယောက်ကလည်း အလျင်အမြန်ပင် ထွက်လာခဲ့ကြသည်။

"ဘယ်ရောက်သွားတာလဲ မသိဘူး။"
"အစ်ကို Rokumi လည်း မရှိဘူး။ ဘာတွေ ဖြစ်လို့ပါလိမ့်။"
"မြန်မြန် လိုက်ရှာကြရအောင်။ တစ်ခုခု မဖြစ်ခင် အချိန်မှီရှာနိုင်မှ ဖြစ်မယ်။"
သူ့စကားအဆုံးတွင် သူတို့တွေ လူခွဲပြီး တစ်ယောက်တစ်နေရာစီ လိုက်ရှာကြ၏။

ပင်လယ်ထဲတွင်တော့ Rokumi သည် ကြမ်းတမ်းသော လှိုင်းလုံးများကို အံတုရင်း အသံလာရာဘက်သို့ အားသွန်ခွန်စိုက် ကူးသွားရာ ခပ်လှမ်းလှမ်းက ရေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေသော Kurosawa အား တွေ့လိုက်ရသည်။
"Kurosawa!"
"အစ်ကို Rokumi။"
Rokumi အသံကြားတော့ ထိုကောင်လေးက အားကိုးတကြီးဖြင့် သူ့ဘက်သို့ ကူးခတ်လို့လာသည်။
"မင်း ဘယ်လိုဖြစ်လို့ ဒီလောက် အဝေးကြီးထိ ရောက်လာရတာလဲ။"
"ကျွန်တော်လည်း မသိဘူး။ ကျွန်တော်နိုးတော့ ရေနစ်မလို ဖြစ်နေလို့ လှမ်းအော်လိုက်တာ။"
"ထားပါတော့။ ငါတို့ ကုန်းပေါ် အမြန်သွားမှဖြစ်မယ်။ လှိုင်းကြမ်းလို့ အန္တရာယ်များတယ်။ ကမ်းဘက်ကို အမြန်ပြန်ကူးတော့။ ငါနောက်က လိုက်လာခဲ့မယ်။"
ကံဆိုးစွာဖြင့် မိုးက ရုတ်တရက် ရွာချလာသဖြင့် သူတို့နှစ်ယောက် ထိုင်ငိုချင်မိသွားသည်။
"ကဲ၊ သွားတော့။ နောက်ပြန်မလှည့်ကြည့်နဲ့။"
"ဟုတ်။"
Kurosawa လည်း Rokumi ပြောသည့်အတိုင်း ကမ်းဘက်သို့ လှည့်ပြီး တတ်နိုင်သမျှ ခပ်မြန်မြန် ကူးသွားတော့သည်။ လေကြမ်းပြီး မိုးရွာနေသော ပင်လယ်ကြီးသည် မနက်ကနှင့် မတူဘဲ ကြောက်စရာ အသွင်ကြီး ဖြစ်လို့နေသည်။

Love me like you do(only Unicode)Where stories live. Discover now