Arataနှင့် စကားပြောပြီးနောက် နောက်ထပ် ရောက်လာသူမှာ Kin ဖြစ်သည်။ သူသည် အတော်လေး အလိုမကျဟန် ပေါ်လွင်နေပြီး မျက်ခုံးတွေမှာ တွန့်ချိုးလို့နေသည်။
"Rokumi၊ တကယ်ကို ငါ့ဆီ ပြန်လာဖို့ အစီစဉ် မရှိတော့ဘူးလား။"
"ဟင့်အင်း။"
တိကျပြတ်သားသော Rokumi ၏ အဖြေကြောင့် Kin မှာ ပိုလို့ပင် စိတ်အလိုမကျဟန် ပေါ်လာသည်။
"ငါနောင်တရပါတယ်။ ဒါဟာ ငါ့ဘဝမှာ အခြားတစ်ယောက်ကို အမှားဝန်ခံဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ ကျေနပ်သင့်နေပြီမဟုတ်ဘူးလား။"
"ကျွန်တော် ခင်ဗျားကို စိတ်ဆိုးနေသေးလို့ မဟုတ်ဘူး။ ဒီတိုင်း၊ အရာအားလုံးကို စိတ်ကုန်သွားရုံပဲ။ ထပ်မချစ်ချင်တော့ဘူး။ ပြီးတော့ ခင်ဗျား တကယ်ကို သတိမထားမိတာလား။"
"....ဘာကိုလဲ။"
"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူ့ကို ချစ်နေတယ်ဆိုတာတောင် မသိဘူးလား။"
"....."
"သိပ်မနောက်ကျခင် ဝန်ခံလိုက်ရင် ကောင်းမယ်နော်။ မဟုတ်ရင် ခင်ဗျားနဲ့ ကျွန်တော့်အဖြစ်လိုပဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဖြစ်သွားလိမ့်မယ်။ သူကလည်း စိတ်ကုန်သွားတာ မဟုတ်သေးဘူး။ ကြိုးစားလို့ ရသေးတယ်။"
"......."
Rokumi ၏ အကြံပြုချက်ကို Kin ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။ သူတကယ်ကို စိတ်ရှုပ်ထွေးနေပြီး သူ့ခံစားချက်တွေကို သူနားမလည်ပါ။အဆုံးတွင်တော့ အိတ်လေးတစ်လုံးနှင့် Medusa သည် Rokumi နားသို့ ရောက်လာခဲ့ပါရဲ့။
"Rokumi။"
"ပြော။"
"ငါလည်း ဒီမှာပဲ နေတော့မယ်။"
"ငါ့ကို ဘာဒုက္ခ ပေးဦးမလို့လဲ။"
"ဒုက္ခ ပေးမလို့မဟုတ်ပါဘူးကွာ။ ငါ ဒီတိုင်း....မင်းမရှိရင် မနေနိုင်လို့ပါ။ ကျန်တဲ့ကောင်တွေ လက်လျှော့မယ်ဆိုပေမဲ့ ငါကတော့ လက်မလျှော့ဘူး Rokumi။ ငါ မင်းနားမှာပဲ တွယ်ကပ်နေဦးမှာ။ ဒါပေမဲ့ မင်းကို စိတ်အနှောက်အယှက်ပေးပြီး တွယ်ကပ်နေမှာ မဟုတ်ပါဘူး။ မင်းငါ့ကို လက်ခံလာမယ့်အချိန်အထိ စိတ်ရှည်ရှည်ထားပြီး စောင့်နေရုံပါပဲ။"
Medusa က ပြောရင်းနှင့် Rokumi လက်ကို ကိုင်သောအခါ Rokumi သူ့လက်ကို ဖယ်လိုက်သည်။
"ငါ Shigure နဲ့ အိပ်ပြီးပြီ။"
Medusa ရဲ့ မျက်လုံးထဲက နာကျင်မှု အရိပ်အယောင်တွေကို တွေ့လိုက်ရပေမဲ့ Rokumi ဥပေက္ခာပြုဖို့ တွေးရင်း ခပ်တည်တည်ပဲ နေလိုက်သည်။
"ကိစ္စ မရှိပါဘူး။ ဘာမှမဖြစ်ဘူး။ ယောကျ်ားလေးသဘာဝက ဒီလိုပဲကို။ ဒါကို အပြစ်ပြောလို့ မရပါဘူး။"
"မင်းကိစ္စ မရှိပေမဲ့ ငါရှိတယ်။ ငါမင်းနဲ့ ထပ်မပတ်သက်ချင်တော့ဘူး။ ငါပြဿနာတွေနဲ့ အဝေးဆုံးမှာပဲ နေချင်တယ် Medusa။ စိတ်မကောင်းပါဘူး။"
Medusa အား ဘာမှ ထပ်မပြောခွင့် မပြုဘဲ Rokumi အပေါ်ထပ်သို့ပဲ ပြန်လာခဲ့သည်။ အောက်က လူသားကတော့ ကျောက်ရုပ်ကြီး အသွင် တောင့်တောင့်ကြီး ရပ်နေမိသည်။
.
.
.
.
.
အချိန်တစ်ပတ်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပေမဲ့ အမြဲလိုလို တွေ့နေရသော Medusa ၏ မျက်နှာကြီးဟာဖြင့် Rokumi တို့ အခန်းရှေ့မှာ တဝဲလည်လည် တွေ့နေရမြဲပင်။ အလုပ်သွားတိုင်း၊ အလုပ်ပြန်လာတိုင်း၊ အပြင်ထွက်တိုင်း၊ အိမ်ပြန်လာတိုင်း။ အမြဲတွေ့နေရတာမို့ သူနဲ့ နေနေရသလိုပင် ဖြစ်လာတော့သည်။ တစ်ခါတစ်လေတော့လည်း တွေးမိပါရဲ့။ သူများ အိမ်ရှေ့မှာ တစ်ချိန်လုံးနီးပါး စောင့်နေရလောက်အောင် အလုပ်တွေများ အာယားနေသလားလို့။ တစ်ခါတစ်လေကျတော့လည်း နေစရာနေရာ မရှိသည့် လမ်းဘေးခွေးလေးလိုမျိုး သနားစဖွယ် လုပ်ပြနေသည်မှာ တကယ့်ကို နေစရာနေရာ မရှိဘူးလားဟု ထင်ချင်စရာပင်။ Rokumi က ထိုကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းခဲနေရပေမဲ့ Shigure ကတော့ သူတို့နှစ်ယောက်အား မချိုမချဉ် အပြုံးလေးဖြင့်သာ အမြဲလိုလို တိတ်တဆိတ် ကြည့်နေလေ့ရှိသည်။

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...