Part 40

140 17 0
                                    

သူ့အဖိုးဆုံးသွားတုန်းက သူအခုလိုပဲ အမှောင်ထုကို ကြည့်ရင်း အမှောင်ထုကြီး ဝါးမျိုတာ ခံလိုက်ရရင် ကောင်းမှာပဲလို့ အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးသည်။ အပြင်ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားပြီး ဘယ်သူကမှလည်း မိမိကို ထပ်နာကျင်စေမည်မဟုတ်။ Rokumi မငိုခဲ့ပါ။ အဖိုးစျာပနာတုန်းကမငိုခဲ့သလို၊ တစ်ယောက်တည်း ပင်ပန်းရုန်းကန်နေရချိန်၊ အထီးကျန်နေချိန်မှာလည်း မငိုနိုင်ခဲ့ပါ။ မျက်ရည်တွေအစား သူ့ရင်ဘက်ထဲ၌ ဘယ်သူမှ ပြန်ပြင်လို့ မရမည့် ဟောင်းလောင်းပေါက်ကြီးတစ်ခုသာ ကျန်ခဲ့သည်။

သူအတွေးနက်နေတုန်း Medusa က အခန်းထဲသို့ ပြန်ဝင်လာပြီဖြစ်ရာ Rokumi သူ့ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ တံခါးအပြင်ဘက်က ဝင်လာနေသော အလင်းရောင်တို့ကို ကျောပေးထားသည့် Medusa သည်Rokumi မျက်လုံးထဲတွင် လွန်စွာ ခန့်ညားနေဟန် ပေါ်သည်။

တစ်ခါတစ်လေတော့လည်း အဲဒီ ဟောင်းလောင်းပေါက်ကြီးကို တစ်ယောက်ယောက် ပြန်ပြင်ပေးနိုင်ပြီး ငါ့ကို အမှောင်ထုထဲက ဆွဲထုတ်ပေးနိုင်မယ့် လူတစ်ယောက်ရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။

Rokumi သည် Medusa ဘက်သို့လှည့်ပြီး သူ့လက်တွေကို ဆန့်တန်းလိုက်ကာ ကြိုဆိုမည့်အသွင် လုပ်လိုက်သည်မို့ Medusa တောင် အနည်းငယ် အံ့ဩသွားသည်။

အင်း။ ငါမူးနေတာဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် နည်းနည်းလေးထပ်ရူးမိုက်ကြည့်မယ်။

Medusa သည် တံခါးပိတ်ပြီး Rokumi ဆန့်တန်းထားသည့် လက်တွေကြားထဲသို့ ပြေးဝင်ပြီး လှဲချလိုက်သည်မို့ ကုတင်ကြီးပင် ကျွီခနဲ အသံမြည်သွားသည်။
"ဒီနေ့ ထူးထူးဆန်းဆန်းပါလား။ ဘာဖြစ်လို့လဲ။"
Medusa ၏ မေးခွန်းလေးသံမှာ မဖုံးနိုင်မဖိနိုင်လောက်အောင် ပျော်ရွှင်မှုအငွေ့အသက်တွေ ပါနေသည်။ Rokumi သူ့ကို သေးသေးလေး ဂရုစိုက်ရင်တောင် သူအခုလောက်ထိ ပျော်ပါသည်။ လောကကြီးထဲက မတရားမှုတွေ ခဏတာ မေ့သွားစေတဲ့ အထိပေါ့။
".....မင်းလည်း ငါ့လို ခက်ခဲခဲ့မှာပဲလို့ တွေးမိလို့။ အဲဒါကြောင့် ခွင့်လွှတ်ပေးမယ်လို့ တွေးမိတယ်။"
Medusa အပြည့်အဝ မပြုံးရသေးခင် Rokumi ဆီမှ နောက်ထပ် စကားသံ ထွက်လာသည်။
"ဒါပေမဲ့ ပြန်လက်ခံပေးမယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး။"
"......."
"ငါချစ်ရတာ အရမ်း ပင်ပန်းနေပြီမို့။ နောက်ထပ် နက်ရှိုင်းတဲ့ ဘယ်လို ဆက်ဆံရေးမှ မထားချင်တော့ဘူး။"
"......"
ထိုစကားကို မိမိကျောအား ဖြည်းသပ်စွာ ပုတ်ပေးရင်း ချော့သိပ်သလို ပြောနေသည့် Rokumi အား ရက်စက်သည်ဆို၍ Medusa အပြစ်မဆိုရက်ပါ။ Medusa ဘယ်အချိန်က အိပ်ပျော်သွားသည်လဲ မသိသော်လည်း သေချာသည်ကတော့ Rokumi ရင်ခွင်ထဲမှာ Rokumi ချော့သိပ်တာ ခံရသောကြောင့် လျှင်မြန်စွာ အိပ်ပျော်သွားခဲ့သည် ဆိုတာကိုပင်။

Love me like you do(only Unicode)Where stories live. Discover now