Part 38

140 17 3
                                    

တစ်ဖက်တွင်လည်း Medusa ၏ မျက်လုံးထဲတွင် alcohol ဝင်ထားသော Rokumi ၏ မျက်နှာလေးမှာ နီရဲရဲဖြစ်နေကာ လွန်စွာ ဆွဲဆောင်မှုရှိနေသည်။
"အစ်ကို မအိပ်သေးဘူးလား။"
သူတို့ဆီသို့ လျှောက်လာနေသော Medusa ကို မြင်တော့မှ Shigure ထရပ်ကာ အရပ်ပုလင်းတွေ၊ ခွက်တွေ သိမ်းဖို့ စလုပ်တော့သည်။
"ဟုတ်သားပဲ။ Rokumi လည်း အိပ်တော့လေ။ ညတောင် အတော်နက်နေပြီကို။ ကျွန်တော့်ကို အဖော်ပြုပြီး သောက်ပေးနေတာနဲ့ အတော် ကြာသွားတယ်။ တောင်းပန်ပါတယ်နော်။......ကောင်းသောညပါ။"
Shigure သည် ဘယ်သူမှ ဘာမှ မပြောသေးခင် ဦးစွာ အခန်းထဲက ထွက်ခွါသွားတော့သည်။ ကျန်ရစ်ခဲ့သော လူနှစ်ယောက်ကြားတွင် အေးစက်စက်လေထုနှင့် တိတ်ဆိတ်မှုသာ ကျန်ရစ်သည်။

"သူနဲ့ ဘာတွေပြောနေတာလဲ။"
".....ဒီလိုပါပဲ။ ဟိုပြောဒီပြောပေါ့။"
"အများကြီး သောက်ထားတာလား။"
"သိပ်မများပါဘူး။ သောက်နေကျအတိုင်းလောက်ပဲ။ မင်းလည်း အခန်းပြန်တော့။ ငါလည်း သွားအိပ်တော့မယ်။"
မိမိဘေးက ဖြတ်သွားတော့မယ့် Rokumi အား Medusa လက်ဆွဲပြီး ရုတ်တရက်ဆိုသလို ပွေ့ချီလိုက်သည်။ အရမ်း မြန်ဆန်လွန်းသည်မို့ Rokumi ရုန်းကန်ချိန်တောင် မရလိုက်ဘဲ Medusa လက်ထဲပါသွားရသည်။

Rokumi ၏ ကိုယ်အလေးချိန်က မပေါ့ပါ။ လုံးဝ မပေါ့ပါ။ ကြွက်သားများနှင့် တည်ဆောက်ထားသော ပေါင်၁၈၀ကျော်လေးသည့် Rokumi ၏ ခန္ဓာကိုယ်ကို Medusa ဘာမှမဟုတ်သလို ချီနိုင်သည်မှာ အံ့ဩစရာပင်။
"ငါ့ကို ချပေး။"
"ဟင့်အင်း။ မူးနေတယ် မဟုတ်လား။ အခန်းထဲထိ လိုက်ပို့ပေးမယ်။"
"ငါမမူးဘူး။ မလိုပါဘူးဆို။"
"ဂရုစိုက်ခွင့်လေးပြုပါ။"
"......"
"စိတ်မပူပါနဲ့။ ငါမင်းကို ဘာမှမလုပ်ပါဘူး။"
"......."
"....."
"ငါတို့နှစ်ယောက် အစတည်းက အဲဒီနေရာမှာ မတွေ့ခဲ့သင့်တာ။"
မိမိလည်ပင်းကို ခေါင်းအပ်ပြီး ပြောလိုက်သော Rokumi ၏ စကားကြောင့် Medusa အနည်းငယ် တန့်သွားသော်လည်း ခဏသာ။
"ဘယ်သူမှ ဘယ်ဒဏ်ရာဒဏ်ချက်မှ မရှိသေးခင် တွေ့ခဲ့သင့်တာ။"
"......"
"အဲဒါမှ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာတွေထိ ဝင်ခွင့်ပြုပေးနိုင်ပြီး အကောင်းဆုံး ချစ်ပေးနိုင်ကြမှာ။"
"........"
"ဒါပေမဲ့ Medusa၊ ငါတို့က အစမှ မကောင်းခဲ့ပဲ။ လွှတ်ချလိုက်ပါတော့။ ငါလည်း လွှတ်ချလိုက်ပြီမို့ ကိုယ့်ဘာသာဘဝကို အစက ပြန်စကြရင် မကောင်းဘူးလား။"
တစ်ချိန်လုံး နှုတ်ဆိတ်လာသော Medusa က အခုတစ်ခေါက်မှ ပြန်ဖြေသည်။
"ငါ့မှာ ပြန်စစရာ ဘဝ မရှိတော့ဘူး။ မင်းဆီမှာ ပုံအပ်ထားတာမို့။ သူများကို ထပ်ချစ်စရာ အချစ်လည်း မရှိတော့ဘူး။ မင်းဆီမှာ မြှပ်နှံထားပြီမို့။ ငါ့မှာရှိတာဆိုလို့ ရန်ငြိုးတွေပဲ ရှိတော့တယ်။ အဲဒီ ရန်ငြိုးတွေ ကုန်သွားပြီဆိုတာနဲ့ ငါမင်းဆီကို အလုံးစုံ ပေးအပ်ပြီး အေးအေးချမ်းချမ်းပဲ ဘဝကို ဖြတ်သန်းသွားတော့မယ်။ အဲဒါကြောင့် ငါ့ကို အစက ပြန်စဖို့ မပြောပါနဲ့။ ငါမလုပ်နိုင်ဘူး။ ဒီအတွက်လည်း မင်းဘာမှ ခံစားနေစရာ မလိုပါဘူး။ ငါက ဒီတိုင်း ငါ့စိတ်နဲ့ငါ လုပ်နေတာမို့ မင်းမကြည့်ချင်ရင် မျက်လုံး ပိတ်ထားပေးရုံပါပဲ။"
"......"
Rokumi Medusa ကို ငြင်းဖို့ ဆင်ခြေ ရှာမတွေ့တော့သည်မို့ မျက်လုံးပိတ်ပြီးတော့သာ အနှီလူ ခေါ်ဆောင်သည့်နောက်သို့ လိုက်လာခဲ့သည်။

ဒါပေမဲ့ လမ်းတစ်ဝက်လောက်တွင် Medusa က နောက်တစ်ကြိမ် ရပ်သွားသည်မို့ Rokumi မျက်လုံးဖွင့်ကြည့်လိုက်ရာ သူတို့အား ရှေ့တည့်တည့်မှ ရပ်ကြည့်နေသော Arataကို တွေ့လိုက်ရသည်။ Arata ၏ မျက်လုံးထဲတွင် Rokumi မှန်းထားသလို ရွံရှာ စက်ဆုပ်နေသည့် စိတ်ခံစားချက်မျိုး မတွေ့ရဘဲ အခြားသော ပြင်းထန်သည့် ခံစားချက်မျိုးဖြင့်သာ မီးတောက်နေသည်။
"Arata...."
Rokumi က Medusa ကိုယ်ပေါ်က ဆင်းဖို့လုပ်တော့ Medusa က ခွင့်မပြုဘဲ အတင်း ဆုပ်ကိုင်ထားသည်မို့ Rokumi နေရခက်လာသည်။
"Medusa!"
Rokumi ၏ ဒေါသဖြင့် ကြိတ်ခေါ်သံကိုလည်း Medusa ဂရုမစိုက်ဘဲ သူ့ရှေ့က Arataကိုသာ ကြည့်နေသည်။
"ညဘက်ကြီးတောင် မင်းက အစ်ကို့ကို တွယ်ကပ်နေတုန်းပဲကို။"
"ဆိုင်တာပဲ ပါပါ ညီလေးရယ်။ မဆိုင်တာတွေ သိပ်မပါနဲ့။ ကားယားကားယား လုပ်တာများရင် ရိုက်ချခံရတတ်တယ်တဲ့။"
"အစ်ကို၊ ကျွန်တော့်ဆီလာ။ ကျွန်တော် ချီပေးနိုင်တယ်။"
သူချီပေးနိုင်တာ Rokumi သိပါတယ်။ Arata က သူ့အစ်ကိုတွေလို အလုံးစုံ မဖွံ့ဖြိုးသေးဘူးဆိုပေမဲ့ Rokumi အား သယ်နိုင်သည့် အနေအထားမှာ ရှိသည်။ ဒါပေမဲ့ Rokumi အံ့ဩနေတာ အဲဒါ မဟုတ်။ သူ့ရှေ့မှာ ယောကျ်ားနှစ်ယောက် ဒီလို ဖြစ်နေတာတောင် ဘာမှ မဟုတ်သလို ပြောဆို ဆက်ဆံနေသော Arata၏ ပုံစံကိုပင်။ ဒီလိုမျိုး ချီထားတာကြီးက ကြည့်လိုက်တာနဲ့ ထင်းခနဲ၊ ဒင်းခနဲ သိသာနေမှာကိုတောင်။
"မ...ပေး...ဘူး။"
Medusa က တစ်လုံးချင်းစီ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"Medusa၊ ငါပြောနေတယ်။ ချပေးလို့။"
"Medusa၊ မင်း သူများပိုင်တာတွေ လိုက်လုယူနေရတာ မရှက်ဘူးလား! သူများအိမ်ကို ပိုင်စိုးပိုင်နက်ဝင်တယ်၊ သူများ မိသားစုထဲကို ပိုင်စိုးပိုင်နက် ဝင်လာပြီး ဥစ္စာတွေကို လုလို့အားမရလို့ သူများလူကိုပါ လုယက်နေတာ မရှက်ဘူးလား။............အေးပေါ့လေ။ အရှက်ဘယ်ရှိမလဲ။ ပြစ်တန်ဆာက မွေးထားတဲ့သား ဖြစ်နေတာကို။"
စကားမှားသွားသည်အား ကာယကံရှင်က မသိလိုက်ပါသော်ငြား Rokumi ကတော့ သိသည်မို့ Medusa ၏ မျက်နှာကို ဒိုင်းခနဲ မော့ကြည့်လိုက်ရာ အမှောင်ထဲက လင်းနေသလို ဖြစ်နေသော မျက်လုံးများနှင့် ထင်းနေသည့် မေးရိုးနှင့် သွေးကြောများကို တွေ့နေရပြီဖြစ်သည်။

To be continue...........

Love me like you do(only Unicode)Where stories live. Discover now