ထိုအချိန်မှာပဲ Rokumi ခေါင်းထဲသို့ သူတို့နှစ်ယောက် တွေ့တွေ့ချင်း အချိန်က အကြောင်းတွေ ပြန်တွေးမိသည်။ ထိုအချိန်ကလည်း Medusa သည် မိမိကို သံသယကြောင့် အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးသည်။
.
.
.
.
.
Rokumi သည် မိမိမလုပ်ထားသော ပြစ်မှုအတွက် ၂နှစ်ခန့် ထောင်နန်းစံရမည့် အမိန့်ကြောင့် အလုပ်နှင့် လုံးပါးပါးနေရသော အဖိုးကို ပစ်ထားခဲ့ရပြီး အကျဉ်းထောင်ထဲသို့ ရောက်လာခဲ့ရသည်။ သူနှင့် တစ်ခန်းတည်း နေရသော Medusa ဆိုသည့် ကောင်လေးသည်ကား လူရိုက်မှုဖြင့် သူနှင့် မတိမ်းမယိမ်း ထောင်ထဲသို့ ရောက်လာခဲ့သူ ဖြစ်သည်။ ထောင်သက်တမ်း ဘာမှ မရှိသေးသော်လည်း အပြင်လောကမှာကတည်းက အကောင်ကြီးကြီး 'အစ်ကိုကြီး' ဖြစ်ခဲ့သူမို့ ထောင်ထဲမှာလည်း ဘုရင်တစ်ပါးလို စံစားနေရသူဖြစ်သည်။ သူလည်း ၂နှစ်ကျသည်မို့ Rokumi နှင့် သိပ်မကွာဘဲ လွတ်မည် ဖြစ်သည်။ထိုအချိန်က Rokumi က အသက် ၁၈။ ပိုက်ဆံမရှိလို့ တက္ကသိုလ် မတက်ရဘဲ အလုပ်ကြမ်းပဲ လုပ်နေခဲ့ရင်းမှ သူ့အချစ်ဦးကျေးဇူးကြောင့် အခုလို ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ Medusa ကလည်း ၁၈နှစ်ကျော်ရုံလေးပေါ့။
သူစရောက်သည့်နေ့မှစ၍ Medusa သည် သူ့ကို နည်းအမျိုးမျိုးနှင့် ဒုက္ခပေးခဲ့သည်။ Rokumi တတ်နိုင်သမျှ ရှောင်နေခဲ့ပေမဲ့ တဲ့တိုးကို တွေ့နေခဲ့သည်။
.
.
.
.
.
"ငှက်လေး၊ ခင်ဗျားအသက် ဘယ်လောက်လဲ။"
Medusa သည် ကုတင်အပေါ်ထပ်၌ လှဲနေရင်း Rokumi ကို လှမ်းမေးလိုက်သည်။
"၁၉ပြည့်တော့မယ်။"
Rokumi က တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်သည်။
"ငါနဲ့ အသက်အတူတူပဲကို။ ဒါနဲ့ ဘာအမှုနဲ့ ထောင်ထဲ ဝင်လာခဲ့တာလဲ ပြောပြချင်လား။"
"......"
Rokumi လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှ ပြန်လည်း မပြောခင်သလို၊ မှတ်လည်း မမှတ်မိချင်တော့ပါ။ ဒါပေမဲ့ Medusa ဆိုတဲ့ကောင်က သူသိချင်တာ မသိရရင် Rokumi ကို ဒီတစ်ညလုံး အိပ်မရအောင် ဒုက္ခပေးတော့မည်ဖြစ်သည်။
"မူးယစ်ဆေးသုံးစွဲမှု။"
Medusa ဆီကနေ လေချွန်သံထွက်လာသည်။ သူချွန်နေကျ အသံစူးစူး တီးလုံးပဲဖြစ်သည်။ ထိုအသံကြီးကို ကြားတိုင်း Rokumi မှာ မနေနိုင်လောက်အောင် ကြက်သီးတွေ ထလာကာ ကြောက်လည်းကြောက်မိသည်။ ထိုအသံသည် Medusa ၏ ကိုယ်ပိုင်တံဆိပ်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
"အဲဒါတစ်ခုတည်းဆိုတာ သေချာလို့လား။"
Rokumi မှိတ်ထားသော မျက်လုံးတွေ ဖွင့်လိုက်မိသည်။
"....မင်းဘာကို ပြောချင်တာလဲ။"
စကားသံမကြားရတော့ဘဲ လှုပ်ရှားမှုကြောင့် ကုတင်လှုပ်ခါနေသံကိုသာ ကြားရသည်။ ပြီးနောက် Medusa ၏ ကိုယ်တစ်ပိုင်းက အပေါ်ကနေ ဇောက်ထိုးပေါ်လာသည်။
"မုဒိန်းမှုလေ။"
Medusa ပြုံးပြုံးလေးနှင့် ပြောလိုက်သော စကားကြောင့် Rokumi ၏ ခြေဖျားလက်ဖျားတွေ အေးစက်သွားပြီး ရင်တွေလည်း တဒိတ်ဒိတ် ဖြစ်လာသည်။ မသိရင် သူကပဲ တကယ်လုပ်ထားမိခဲ့သလို။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...