တံခါးဝမှ အသံကြောင့် သူတို့အားလုံး လှမ်းကြည့်လိုက်ကြရာ သူတို့ဆီ လျှောက်လာနေသော Medusa ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာပေါ်တွင် နဂါးတစ်ကောင်လို ကြောက်ဖို့ကောင်းသော အရှိန်အဝါမျိုးနှင့် ဒေါသတို့က ထိန်းမရအောင် လူးလွန့်နေသည်။ မျက်ခုံးနှစ်ခု ထိလုမတတ် တွန့်ချိုးနေတာတောင် သူ၏ မျက်နှာမှာ ဆွဲဆောင်မှု ရှိနေတုန်း။
"Medusa ပါလား။"
"မင်းတို့တွေ ဒါဘာလုပ်နေကြတာလဲ။"
"ဘာလုပ်တာလဲဆိုတော့ကာ....ဒီက သခင်လေးစားပြီးသားကို ကျွန်တော်တို့ မြည်းကြည့်ချင်ရုံလေးပါ။ ဘာများဖြစ်လို့...."
Hyaku၏ စကား မဆုံးခင် သူ့မျက်နှာတည့်တည့်ကို Medusa အားနှင့် ထိုးချလိုက်သဖြင့် နာကျင်စွာ အော်ဟစ်ပြီး လဲကျသွားတော့လေသည်။
"သူက ငါ့လူ။ သူ့ဘာသာဘယ်လောက်ပဲ အဆင့်နိမ့်တဲ့လူဖြစ်ဖြစ်၊ ဘုရင်ရဲ့ ကိုယ်လုပ်တော်ကို အစေခံတွေက ပစ်မှားခွင့်ရှိလို့လား။"
Rokumi ၏ ရင်ထဲ၌ နွေးထွေးမှုလေးတစ်ခု ခံစားလိုက်ရသည်။ သူက မိမိကို စော်ကားမော်ကားပြောဆို အနိုင်ကျင့်ခဲ့တာတောင် အခုလို ကာကွယ်ပေးနေသည့် စက္ကန့်ပိုင်းလေးက အုပ်စိုးသွားနိုင်သည်။
"ဒီကလေကချေကတော့....."
Hyaku သည် ဒေါသတကြီး ထလာပြီး Medusa ကို ဘုကြည့်ကြည့်လိုက်သည်။ ဘယ်လောက်ပဲ အင်အားကြီးပြီး မိမိထက် အဆင့်မြင့်ပါလိမ့်စေ၊ မကျေနပ်ချပ်တွေစုပြီး ပြွတ်သိပ်လာသော အခါတွင်တော့ သတ္တိအဖြစ် ပြောင်းသွားပေလိမ့်မည်။
"ခင်ဗျားကျွန်တော့်ကို နိုင်ချင်ရင် လူဒီ့ထက်ပိုလိုလိမ့်မယ်နော်။"
သူ၏စကားကြောင့် Hyaku တို့အဖွဲ့ အနည်းအကျဉ်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တော်လှန်ချင်သည့်တိုင် လက်နက်အင်အား မရှိလျှင် အခြေနေနဲ့ အချိန်ခါကို ကြည့်ပြီး ပြန်နောက်ဆုတ်ကာ အကောင်းဆုံး အခြေနေကျမှ ထိုးနှက်ရပေးမည်။
"Medusa ၊ မင်းဒီနေ့ကိစ္စကို မှတ်ထား။"
Hyaku သည် Medusa အား လက်ညှိုးငေါက်ငေါက်ထိုး၍ ထွက်ခွါသွားလေသည်။ များမကြာမီ Rokumi နှင့် Medusa နှစ်ယောက်တည်းသာကျန်ခဲ့သည်။Rokumi သည်ကား လက်က ကြိုးကို မဖြည်ရသေးဘူးဖြစ်ရာ အစောပိုင်းကလူတွေ ထားရစ်ခဲ့သည့်အတိုင်း တစ်ကိုယ်လုံး အကာအကွယ်မဲ့စွာ၊ ပုစွန်ထုပ်လေးနှယ် ကွေးလို့နေသည်။
"မင်းက လူတကာကို ဒီလိုပုံစံနဲ့ မြှုစွယ်နေမှတော့ မြင်တဲ့လူတိုင်းက တက်လုပ်ချင်ကြတော့မှာပေါ့။"
"ဘာ?! ငါက မြှုစွယ်တယ်ဟုတ်လား။ မင်းရူးနေတာလား။"
"တော်တော့။ ငါရန်မဖြစ်ချင်သေးဘူး။"
Medusa သည် Rokumi လက်က ကြိုးကို ဖြည်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ကျနေသော အဝတ်အစားများကို တစ်ခုချင်း ကောက်ပေးကာ Rokumi အဝတ်ဝတ်နေပုံအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ Rokumi လက်က အနီရာကြီးက သူ့ကို အကြောင်းမဲ့ ဒေါသထွက်ပြီး နာကျင်စေသည်။ အဆုံးတွင်တော့ သူသည် Rokumi အား ရင်ခွင်ထဲဆွဲထည့်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။
"Medusa၊ မင်း ဘာလုပ်နေတာလဲ။"
"ဘာဖြစ်လို့ ဒီလောက် ခေါင်းမာနေရတာလဲ။ ဒီတိုင်း ငါလိုချင်တဲ့အဖြေ ပြောပြလိုက်ရင် ရနေပြီကို။ အဲဒီအခါကျရင် ဒီနေရာမှာ မင်း ဘယ်သူ့ကိုမှ ကြောက်စရာမလိုအောင် ငါမင်းကို ဖန်တီးပေးနိုင်တယ်။ ဘာလို့ ဒီလောက် ဒုက္ခ ခံနေရတာလဲ။"
ဒုတိယအကြိမ်မြောက် ရင်ခုန်စိတ်လှုပ်ရှားမှုလေးတစ်ခု Rokumi ရင်ထဲ၌ ဖြစ်ပေါ်လာကာ သူ၏ လက်များသည်လည်း Medusa ၏ ကျောပေါ်သို့ ဖြည်းဖြည်းချင်း ရောက်လာသည်။
'......တောင်းပန်ပါတယ်။ ငါက မကောင်းတဲ့ကောင်မို့လို့ မင်းကို မပြောပြနိုင်တာပါ။ တောင်းပန်ပါတယ်။'
.
.
.
.
.
Rokumi နှင့် Arataတို့ အိမ်ပြန်လာကြရာ ခြံထဲ၌ ဆေးလိပ်သောက်ရင်း ထိုင်နေသော Medusa နှင့် တည့်တည့်တိုးလေသည်။ Medusa သည် တီရှပ်အနက်ရောင်ဝတ်ထားပြီး သူ၏ကိုယ်မှ ကြွက်သားများသည် ထင်းနေကာ အရင်ကနှင့်မခြား၊ အပြစ်ဆိုစရာ မရှိလောက်အောင် ကြည့်ကောင်းနေသည်။ သူသည် ရုတ်ချည်းဆိုသလို Arata တို့ ရှိရာဆီသို့ လျှောက်လာပြီး Rokumi ၏ လက်ကို လှမ်းဆွဲလိုက်သည်။ Arataကလည်း ချက်ချင်းဆိုသလို Rokumi ၏ နောက်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
"Medusa၊ မင်း ဒါဘာလုပ်တာလဲ။"
"အကြီးကို စကားပြောတဲ့ပုံကို ကြည့်ဦး။ ဘယ်လောက်တောင် အချိုးမပြေလိုက်သလဲ။ ငါ့ဘာသာ ဘာပဲလုပ်လုပ် မင်းနဲ့ ဘာဆိုင်လဲ။"
"ဆိုင်တယ်လေ။ အစ်ကိုက ငါ့လူ။"
"အစ်ကိုတဲ့လား။"
Medusa သည် သူ့လက်က လွတ်အောင် ရုန်းနေသော Rokumi ကို ကြည့်ပြီး ခနဲ့သလိုလို ရယ်လိုက်သည်။
"မတန်မရာ။ မင်းပါးစပ်က အဲဒီလို ခေါ်တော့ ငါအန်ချင်မိတယ်။"
"Medusa၊ မင်းလွှတ်မှာလား မလွှတ်ဘူးလား။"
"သေတောင် မလွှတ်ဘူး။ ငါသူနဲ့ ပြောစရာတွေ အများကြီးရှိတယ်။"
"မလွှတ်ရင် ငါ......"
"Arata။"
Rokumi ၏ ခေါ်သံကြောင့် Arata သူ့ကို ငဲ့ကြည့်လိုက်သည်။
"ရပါတယ်။ ငါစကားပြောပြီးတာနဲ့ လိုက်ခဲ့မယ်။ သိပ်မကြာလောက်ပါဘူး။ အရင်သွားနှင့်လိုက်ပါနော်။"
Rokumi စကားပြောတဲ့ပုံကိုကြည့်ပြီး Medusa ဒေါသထွက်လာသည်။
"မင်းက သူ့ကို ဘာကိစ္စ တောင်းပန်တဲ့ လေသံနဲ့ ပြောနေတာလဲ။"
Rokumi က သူ့အား တိတ်တိတ်နေဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သဖြင့် Medusa လည်း ခွေးပေါက်လေးလို ငြိမ်ကျသွားရသည်။
"ဒါပေမဲ့ အစ်ကို...."
"ဘာမှမဖြစ်ဘူးဆို။ ငါပြောတာ နားထောင်နော်။"
".....ကောင်းပါပြီ။ တစ်ခုခုဆိုရင် အော်လိုက်နော်။"
"အေးပါ။"
အဆုံးတွင်တော့ Arataသည်လည်း သူ့အစ်ကိုလတ်နဲ့မခြား၊ Rokumi ၏ စကားကို နားထောင်ရသည့် ခွေးပေါက်လေးသာ ဖြစ်သည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...