"ဘယ်တစ်ယောက်လဲ။"
"သူ ကျွန်တော်တို့နဲ့ လူကွဲပြီးနောက်ပိုင်း သူလူတစ်ယောက်နဲ့ ခဏခဏ တွဲသွားတွဲလာလုပ်တဲ့လူရှိတယ်။"
"နာမည်သိလား။"
"နာမည်တော့ မသိဘူး။ ရုပ်ကိုတော့ ခပ်ဝေးဝေးက တစ်ခါ မြင်ဖူးတယ်။"
"ပြော။"
"အရပ်ရှည်တယ်။....ညီလေးထက်ရှည်တယ်။ ပြီးတော့ ချမ်းသာတဲ့ပုံပဲ။ ကားအကောင်းစားရှိတယ်၊ တောက်တောက်ပြောင်ပြောင် ဝတ်စားထားတယ်။ အသက်က အစ်ကိုကြီးထက်ကြီးတယ်။......ရုပ်ရည်ကတော့ ခန့်ခန့်ညားညား၊ အသားဖြူဖြူ၊ ပါးသိုင်းမွှေးရှိတယ်။ Nana က သူ့နား တအားကပ်နေတာ။"
"ပြီးတော့ရော"
"အစ်ကိုကြီးလည်း တစ်ခေါက်ပဲ မြင်ဖူးခဲ့တာ မဟုတ်လို့ ဒီလောက်ပဲ မှတ်မိပါတယ်။"
Medusa က ခေါင်းညိတ်ရင်း တွေးနေသည်။
"သူပြောထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး လူစာရင်းတွေ ငါ အကုန်လိုချင်တယ်။"
"အစ်ကိုကြီး၊ ကြာလိမ့်မယ်နော်။"
"ကိစ္စမရှိဘူး။ ယူသာယူလာခဲ့။"
"ဟုတ်ကဲ့ပါ။"
"ကဲ၊ ခင်ဗျားသွားလို့ရပြီ။ ဆေးတွေ ထပ်သုံးဖို့တော့ မတွေးနဲ့တော့။"
"ဟုတ်ကဲ့။ ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ်။"
Medusa သူ၏ မျက်ခုံးနှစ်ခုကြားက နေရာကို ဖိနှိပ်ရင်း သက်ပြင်းချလိုက်မိသည်။ သူမျက်လုံးမှိတ်လိုက်မိတာနဲ့Rokumi ၏ ပုံရိပ်က ပေါ်လာသည်။
'ငါအရမ်းပင်ပန်းတာပဲ Rokumi။ မင်းမျက်နှာလေးကို တွေ့လို့ရရင်၊ မင်းအသံလေးကို ကြားရရင် သိပ်ကောင်းမှာပဲ။'
Medusa Rokumi ကို ဖုန်းဆက်ဖို့တွေးမိသော်လည်း Rokumi အသံကြားမိရင် ပိုပြီး မထိန်းချုပ်နိုင်မှာစိုးလို့ အောင့်အီးထားလိုက်သည်။
.
.
.
.
.
Medusa မရှိသည့် အချိန်တွေမှာ Rokumi ဘဝ အရမ်းအေးချမ်းနေသလို ခံစားရသည်။ ပုံမှန် အေးချမ်းတာမျိုး မဟုတ်ဘဲ အရမ်း အေးချမ်းပြီး ထူးဆန်းနေသလိုမျိုး။ ငြီးငွေ့စရာကောင်းလွန်းပြီး အချိန်တွေဟာ ဖြတ်သန်းစီးဆင်းမှု ကြန့်ကြာနေသလို ခံစားရသည်။ တစ်ခါတလေ မနေနိုင်မထိုင်နိုင် ဖုန်းဆက်လိုက်ချင်ပေမဲ့ မာနနံရံကို မဖယ်နိုင်သေးသဖြင့် ဖုန်းလေးကို ထိုင်ခုံပေါ်တင်ပြီး အချိန်ကြာကြီး ငေးနေရုံသာ တတ်နိုင်သည်။ သူ့(Medusa) ဘက်ကလည်း စပြီးဆက်လို့ရရဲ့သားနဲ့ ဘာလို့ မဆက်လဲဆိုတာတွေးရင်း တစ်ခါတရံကျတော့လည်း Rokumi စိတ်ကောက်နေရပြန်သည်။ ထိုအတောအတွင်း Kin ကိုလည်းလွတ်အောင် ရှောင်ရတာ မလွယ်ပါ။ ထိုလူက မထင်ရင်မထင်သလို ရုတ်တရက် ထွက်လာတတ်ပြီး Rokumi ကို အနှောက်အယှက်ပေးပြန်သည်။ ကံကောင်းစွာဖြင့် Arataက အချိန်တိုင်း သူ့ကိုလာကယ်တင်ပေးသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် တစ်ယောက်သောလူသာ အနားမှာရှိရင် ကောင်းမှာပဲလို့ Rokumi တစ်ကိုယ်ကောင်းဆန်စွာ တွေးနေမိသည်။ သူ့အသိစိတ်ကသာ လက်မခံချင်ပေမဲ့ Medusa က Arataထက် သူ့ကို လုံခြုံအောင် လုပ်ပေးနိုင်သည်ဟု မသိစိတ်က လက်ခံထားသည်။ ထို့ကြောင့်ပဲ ပြဿနာတစ်ခု ပေါ်လာတိုင်း လူတိုင်းထက် Medusa ကိုပဲ ပိုတောင့်တနေမိခြင်းဖြစ်သည်။ ကံကောင်းစွာနှင့်ပဲ လေးရက်မြောက်နေ့တွင်တော့ Rokumi ခဏတာ အဲဒီအိမ်ကြီးကနေ အနားယူထွက်ပြေးနိုင်မည့် အခွင့်ရေးတစ်ခု ပေါ်လာခဲ့သည်။၎င်းမှာတော့ Arataနှင့် သူ၏ သူငယ်ချင်းများ၏ အပျော်ခရီးပဲဖြစ်သည်။ Arataက သူ့(Rokumi)ကိုပါ ခေါ်သွားမည်ဖြစ်ပြီး သူ၏ အမေဖြစ်သူကလည်း မပိတ်ပင်သောကြောင့် Rokumi အသက်ရှူချောင်သွားရတော့သည်။ စိတ်ရှုပ်စရာ ကလေးတွေနဲ့ အတူနေရမှာဆိုပေမဲ့ အနည်းဆုံး ဟိုမကောင်းဆိုးဝါးနဲ့ အတူနေရတာထက်တော့ သေချာပေါက်သာမှာ ဖြစ်လိမ့်မည်။ အဲဒီလောက်ထိ Rokumi Kin ကို မုန်းတာလားလို့ မေးရင် ခေါင်းခါပြမိမှာ။ မုန်းတာထက်ဆိုရင် ကြောက်တာပါလို့ ပြန်ဖြေမိပါပင်။
Arataကတော့ စထွက်ခါနီးညတည်းက မြောက်ကြွမြောက်ကြွနှင့် တော်တော် ပျော်နေရှာသည်။ သူ့အတွက်တော့ Rokumi နှင့်အတူ ခရီးထွက်ရမှာ တကယ့်ကို သူ့ဘဝထဲက ကံကောင်းခြင်းတွေထဲက တစ်ခုပဲလို့ ဆိုရမည်။ ပိုတယ်ပြောလည်း မတတ်နိုင်ပါ။ သူတကယ်ပဲ Rokumi ကို အဲဒီလောက်ထိ တန်ဖိုးထားချစ်နေမိခြင်းကြောင့်ဖြစ်သည်။ တစ်နေ့တစ်နေ့ Rokumi အပေါ်ထားသော သူ၏ အချစ်တရားတို့မှာ မလျော့သွားဘဲ ပိုပြီးလို့ပင် တိုးပွါးလာခဲ့သည်။ သူသိစေချင်တဲ့လူ မသိတာတော့ ကံမကောင်းခြင်းတစ်မျိုးပင်။ ဒါပေမဲ့လည်း Arata ရပ်တန့်ဖို့ မကြိုးစားချင်ပါ။ ရပ်တန့်ဖို့ ကြိုးစားရတာ Rokumi ပြန်မချစ်တာထက် ၂ဆ ၃ဆလောက် ပိုနာကျင်သောကြောင့်ဖြစ်သည်။ အဲဒါကြောင့် သူ သံဓိဋ္ဌာန်ချထားလိုက်သည်။ သူ့ဘဝတွင် ဘာဖြစ်ဖြစ် Rokumi တစ်ယောက်ကိုတော့ တန်ပြန်သက်ရောက်မှု မလိုပဲ ပေးဆပ်သွားမယ်ဆိုတာကိုပင်။
နောက်တစ်နေ့ မနက်တွင်တော့ Arataနှင့် Rokumi အထုတ်အပိုးများသယ်ကာ အိမ်ကို လာကြိုသည့် Arata၏ သူငယ်ချင်းများနှင့် ထွက်လာခဲ့ကြသည်။ သူတို့အဖွဲ့ထဲက လူတွေအားလုံးက ကျောင်းသားတွေပဲ ရှိသေးသည်မို့ Rokumi ပဲ ကားမောင်းလာခဲ့ရသည်။ Rokumi သည် driver အလုပ်လည်း လုပ်ဖူးသည်မို့ ကားမောင်းလည်း ကျွမ်းကျင်သည်။ လမ်းတစ်လျှောက်လုံး ကားအနောက်ဖက်ခြမ်းက Arataတို့ သူငယ်ချင်းတစ်စု သောင်းကျန်းမှုဖြင့် ဆူညံ ပွက်လောရိုက်လို့နေသည်။ Arataကတော့ Rokumi ဘေးတွင် ထိုင်ပြီး ထူးထူးဆန်းဆန်း အိန္ဒြေရလို့နေသည်။ အမှန်တော့ သူက Rokumi ၏ လှုပ်ရှားမှုများကို ကြည့်ရင်း ဗိုက်ဝသည့် ကြောင်တစ်ကောင်လို ကျေနပ်တင်းတိမ်နေသောကြောင့်ဖြစ်သည်။ Rokumi က လုံးဝ မိန်းမဆန်ရခြင်းမဟုတ်ဘဲ ဖြူဖြူဖွေးဖွေးလေးနှင့် ချစ်ဖို့ကောင်းနေခြင်းဖြစ်သည်။ ရေကန်သေလို အေးဆေးတည်ငြိမ်သည့် မျက်လုံးများက အမြဲလိုလို Arata၏ စိတ်နှလုံးကို အေးချမ်းစေသည်။ Rokumi ၏ မေးရိုးက လေးထောင့်ဆန်ခြင်းမျိုး မဟုတ်ဘဲ သွယ်သွယ်လျလျလေးဖြစ်သည်မို့ သူ၏ မျက်နှာ တည်ဆောက်ပုံက အခြားယောကျ်ားလေးများနှင့် ကွဲထွက်သွားတာ ဖြစ်ရမည်ဟု Arata ခန့်မှန်းမိသည်။
To be continue........
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...