"မတော်မဆဖြစ်တာပဲကို။ တောင်းပန်စရာ မလိုပါဘူး။"
Shigure ၏ Kin အပေါ်ထားသော အထင်အမြင်သည် ထိုအချိန်မှာပဲ ဟိုးနတ်ပြည်ထိ မြင့်တက်သွားခဲ့သည်။ သူ့ပုံရိပ် ထိခိုက်သွားမှာစိုးလို့ ဘာမှမပြော၊ ဘာမှမလုပ်ခဲ့သော Kin ဟာ သူ့မျက်လုံးထဲမှာတော့ သဘောထားကြီးမြတ်သော နတ်သားတပါးလို တောက်ပနေခဲ့သည်။ထိုစကားတို့ပြောပြီးသည်နှင့် ရေကူးခန်းထဲက ထွက်သွားသော Kin ၏ နောက်ကျောကို ကြည့်ရင်း Shigure သည် လွန်စွာ အားတောင့်အားနာ ဖြစ်သလို ခံစားနေရသည်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အတွက် သူအခုလို ဖြစ်သွားတာ ဘယ်လောက်တောင် ရှက်သွားလိမ့်မလဲဟု တွေးရင်း စိတ်ထဲမကောင်း။ နောက်နေ့မှ သေချာပေါက် တောင်းပန်မည်ဟု စိတ်ထဲ တေးထားလိုက်သည်။
အဲဒီကိစ္စပြီးနောက်တွင် Kin သည် သုံးရက်တိတိ ကျောင်းမလာခဲ့တာမို့ Shigure ပိုပြီး စိုးရိမ်သလို အပြစ်ရှိသလိုလည်း ခံစားနေရသည်။ ထူးဆန်းသည်က ထိုကိစ္စသည် ကျောင်း၌ ပျံ့နှံ့သွားခြင်း မရှိခြင်းပင်။ ပါးစပ်လုံသော ကျောင်းသားများအား Shigure ကြိတ်ကျေးဇူးတင်နေမိသည်။
လေးရက်မြောက်နေ့တွင် Kin ကျောင်းသို့ ပြန်ရောက်လာပြီး အရင်လိုပင်၊ ဘာမှမဖြစ်ခဲ့သလိုမျိုး အသွားအလာ ရှိနေခဲ့သည်။ အမြဲလိုလို သူ့နောက်လိုက်နေသော Shigure သည် Kin တစ်ယောက်တည်းရှိမည့်အချိန်ကို ချောင်းပြီး နောက်ဆုံးတွင်တော့ ခေါင်မိုးထပ်တွင် နှစ်ယောက်တည်း ဆုံနိုင်ခဲ့သည်။
"Senpai၊ ကျွန်တော် အရင်တစ်ခေါက်က ကိစ္စအတွက် တကယ်ကို တောင်းပန်ပါတယ်။"
"မလိုပါဘူးဆို။ ပြောထားတယ်လေ၊ မတော်မဆ ဖြစ်တာပဲကို။ ဘာမှ မဖြစ်ပါဘူးဆို။"
Kin ၏ အသံထဲတွင် မကျေနပ်မှု တစိုးတစိမှ ပါမနေ။ အပြုံးတစ်ခုပင် ခပ်ရေးရေး ပါနေသေးသည်။
"ဒါပေမဲ့ ကျွန်တော်.....အားနာပါတယ်။ အားနာလို့ တစ်ခုခု ပြန်လုပ်ပေးပါရစေ။"
"တစ်ခုခု ပြန်လုပ်ပေးချင်တယ်ပေါ့?"
ထေ့ငေါ့သလို လေသံနှင့် ပြောလိုက်သော Kin ၏ စကားကြောင့် Shigure နည်းနည်း ရင်တုန်သွားသည်။
"ကောင်းပြီလေ။"Kin သည် Shigure ၏ လက်မောင်းနှစ်ဖက်ကို ဆွဲပြီး ရုတ်တရက်ဆိုသလို နှုတ်ခမ်းချင်းထိကပ်လိုက်သဖြင့် Shigure ဘာမှ မတုန့်ပြန်နိုင်ခဲ့။ နွေးထွေးနူးညံ့သော အထိအတွေ့ တစ်ခုနှင့်အတူ သူ၏ နှလုံးသားဟာလည်း သက်ဆိုင်သော နေရာ ရှာတွေ့သွားသကဲ့သို့ ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။ ဒါသူ့ရဲ့ ပထမဆုံးအနမ်းဖြစ်သည်။ အတန်ကြာ နမ်းပြီးနောက်မှာတော့ Kin က မျက်နှာချင်း ပြန်ခွါပြီး ခရမ်းချဉ်သီးလို နီရဲနေသော Shigure၏ မျက်နှာအား ကျေနပ်စွာ ကြည့်နေရင်းကနေ မျက်မှန်အား ဆွဲခွါလျက် ဆံစများကို ကြင်နာစွာ သပ်ပေးလိုက်သည်။
"ငါအကြွေးပြန်ယူပြီးပြီ။ ဒီတော့ မင်းအားနာစရာ မလိုတော့ဘူး။"
Shigure ၏ မျက်မှန်အား ပိုင်ရှင်လက်ထဲသို့ ပြန်ထည့်ပြီးသည်နှင့် Kin သည် ခပ်မြူးမြူး အပြုံးဖြင့် ထွက်သွားသည်။
"မင်းက မျက်မှန် မပါရင် ကြည့်ကောင်းသားပဲ။"
သူမထွက်သွားခင် ပြောဖြစ်အောင် ပြောခဲ့သေးသည်။

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...