Part 12

162 26 0
                                    

Arata ကို အခန်းထဲပို့ပြီးချိန်တွင် Rokumi သည် မိမိအခန်းရှိရာဆီသို့ ပြန်လာခဲ့သည်။ သူသည် အခန်းတံခါးရှေ့တွင်ရပ်ပြီး ဘောင်းဘီအိတ်ထဲက သော့ကို နှိုက်ထုတ်လိုက်စဉ် သော့က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အမှန်တကယ်ကို သော့မလိုဘူးဆိုသော်လည်း Arata က သူ့ကို သီးသန့်ကျကျလေး နေစေချင်သောကြောင့် သော့ပေးထားခြင်းဖြစ်သည်။ Rokumi လည်း တုံ့ဆိုင်းမှုမရှိဘဲ သော့ကို ကုန်းကောက်လိုက်စရာ တစ်စုံတစ်ယောက်က သူ့နောက်ကနေ လမ်းလျှောက်ရင်း ဝင်တိုက်မိသွားသည်။

"ဆောရီး။"
ထိုလူသည် Rokumi ကို ထိုတစ်လုံးသာပြောပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ဆက်လျှောက်ပြီး ထောင့်ချိုးတစ်ခုသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ တစ်ဖက်တွင်တော့ Rokumi သည် ဘာမှမပြောနိုင်လောက်အောင် ကြက်သေသေသွားရသည်။ အကြင်လူ သူ့နားရောက်သည်အထိ ခြေသံမကြားရအောင် Rokumi ဟာ နားလေးသော လူထဲမှာမပါ။ ပြီးတော့ အသံ။........ထိုအသံဟာ လွဲစရာမရှိ။ သူရင်းရင်းနှီးနှီး သိခဲ့ဖူးသော လူတစ်ယောက်၏ အသံ။ ထိုလူ၏ ခြေသံတိတ် လမ်းလျှောက်တတ်ပုံနှင့် အသံ။ လွဲစရာမရှိအောင် တူနေသည်။ ကျောချမ်းဖွယ်ရာ ကြက်သီးထမှုကြီးနှင့်အတူ အကြောက်တရားတစ်ခုသည် Rokumi ကျောရိုးထဲသို့ ကုပ်ဖက်ကပ်တွယ်လာခဲ့သည်။ သူအသိဝင်လာလို့ လှမ်းကြည့်လိုက်ချိန်တွင်တော့ လျှောက်လမ်းထဲတွင် ဘယ်သူမှရှိမနေတော့။

Rokumi သည် အခန်းထဲသို့ လျှင်မြန်စွာဝင်ပြီး ရင်တုန်ပန်းတုန်နှင့်ပဲ တံခါးကို ပိတ်လိုက်မိသည်။ သူထင်နေသောလူဟာ ဒီနေရာမှာ ရှိနိုင်စရာ ဘာအကြောင်းမှ မရှိဘူးဟု တွေးရင်း မိမိကိုယ်ကိုသာ ပြန်ထိန်းနေရသည်။ တကယ်လည်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိသည်။
.
.
.
.
.
Arata သည် အခန်းထဲတွင် ပျင်းရိပျင်းတွဲ လှဲနေရင်းကပင် တံခါးခေါက်သံ ကြားသောအခါ ထဖွင့်ပေးလိုက်သည်။ သူထင်သည့်အတိုင်း သူ့အမေပင်။
"အဖေရောက်ပြီလား။"
"အင်း။ သွားရအောင်။"
"အင်းပါ။"

Arata သည် ဘာအပိုစကားမှ မပြောတော့ဘဲ သူ့အမေနဲ့အတူ ထမင်းစားခန်းထဲသို့ ဆင်းလာခဲ့သည်။ သူအခန်းထဲရောက်သွားချိန်တွင် အစေခံများမှအပ လူနှစ်ယောက်ပဲရှိသည်။ တစ်ယောက်ကတော့ အသက်ကြီးပြီဖြစ်သည့်တိုင် သန်သန်မာမာ ခန့်ခန့်ညားညား ရှိလှသော သူ့အဖေနှင့် စက်ဆုပ်စရာ အပြုံးတစ်ခုနှင့် သူ့ကို ကြည့်နေသော Medusa။ Arata သည် စိတ်မသက်မသာနှင့်ပင် သူ့နေရာ၌ ဝင်ထိုင်လိုက်သည်။ ကံကောင်းစွာနှင့်ပင် သူ့ရှေ့တွင် Medusa ရှိမနေ။

Love me like you do(only Unicode)Where stories live. Discover now