နိုးနိုးချင်း သတိထားမိတာက သူ့ရဲ့ လေးပင်နေသော ခေါင်းပင်။ လေးပင်ပြီး မူးဝေလွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်ဘဲ အတန်ကြာ ငြိမ်သက်နေရသည်။ နှစ်မိနစ်၊ သုံးမိနစ်လောက် ငြိမ်သက်ပြီးချိန်တွင်တော့ သူ မျက်လုံးတွေ ဖွင့်လို့ ရသွားသည်။ မျက်လုံး ဖွင့်လိုက်သည်နှင့် ခပ်စူးစူး ဝင်လာသော အလင်းရောင်ကြောင့် Medusa သည် ချက်ချင်းဆိုသလို Rokumi အား အမှတ်ရသွားသည်။
"Rokumi!"
Rokumi ၏ နာမည်အား အော်ခေါ်ပြီး နိုးလာပေမဲ့ သူ့နားတွင် ဘယ်သူမှ ရှိမနေခဲ့ပါ။ မူးဝေနေသေးသော ခေါင်းကို ဥပေက္ခာ ပြုပြီး၊ Medusa သည် အခန်းထဲကနေ ဒယိမ်းဒယိုင် ထွက်လာခဲ့သည်။
"ဟာ၊ ချီး!"
ခန္ဓာကိုယ်ကို လိုသလို လှုပ်ရှားလို့ မရသဖြင့် Medusa သည် ဒေါသဖြစ်ဖြစ်နှင့် သူ့အနားက ဖန်ပြတင်းပေါက်ကို လက်ဖြင့် ရိုက်ချလိုက်သည်။ ဖန်စတွေလည်း ကွဲသလို၊ သူ့လက်လည်း သွေးချင်းချင်းနီသွားသည်။ အနားက ဖြတ်သွားဖြတ်လာ လုပ်နေကြသော အိမ်အကူ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေကတော့ ကူညီပေးဖို့ နေနေသာသာ၊ကြောက်လွန်းလို့ အနားတောင် မကပ်ရဲကြချေ။အဆုံးတွင်တော့ Medusa သည် သူ့အဖေ၏ အခန်းနားသို့ အောင်မြင်စွာ ရောက်လာခဲ့သည်။
"ဘာဖြစ်လို့လဲ!"
တံခါးမဖွင့်ရသေးခင်တွင်ပဲ အထဲက ကျယ်ကျယ်လောင်လောင် စကားသံများကို Medusa ကြားနေရသည်။ အသံပိုင်ရှင်ကတော့ Kin ပင်။ တံခါးဖွင့်လိုက်သည်နှင့် အထဲတွင် ရှိနေသော မျက်လုံးနှစ်စုံက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
"Medusa၊ လက်က ဘာဖြစ်လာတာလဲ။"
"Rokumi မှာ ဘာပြစ်ချက်ရှိလို့လဲ။"
ဖအေမေးသော စကားကို ပြန်မဖြေဘဲ မေးလိုက်သော Medusa ၏ မေးခွန်းကြောင့် Junichiro သည် သက်ပြင်းတစ်ချက်ချပြီး စိတ်ပျက်လက်ပျက်နှင့် ထိုင်ခုံတွင် ထိုင်ချလိုက်ကာ ဖုန်းခေါ်ဆိုမှုတစ်ခု လုပ်လိုက်သည်။
"မင်းတို့အစ်ကိုလတ် လက်မှာ ဒဏ်ရာရသွားတယ်။ အခန်းထဲ ပြန်ခေါ်သွားကြစမ်း။"
"ကျွန်တော် မေးနေတာ ဖြေစမ်းပါ။ Rokumi မှာ ဘာပြစ်ချက်ရှိလို့လဲလို့။"
မိမိအတွက် သေလောက်အောင် အရေးကြီးနေသည့် ကိစ္စအား အေးအေးဆေးဆေးနဲ့ အရေးမပါသလို လုပ်နေသော အဖေဖြစ်သူကြောင့် Medusa ဒေါသပိုထွက်လာမိသည်။ ထိုအခါမှ Junichiro က ဖုန်းချပြီး သူ့ကို သေသေချာချာ ကြည့်လာသည်။
"သူက ယောကျ်ားတစ်ယောက်။ အဲဒါက သူ့ရဲ့ အကြီးမားဆုံး ပြစ်ချက်ပဲ။"
Junichiro ၏ အကြောင်းပြချက်ဆိုသော အဓိပ္ပာယ် မရှိသည့် အရာကို Medusa ပြက်ရယ်ပြုပြီး ပြန်ဖြေလိုက်သည်။
"စောက်ရေးမပါတာဗျာ။ အကယ်၍ ယောကျ်ားဖြစ်နေတာ အပြစ်ဆိုရင် ကျွန်တော် ခွဲစိတ်ပြီး မိန်းမ လုပ်လိုက်ပြီး သူနဲ့ယူမယ်ဆိုရင်ရော။"
"Medusa!"
ဘာခံစားချက်မှ မရှိသလို တည်ငြိမ်နေသော Junichiro ၏ ပုံရိပ်မှာ အခုတော့ ဒေါသကြောင့် စတင်ယိုယွင်းလာပြီဖြစ်သည်။
"ကျွန်တော် သိပါတယ်။ ကျွန်တော်က သားကောင်းတစ်ယောက် မဟုတ်ဘူး။ ယောကျ်ားကောင်းတစ်ယောက် မဟုတ်ဘူး။ လူကောင်းတစ်ယောက်တောင် မဟုတ်ဘူး။ အဲဒီအတွက်လည်း ကျွန်တော် အဖေ့ကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို မစွန့်လွှတ်နိုင်ဘူး။ အဖေ ကျွန်တော့်အပေါ် အခြားသားတွေနဲ့မခြား ကောင်းပေးတယ်ဆိုတာသိပါတယ်။ အဲဒီအတွက် ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အဖေလိုချင်တဲ့အတိုင်း နေပေးနိုင်ပေမဲ့ အဲဒီ ပုံစံခွက်ထဲမှာ Rokumi မရှိရင် ကျွန်တော် မနေနိုင်ဘူး။"
"Medusa!"
ထိုအချိန်မှာပဲ အခန်းထဲသို့ Junichiro ခေါ်ထားသော လူတွေ ရောက်လာကြပြီဖြစ်သည်။ သူ့ကို အခန်းထဲ တွဲခေါ်သွားဖို့ ကြိုးစားနေကြသော ထိုလူများကို ဥပေက္ခာပြုပြီး ဆက်ပြောသည်။
"ကျွန်တော်သူ့ကို ချစ်တယ်။ အဖေကျွန်တော့်လည်ကို လှီးမယ်ဆိုရင်တောင် ထွက်ကျလာမှာက သူ့ကို ချစ်ကြောင်းအော်ဟစ်နေတဲ့ အသွေးအသားတွေပဲ ဖြစ်လိမ့်မယ်။"
ပြောစရာ စကားများ ကုန်ဆုံးသွားသော Medusa သည် ဘယ်သူ့မှကို ဂရုမစိုက်သော ပုံစံဖြင့် အခန်းထဲကနေ ထွက်လာခဲ့သည်။ ထိုအခါမှ သူ့ဘေးက လူနှစ်ယောက်ကလည်း ကြောင်တောင်တောင်နှင့် လိုက်သွားကြသည်။ သူ့အား တားလို့ မရတော့မှန်း Junichiro သဘောပေါက်ပါသည်။ သူ့သားသုံးယောက်ထဲတွင် Medusa က ထိန်းချုပ်ဖို့ အခက်ခဲဆုံးလူဖြစ်သည်။ သူက ငယ်စဉ်ကတည်းက လောကဒဏ်နဲ့ ကြုံတွေ့ခဲ့ရသူမို့ ကျန်သားတွေထက်စာရင် လှည့်စားရခက်သလို ဖြိုလှဲရလည်း ခက်သည်။ သူဒီလို စကားကုန်ပြောပြီးတာတောင် သူ့ကို ထပ်တားဖို့ ကြိုးစားမယ်ဆိုရင် Junichiro ရော Medusa ရော၊ နှစ်ဖက်စလုံး ဆုံးရှုံးတာပင် အဖက်တင်လိမ့်မည်။Medusa ထွက်သွားသည်နှင့် Junichiro သည် အားအင်ကုန်ခမ်းသွားသကဲ့သို့ ထိုင်ခုံပေါ်၌ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။ အဖေတစ်ယောက်ရဲ့ ဆန္ဒကို နားလည်ပေးဖို့က ဒီလောက်တောင် ခက်ခဲသလား တွေးနေစဉ် Kin ဆီမှလည်း စကားသံထွက်လာ၏။
"ကျွန်တော်လည်း ဒီလို ဆက်မနေနိုင်တော့ဘူး။ ကျွန်တော့်တစ်သက်လုံး အဖေ့အတ္တတွေကြောင့် လူ့အမှိုက် ဖြစ်နေပြီးပြီ။ လူကိုလည်းသတ်ခဲ့တယ်။ ဆေးလည်း ချပြီးပြီ။ ရှုပ်လွန်းပွေလွန်းတာလည်း ရောဂါမရရုံတမယ်ပဲ။ ဒါပေမဲ့ ကျွန်တော် လူကောင်းဖြစ်ဖို့ အချိန်တန်ပြီလို့ထင်တယ်။ ကျွန်တော်.....အဖေ့အရိပ်ထဲက ထွက်ဖို့ အချိန်တန်ပြီလို့ထင်တယ်။"
Junichiro ဘာမှ ပြန်မပြောတော့ဘဲ Kin အခန်းထဲက ထွက်သွားသည်အထိ ကြည့်သာ ကြည့်နေခဲ့သည်။သားသုံးယောက်ကို စိတ်ပိုင်းဆိုင်ရာအရ တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရတာတောင် သူသည် အရူးတစ်ပိုင်းနှယ် ပြုံးနေလိုက်သေးသည်။
"ငါ့သားတွေများ ခေါင်းမာပုံက ငါနဲ့ တူလိုက်တာ။"
ပြီးနောက် သူသည် အံဆွဲကို ဖွင့်ပြီး အထဲက ဓာတ်ပုံလေးအား လွမ်းဆွတ်စွာကြည့်နေမိသည်။ ပုံထဲက ကောင်လေးနှစ်ယောက်တွင် ပုပုသေးသေး ပိန်ပိန်ပါးပါးလေးဖြစ်သော ကောင်လေးက မျက်နှာစူစူပုတ်ပုတ် ကောင်လေး၏ လက်ကို ဆွဲလို့ ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူတစ်ယောက်ကဲ့သို့ ရယ်မောနေခဲ့သည်။
"နော်၊ ကိုယ့်သက်ညှာ။"အင်း....။ အချို့လူတွေရဲ့ အတ္တကတော့ ထူးဆန်းပါပေဘိ။
To be continue.........
နောက် ငါးပိုဒ်လောက်ဆိုပြီးပြီထင်ပါရဲ့။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...