အတင်းအကြပ်ထိတွေ့တာကို မကြိုက်ဘူးဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရပြီး သဘောကျနေချိန်မှာတော့ ချစ်သူ၏ ရင်းရင်းနှီးနှီးထိတွေ့မှုကို လိုချင်တာ လူတိုင်း၏ သဘာဝပင်။ သူတို့၏ အခြေနေမှာ လူတိုင်းထက် ရင်းနှီးနေပေမဲ့ တစ်ပြိုက်နက်ဆိုသလို လူတိုင်းထက် ဝေးလွန်းနေပြန်သည်။ မတတ်သာသည့်အဆုံး Rokumi သည် ဖြစ်ချင်ရာဖြစ်ဆိုပြီး သူကိုယ်တိုင် စဖွင့်ပြောဖို့သာ ကြံရတော့သည်။ Medusa ကိုသာ ဆက်စောင့်နေမယ်ဆိုရင်ဖြင့် သူခေါင်းဖြူသွားလိမ့်မည်။
အဲဒီနေ့က သူတို့တွေ ခေါင်မိုးထပ်တက်ပြီး ဆေးလိပ်ထွက်သောက်ကြချိန်။ တိမ်အုံ့နေသော်လည်း နေရှိန်သည်မို့ အရိပ်ထဲမှာ ထိုင်ရင်း Medusa ကတော့ Rokumi ၏ ပေါင်ပေါ်တွင် လှဲနေလေ၏။ တင်းရင်းသလို အိစက်သော Rokumi ၏ ပေါင်တံတွေက Medusa အတွက်တော့ ဖြစ်ကတတ်ဆန်း လုပ်ပေးထားသည့် ထောင်ခေါင်းအုံးတွေထက်သာသည်။ ဆေးလိပ်သောက်ရင်း Rokumi မျက်နှာကို ခိုးခိုးကြည့်နေရသည်က တကယ်ကို အရသာရှိလွန်းသည်။ ချောလိုက်တာလို့တောင် ပါးစပ်က ထုတ်ပြောမိတော့မလို။
"Medusa။"
"ဟမ်?"
သူခိုးကြည့် ကြည့်နေတာ လူမိသွားသလားလို့၊ Medusa မှာ ဆေးလိပ်သီးချင်သလိုပင် ဖြစ်သွားသည်။
"ငါမင်းကို ဝန်ခံစရာရှိတယ်။"
"ထူးထူးဆန်းဆန်း ဘာများလဲ။"
Rokumi သည် သူ့လက်ထဲက ဆေးလိပ်အား ကြမ်းပြင်နှင့် ဖိသပ်ပြီး အတန်ကြာ ငြိမ်သက်နေရာမှ Medusa ကို ငုံ့ကြည့်လိုက်သည်။ Rokumi ဟာ သိပ်ချောလွန်းသည်ဟု ထိုအချိန်လေးတွင်ပဲ Medusa တွေးမိလိုက်သေးသည်။
"ငါလူတစ်ယောက်ကို သဘောကျနေတယ်။"
Medusa ၏ မျက်ခုံးတွေ ချက်ချင်းဆိုသလို တွန့်ကွေးသွားရသည်။
"ဘာ။"
သူက လှဲနေရာမှ ထမလို့လုပ်တော့ Rokumi က အတင်းဖိချထားသဖြင့် ထလို့မရ ဖြစ်နေသည်။
"ငါပြောတာပြီးအောင် ခဏလေး နားထောင်ဦး။...."
"ဒီထောင်ကကောင်လား။"
"......"
"ငါမေးနေတာဖြေလေ။"
"...အင်း။"
Rokumi ၏ နားရွက်ဖျားတွေ စတင် နီရဲလာတာကို Medusa သတိထားမိသည်။ အခြားအချိန်မှာသာ ဒီအပြုအမူလေးဟာ ချစ်ဖို့ကောင်းနေမည် ဖြစ်ပါသော်လည်း အခုတော့ ထိုအခြင်းအရာဟာ Medusa ကို ဒေါသပဲ ပိုထွက်လာစေခဲ့သည်။
"ဘယ်သူလဲ။"
"ငါပြောရင် မင်းဘာလုပ်မလို့လဲ။ သူ့ကို သွားရိုက်မလို့လား။"
"ရိုက်သင့်ရင်တော့ ရိုက်ရမှာပဲ။"
သူ့စကားကြောင့် Rokumi ပြုံးလိုက်မိသည်။
"သူက အရမ်းတုံးပြီး ချစ်ဖို့ကောင်းတာ။ တုံးလိုက်တာမှ ချာတူးလန်ပဲ။"
"ဒီတော့ မင်းက ခပ်လန်းလန်း sugar daddy type မျိုး မဟုတ်ဘဲ နုံနုံအအတွေကို ကြိုက်တာပေါ့။"
အတည်ပေါက်ကြီး မေးနေသော Medusa ကြောင့် Rokumi မှာ ပို၍ပင် ရယ်ချင်လာမိသည်။
"ထင်တာပဲ။ ပြီးတော့ သူက ရယ်လိုက်ရင် သိပ်ချစ်ဖို့ကောင်းတာ။ သွားတွေက ပုလဲတွေလို ဖြူဖွေးနေတာပဲ။"
"တော်တော့။ ငါ့ကို မင်းcrush အကြောင်း လာမပြောနေနဲ့။"
"ပြောပါရစေဦး။ သူက တုံးသာတုံးတာ၊ ချောလည်း ချောတယ်။ ဘော်ဒီကလည်း အလန်းပဲ။ စိတ်ထားလေးကတော့ မဆိုးလှပါဘူး။"
"......"
Medusa မှာ သုန်သုန်မှုန်မှုန်ဖြင့်သာ ဘေးက နံရံကို စိုက်ကြည့်နေသည်။
"ပြီးတော့ သူက ငါ့ပေါင်ပေါ်မှာ လှဲနေတယ်။"
Medusa ကျဉ်းမြောင်းထားသော မျက်လုံးတွေ ချက်ချင်းဆိုသလို ဝိုင်းစက်သွားသည်ကို Rokumi ကြည်နူးစွာ ကြည့်နေမိသည်။
"...ဟာ...."
ကြောင်ပျောက်နေသော မျက်နှာပေးဖြင့် ထထိုင်ရင်း သူ့ကို ကြည့်နေသော Medusa ကြောင့် Rokumi မှာ အသံထွက်ရယ်လိုက်မိသည်။
"...ငတုံး..."
"...နေပါဦး....မင်းငါ့ကို.....ငါ့ကို ပိုးပန်းနေတာလား။"
ပိုးပန်းတယ်တဲ့လား။ အေးပေါ့။ ဒီလိုပဲ ပြောကြတာပေါ့။ Rokumi ခေါင်းညိတ်ပြတော့ Medusa သည် ချက်ချင်းကို ပူတင်း အရည်ပျော်ကျသွားသလို ပြုံးဖြီးနေပြီး Rokumi လက်ကို လှမ်းကိုင်လိုက်သည်။
"....ပျော်လိုက်တာ။ ရှက်လည်း ရှက်တယ်။ တစ်မျိုးကြီးပဲ။.....ပျော်တယ်။....ဒါပေမဲ့ အရင် ခြေလှမ်းဦးခံလိုက်ရတာတော့ မကြိုက်ဘူး။ ငါအရင် ပြောချင်ခဲ့တာကို။"
"ငါစောင့်နေသေးတယ်။ မင်းက အချိန်တအား ဆွဲလွန်းတာကို။ ပြီးတော့ ငါက မိန်းကလေး မဟုတ်တဲ့ အတွက်ကြောင့် အခြားလူက ဖွင့်ပြောမှာကို စောင့်နေစရာ မလိုဘူး။"
"ငါ ဖွင့်မပြောဘူးဆိုတာ အငြင်းခံရမှာ ကြောက်လို့ပါ။"
"အဲဒါကြောင့်ပြောတာ။ မင်းက အရမ်းတုံးပါတယ်လို့။ ဒီတော့ မင်းအဖြေက?"
"မေးနေစရာ လိုသေးလို့လား ကိုယ့်ရဲ့ မိဖုရားရယ်။"
အမှန်တော့ Rokumi လည်း Medusa ငြင်းမှာ တွေးပူနေခဲ့ရတာ။ သူသာ ငြင်းလိုက်ရင် Rokumi ဘာမှ ဆက်လုပ်လို့ မရဘဲ အရှုံးသမားတစ်ယောက်လို ခေါင်းငုံ့ပြီး ထွက်သွားရမည်သာ။ ဒါပေမဲ့ အခုတော့ ခေါင်းငုံ့စရာမလို၊ ခံစားချက်တွေ ထိန်းချုပ်စရာ မလိုဘဲ Medusa ၏ မျက်နှာကို ကြည်ကြည်နူးနူး ကြည့်လို့ရပြီဖြစ်သည်။Medusa သည် Rokumi လက်ကို ဆွဲကိုင်ပြီး မေးခွန်းတစ်ခုမေးသည်။
"ဘယ်တုန်းတည်းကလဲ။"
"....မင်းငါ့ကို ကောင်းကောင်းမွန်မွန် စဆက်ဆံတည်းကဖြစ်မယ်ထင်တယ်။"
"ငါကတော့ အဲဒီထက် ပိုစောပြီး မင်းကို သဘောကျခဲ့တာ။"
"ဘာ။"
"ဟုတ်တယ်။.....ထူးဆန်းတယ်နော်။"
"မင်း Nana နဲ့ မပြတ်သေးဘူး မဟုတ်လား။ သူ့ကို အရင်ပြောတာ ကောင်းမယ်ထင်တယ်။"
"Nana ?"
"အေးလေ။"
"Nana နဲ့ ငါတို့နှစ်ယောက်တွဲတဲ့ ကိစ္စက ဘာဆိုင်လို့လဲ။"
"သူက မင်းနဲ့ ရည်းစားတွေ မဟုတ်ဘူးလား။"
"ဟာ....ဖွီ!...လွဲပါစေ၊ ချော်ပါစေ။ သူနဲ့ ငါက ဘာမှ မဟုတ်ပါဘူး။ သူက ငါ့မွေးစား အဖေရဲ့ သား။ ငါ့ညီ။"
"ဪ။"
Rokumi အားနာသွားသလို အထင်လွဲနေခဲ့သဖြင့် မလုံမလဲ ရှက်နေမိသေးသည်။
"မင်းက ဘာလို့ သူနဲ့ ငါ့ကို တွဲတယ် ထင်နေတာလဲ။"
"မင်းက သူ့အတွက်ဆိုပြီး အော်ဟစ်နေတာကို။ ငါလည်း ဘယ်သိပါ့မလဲ။"To be continue........

YOU ARE READING
Love me like you do(only Unicode)
אקראיRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...