ဘာကြောင့်လဲ မေးတိုင်း အကြောင်းပြချက်ကို မပြောဘဲ သူ့ကို အပြစ်တင်ခိုင်းနေသော Medusa ကို Rokumi လုံးဝ စိတ်ပျက်သွားမိသည်။ ဘာကြောင့်မှန်းတော့ မသိပေမဲ့ ထိုအမှုသည် ကိုယ့်ကိုယ်ကို ကာကွယ်သော အမှုဖြင့်သာ အဆုံးသတ်ပြီး Rokumi သည်ကား ထောင်ထဲတွင် အပိုသုံးနှစ်နေခဲ့ရသည်။ နိုင်ငံရေး အပြောင်းလဲကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရသူများထဲမှာ သူပါသွားတာလည်း ကံကောင်းခြင်း တစ်ချက်ပင်။ ဒါပေမဲ့ အဖိုးဖြစ်သူကတော့ အလုပ်အလွန်အကျွံ လုပ်ရာကနေ ပင်ပန်းပြီး ဆုံးပါးသွားခဲ့ပြီဖြစ်ရာ Rokumi ၏ အပြန်ကို ဝမ်းပန်းတသာ မကြိုဆိုနိုင်တော့ချေ။ Medusa အပေါ်ထားသော Rokumi ၏ အနှုတ်သဘောတရားခံစားချက်များ ပို၍ ပြင်းထန်လာခဲ့သည်မှာ ထိုအကြောင်းကြောင့် ဖြစ်သည်။ မိမိအဖိုးဖြစ်သူအား နည်းနည်းလေးတောင် ကူညီခြင်း မပြုဘဲ ခြေရာဖျောက်သွားသော လူမှာ တရားခြင်း တစိုးတစိမှမရှိ။ သူသာ လုပ်ချင်ရင် ဒီအဖိုးအိုတစ်ယောက်ကို ကူညီစောင့်ရှောက်ပေးတာကတော့ လုပ်လို့ရမှန်း Rokumi သိပါသည်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူလည်း Kinလိုပဲ၊ သူ့ဆီက အရာအားလုံးကို ဖြိုချပြီး ထွက်ပြေးတိမ်းရှောင်သွားတာပါလား။
.
.
.
.
.
နောက်ပိုင်းတွင် Medusa သည် ဆက်တိုက်ဆိုသလို Rokumi အိမ်အပြန်လာကို ခွေးလေးတစ်ကောက်လို မျှော်နေတတ်ပြီး သူ့အချိန်အားလုံးကိုလည်း Rokumi ဆီမှာသာ မြှပ်နှံထားသဖြင့် တစ်ခါတစ်ခါ Rokumi တွေးမိသည်။ ဒီလူမှာ လုပ်စရာ မရှိဘူးလားလို့။ အဲဒါကြောင့်ပဲ အမြင်ကပ်ကပ်နဲ့ 'မင်းမှာ အလုပ်မရှိဘူးလား'လို့ မေးတော့ ပြုံးပြုံးကြီးနဲ့ ပြန်ဖြေသည်က
"မင်းကို ကြည့်ချင်လို့ အလုပ်တွေအကုန် ရပ်နားထားတယ်"တဲ့။
ခွါလို့မရတဲ့ ကော်လိုမျိုး ကပ်နေလို့ အမြင်ကပ်လွန်း၍ ဆွဲထိုးလိုက်ချင်သော်လည်း ရာထူးအရာရလည်းကောင်း၊ Medusa ၏ ထူးဆန်းသော အကျင့်အရလည်းကောင်း ထိုးလို့မဖြစ်ပြန်။ ထိုးလိုက်မိတာနဲ့ ရာဂတွေ မွှန်ထွန်နေသော မျက်လုံးတွေနဲ့ Rokumi အား ပြန်ကြည့်ပုံက ကျောချမ်းဖို့ပင် ကောင်းလွန်းသည်။"မင်း မဖြစ်မနေ ငါ့အနား နေရမှ ဖြစ်မယ်ဆိုလည်း Arata နဲ့တော့ တည့်အောင်နေသင့်တယ်။"
စာအုပ်မှ မျက်နှာခွါပြီး ပြောလိုက်သော Rokumi စကားကြောင့် သူ့ရှေ့၌ သူ့ကို မေးထောက်ကြည့်နေသော Medusa ၏ မျက်နှာမှာ ချက်ချင်း မှုန်သုန်သွားတော့သည်။
"ငါတို့နှစ်ယောက် ရှိနေတဲ့ အချိန်မှာ သူ့အကြောင်း မပြောလို့ မရဘူးလား။"
"မရဘူး။ ငါက သူ့ရဲ့ အလုပ်သမား။ သူက ငါ့ရဲ့ အလုပ်ရှင်ဖြစ်သလို ငါညီလေးလို သဘောထားတဲ့ ကောင်လေး။ မင်းတို့နှစ်ယောက် အဆင်မပြေရင် ငါက ကြားထဲက ဘယ်လို နေရမလဲ တွေးဖူးလား။"
"ဒါဆိုရင်လည်း တစ်ဖက် ရွေးလိုက်ပေါ့။ ငါကတော့ ငါ့စားခွက်ကို လုဖို့ ကြိုးစားနေတဲ့ လူကို နည်းနည်းလေးမှ အမြင် မကြည်နိုင်ပါဘူး။"
"......အေးပေါ့လေ။ မင်းက ဘယ်တုန်းက ငါ့အတွက် စဉ်းစားခဲ့ပေးဖူးလို့လဲ။ ပြောမိတဲ့ ငါပဲ မှားတာပါ။"
"မဟုတ်ဘူး Rokumi။ ငါ...."
"ပြီးတော့ ငါပြောပြထားမယ်။ ငါဘယ်ဘက်ကိုမှ ရွေးမှာ မဟုတ်ဘူး။ ချစ်ဖို့ကို ငါအရမ်း ပင်ပန်းနေပြီ။ လူနှစ်ယောက်ကို ငါ့အချစ်တွေ အကုန် ပုံပေးခဲ့ပြီးပြီ။ အခု ငါ့မှာ ဘာမှ မကျန်တော့ဘူး။ ဒီတော့ ငါ့ဆီကနေ ဘာမှ မျှော်မလင့်နေပါနဲ့တော့။"
ပြောစရာ စကားများ ကုန်သွားသော Rokumi က စာအုပ်ပိတ်ပြီး ထထွက်သွားမလို့လုပ်တော့ Medusa က သူ့ကို လှမ်းဆွဲထားပြန်သည်။
"ငါ အကုန် ပြန်ပေးဆပ်ပါ့မယ်။ အချိန်တွေရော၊ အချစ်တွေရော အကုန်ပြန်ပေးပါ့မယ်။ မင်းမှာ မရှိတော့ဆိုလည်း ငါပြန်ဖြည့်ပေးပါ့မယ်။ ငါက ဒီတိုင်း မင်းကို ပြန်လိုချင်ရုံပါ။ မင်းကို အရင်လို ပြန်ချစ်ပေးချင်ရုံပါ။ မင်းအလိုရှိမယ်ဆိုရင် ငါမင်းကို ဒီနေရာကနေ ခေါ်သွားပြီး လက်တစ်ချောင်းတောင် လှုပ်စရာ မလိုဘဲ နေနိုင်မယ့် ဘဝမျိုး ပေးနိုင်ပါတယ်။ မင်း ခေါင်းညိတ်လိုက်ရုံပါပဲ။"
ခံစားချက်အပြည့်နှင့် ပြောနေသော Medusa ၏ မျက်နှာကို Rokumi အကြည့်မလွှဲနိုင်လောက်အောင် ကြည့်နေမိသည်။ ငြိမ်သက်နေသော သူ့နှလုံးသားဟာ မီးရထားခုတ်မောင်းသံလို တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟည်းလာသည်။ ဒါပေမဲ့ အသိတရားသုံးကာ ချက်ချင်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရသည်။ ဒီလူသားရဲ့ ကျော့ကွင်းထဲမှာ ထပ်မိလို့ မဖြစ်တော့ပါ။ မဟုတ်ရင် မိမိပဲ ဒုက္ခရောက်ရလိမ့်မည်။ ဒီတစ်ခေါက်တော့ ဉာဉ်ထုံလို့ မရတော့ပါ။
"ငါနဲ့တစ်နေရာ သွားကြရအောင်။"
"....ဘယ်ကိုလဲ။"
"Surpriseလေ။"
Medusa က ပြုံးပြုံးကြီးနှင့် ဦးဆောင် ခေါ်သွားသဖြင့် Rokumi လည်း နောက်ကနေ ပါသွားရသည်။သူအခုတလော စိတ်ကောင်းဝင်နေတာ Rokumi သတိထားမိသည်။ တစ်နေကုန်လုံးလိုလို ပြုံးနေတတ်ပြီး သူစိတ်ပျော်ရင် လုပ်တတ်သည့် အမူအယာဖြစ်သော လေချွန်ခြင်းကို ခဏခဏ လုပ်တတ်သလို ခြေထောက်ကိုလည်း ကနာမငြိမ် ထားတတ်သည်။ သူ့အမူအရာ အသေးစိတ်ကအစ မှတ်မိနေသော မိမိကိုယ်ကိုယ်အား Rokumi ကြိမ်ဆဲမိသည် အထိပင်။
သူတို့ အပြင်ရောက်ခါနီးတွင်တော့ လှေကားပေါ်က ဆင်းလာသော Arataနှင့် ပက်ပင်းတိုးလေသည်။ Arataသည် လက်ထဲတွင် အထုတ်ကလေးတစ်ခု ကိုင်ထားပြီး သူတို့နှစ်ယောက် လက်ကိုင်ထားသည်ကို မြင်သည်နှင့် သူ့မျက်နှာပေါ်က အပြုံးတွေဟာ လွင့်ပြယ်သွားတာမို့ Rokumi က အလိုက်တသိနှင့် သူ့လက်ကို ဆွဲထားသော Medusa ၏ လက်ကို ဖြုတ်ချလိုက်သော်ငြား အလိုက်မသိသော သူကတော့ ပြန်ဆွဲကိုင်လိုက်လေသည်။
"ဘယ်သွားကြမလို့လဲ။"
"ငါတို့ဘာသာ ဘာလုပ်လုပ် ဘယ်သွားသွား မင်းနဲ့ ဘာဆိုင်လဲ။"To be continue.........

KAMU SEDANG MEMBACA
Love me like you do(only Unicode)
AcakRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...