"အင်း။ ပေါင်းပင်တွေ ရှင်းပစ်တယ်ပဲ ဆိုကြရမှာပေါ့။ ဒီလူအိုကြီးရဲ့ သားတွေအပေါ်ထားတဲ့ အတ္တကိုတော့ ဗွေမယူကြဖို့ တောင်းဆိုပါတယ်။"
ညီအစ်ကိုတွေ အကုန်လုံးက တစ်ပုံစံတည်း ဖြစ်နေတယ်လို့ ထင်ခဲ့တာ။ လက်စသတ်တော့ ဒီပုံစံခွက်ထဲက ထွက်လာခြင်းကြောင့် ဒီလိုပုံစံမျိုး ဖြစ်နေမှန်း အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။
"စိတ်မပူပါနဲ့။ အလုပ်ရှင်က မလိုအပ်တော့ဘူး ဆိုနေမှတော့ အလုပ်သမားက ဆက်နေဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။"
Rokumi က ပြောလိုက်သည်။
"အခုလို နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ မင်းတို့တွေအတွက် လုံလောက်တဲ့ အထောက်အပံ့တွေ ထည့်ပေးလိုက်ပါ့မယ်။"
"မလိုပါဘူး။ ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါ။"
Shigure က သူ့uniform အင်္ကျီမှာ ပါသော မလိုအပ်သည့် ကြယ်သီးများကို ဖြုတ်ပြီး ပြောသည်။
"ဒီနှစ်တွေအတွင်း ကျွန်တော် သူ့ဆီကနေ ထွက်သွားချင်ပေမဲ့ မထွက်သွားနိုင်ခဲ့ဘူး။ အခုတော့ အကြောင်းပြချက် ကောင်းကောင်းရှိပြီ။ ကျွန်တော် နောက်ဆုံးတော့ လွတ်မြောက်တော့မယ်။ ခင်ဗျားကိုပဲ ကျေးဇူးတင်ရမှာပေါ့။"
"ကျွန်တော်တို့တွေ ထွက်သွားပေးပါ့မယ်။"
Rokumi က အရင်ထလိုက်တော့ Shigure လည်း လိုက်ထလိုက်သည်။
"ဒါပေမဲ့ လျော်ကြေးတော့ မလိုပါဘူး။ ကျွန်တော်တို့က အစတည်းက တပ်မက်မှုကြောင့် သူတို့ဆီ ရောက်ခဲ့ကြတာ မဟုတ်လို့ပဲ။"
Junichiro ဘာမှ ထပ်ပြောဖို့ အခွင့်အရေး မရခင် သူတို့တွေ အခန်းထဲက ထွက်လာကြသည်။ သူတို့ဂုဏ်သိက္ခာကို စော်ကားမော်ကား ပြောထားသော ထိုလူကြီးနဲ့ တစ်ခန်းတည်း တစ်စက္ကန့်မှ မနေလိုတော့ပါ။ ပြီးတော့ Kin ပြန်မရောက်ခင်၊ Arata မနိုးခင် ဒီနေရာကြီးက ထွက်သွားမှဖြစ်မည်။ မဟုတ်ရင် ပြဿနာတွေက ပိုကြီးကုန်လိမ့်မည်။"ဘယ်သွားမယ်လို့ တွေးထားလဲ။"
Shigure က ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးတော့ Rokumi သူ့ဘက်ကို လှည့်ကြည့်လိုက်မိသည်။ သူ့ကြည့်ရတာ အရင်ကလောက် လေးပင်နေပုံ မပေါ်တော့ဘဲ အများကြီး ပေါ့ပါးနေသည့်ပုံ ပေါ်သည်။ အပြုံးတွေကအစ အသက်ဝင်လာသည်မို့ Rokumi သူ့အတွက် ဝမ်းသာမိသည်။
"ဘယ်သွားရမလဲဆိုတာတော့ သေသေချာချာ မတွေးရသေးပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် ဒီနိုင်ငံက ထွက်သွားချင်ပြီ။ ပိုက်ဆံမရှိတာဆ်ိုးတယ်။"
"ကျွန်တော် ဒကာခံပါ့မယ်။ အတူတူ သွားကြရအောင်။"
Shigure ၏ စကားကြောင့် Rokumi သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးလိုက်မိသည်။
"မလှောင်ပါနဲ့။ တကယ်ရှိတာပါ။ ဒီနေရာကြီးမှာ နှစ်တွေ အများကြီး ရင်းလာခဲ့ရတာ ပိုက်ဆံတစ်ခုတော့ အဖက်တင်ပါတယ်ဗျ။"
"မလှောင်ရဲပါဘူးဗျာ။ ဒီတိုင်း သဘောကျလို့ ပြုံးမိတာပါ။"
"ကျွန်တော်ကတော့ အီတလီဘက် သွားကြည့်ချင်လို့ဗျ။ ဗင်းနစ်စ်လေ။"
"မဆိုးဘူးပဲ။"
"တကယ်ပြောနေတာနော်။ ကျွန်တော် Rokumi ကို အလုပ်ငှါးပါ့မယ်။ လိုက်ခဲ့ပါလားလို့။"
"......အင်း။ ကောင်းပါပြီလေ။"
Shigure သည် Rokumi အဖြေကြောင့် ပြုံးလိုက်မိသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...