လူများလွန်းသော ရန်ပွဲထဲတွင် ဝင်မပါမိအောင် ကြိုးစားရင်း Rokumi သည် တတ်နိုင်သမျှ ဘေးကပ်နေရသည်။ ပုံမှန်ဆို ဒီလောက်ကြီးတဲ့ ရန်ပွဲမပြောနဲ့၊ နှစ်ယောက်သုံးယောက်ပဲပါတဲ့ ပွဲဆိုရင်တောင် ထောင်စောင့်တွေက ချက်ချင်းရောက်လာပြီး တားတတ်သည်။ အခုလောက်ထိ နောက်ကျနေတာကတော့ တစ်ခုခု ဖြစ်လို့ဆိုတာ ခန့်မှန်းလို့ရသည်။ ထိုအချိန်မှာပဲ သူ့မျက်စိထောင့်တစ်နေရာ၌ ဓားထုတ်လိုက်သော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည်ကား Hyaku ဖြစ်ပြီး သူသည် သူ့တည့်တည့်က တစ်စုံတစ်ယောက်ကို စူးစူးရှရှ စိုက်ကြည့်နေသည်။ ဘယ်သူ့ကို ကြည့်နေတာလဲဆိုပြီး Rokumi လိုက်ကြည့်ကြည့်ရာ ထို တစ်စုံတစ်ယောက်ဆိုသည်မှာ Medusa ဖြစ်နေမှန်း သိလိုက်ရ၏။ Rokumi အခုမှ သတိထားမိသည်။ Medusa သည် လူသုံးယောက်လောက်နဲ့ ယှဉ်နေရပြီး ထိုလူသုံးယောက်ကလည်း တိုက်စစ်ဆိုတာထက် Medusa အား လှုပ်မရအောင် ချုပ်ဖို့ ကြိုးစားနေခြင်းသာ။ Medusa မှာ တော်တော် သန်သည်မို့ သူတို့သည် ခြေခိုင်အောင်ပင် မနည်းထိန်းနေရသည်။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ Rokumi သဘောပေါက်လာသည်။
သူနှင့် Hyaku သည် နှစ်ယောက်စလုံး တစ်ပြိုင်နက်ဆိုသလို Medusa ဆီသို့ ပြေးလာကြသည်။ Hyaku သည်ကား ခေါင်းထဲတွင် ကိစ္စတစ်ခုပဲ ရှိသဖြင့် သူနှင့်အတူ အပြိုင်အဆိုင် ပြေးလာနေသော Rokumi ကို သတိထားမိပုံမပေါ်။ Medusa ကလည်း အနားရောက်လာတော့မှသာ သူ့ဆီပြေးလာနေသော လူနှစ်ယောက်ကို လှမ်းမြင်လိုက်သည်။
ဇွက်!
ခါးဘယ်ဘက်လောက်ကို ဖောက်ထွက်သွားသော ဓားသွားသည် Rokumi ကို ကြယ်တွေလတွေပါ မြင်သွားလောက်စေသည်အထိ နာကျင်စေနိုင်သော်လည်း Rokumi သည် ထိုဓားအား ပြန်ထုတ်လို့မရအောင် ဆွဲထားရသည်။ အကယ်၍များ ပြန်ထုတ်ပြီး Medusa ကို ထိုးမလို့ ထပ်ကြိုးစားရင် သူမကာကွယ်ပေးနိုင်တော့မှာ စိုးရိမ်သည်။ Medusa ကတော့ သူ့ရှေ့က မြင်ကွင်းကို ကြောင်အစွာ ရပ်ကြည့်နေမိသည်။
"လွှတ်စမ်း!"
Hyaku က ဆွဲထုတ်ဖို့ ကြိုးစားနေသဖြင့် ဓားသွားဟာ အထဲမှာ မွှေနေသလို ဖြစ်ကာ နာလွန်းသည်မို့ သတိလစ်မတတ်ပင်။

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...