"အင်း။ မြန်မြန်တော့ လုပ်နော်။"
"အေး။"
များမကြာခင် Arata ၏ ခပ်ဝေးဝေးသို့ ဦးတည်သွားသော ခြေသံများကို ကြားလိုက်ရသည်။ Rokumi လည်း အဝတ်ဝတ်ဖို့ ထလိုက်စဉ် Medusa က သူ့လက်ကို နောက်ကနေ လှမ်းဆွဲလိုက်သည်မို့ သူစိတ်မရှည်စွာ လှည့်ကြည့်လိုက်သည်။
"ဘာလဲ။ မနေ့ညက လုပ်ဆိုတော့ မလုပ်ဘူး။ အခုဆိုရင်တော့ မရဘူးနော်။ ငါ့မှာ အလုပ်ရှိတယ်။"
".....မဟုတ်ပါဘူး။ ငါ....မင်းသူ့ကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်။"
"ငါဘယ်သူ့ကိုမှ သဘောမကျဘူး။ သဘောလည်း ကျတော့မှာ မဟုတ်ဘူး။"
လိမ်ညာပြောဆိုခြင်းမဟုတ်။ Rokumi သည် မည်သူ့ကိုမှ မချစ်တော့ဘူးလို့ ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သူအချစ်ကို စိတ်ကုန်သွားတာလို့ ပြောလို့ ရသလို သူ့နှလုံးသားက ကြေမွပျာက်ကွယ်သွားတယ်လို့ ပြောလည်းမမှား။
"ဒါဆိုကောင်းတယ်။"
Medusa ကတော့ သူ့အတွက် လိုချင်သည့်အဖြေရလိုက်ရ၍ နေရောင်ခြည်နှင့်အပြိုင် တောက်ပစွာ ပြုံးလိုက်မိသည်။ ထိုယောကျ်ားပျို၏ မျက်ဝန်းတွေနှင့် ထူထဲလှသော မျက်ခုံး၏ ညှို့အားက အခုထိကို အမှတ်ပြည့်ရနေဆဲပင်။
"ငါပြန်ကြိုးစားကြည့်မယ်ဆိုရင်ရော ရမလားဟင်။"
အတန်ကြာတွေးတောပြီးမှ ပြောလိုက်သော Medusa ၏ စကားကြောင့် Rokumi မျက်ခုံးကျုံ့လိုက်မိသည်။
"ဘာ...."
"ငါမကောင်းတာတွေ လုပ်ခဲ့တယ်ဆိုပေမဲ့ တကယ်ကို နောင်တရတာပါ။ ပြီးတော့ ငါမင်းကို လက်မလွှတ်ချင်ဘူး။ ငါနောက်တစ်ကြိမ် ကြိုးစားကြည့်ချင်တယ်။ မင်းကို စစ်မှန်တဲ့ ပျော်ရွှင်မှု ပေးနိုင်အောင် ကြိုးစားချင်ပါတယ်။ ငါ့ကို ဒုတိယအခွင့်ရေး ပေးနိုင်မလားဟင်။"
"အကျုံးမဝင်တဲ့ အရာကို လုပ်ဖို့ ကြိုးစားမနေပါနဲ့ သခင်လေး Medusa။ အချစ်ဆိုတဲ့ အရာက သခင်လေးတို့လို လူမျိုးတွေအတွက် ခြေကုန်လက်ပန်းကျစေတဲ့ ကစားနည်းတစ်မျိုးပါပဲ။ အချိန်တွေ အများကြီး ပေးပြီးမှ လိုချင်တာ မရရင် ဒုက္ခပေးခံရမှာ ကျွန်တော်ပါပဲ။ ဒီတော့ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်လောက် ရှာပြီး အချိန်တွေကို သူ့ဆီမှာပဲ မြှပ်နှံပေးလိုက်ပါ။ အသီးသီးမယ့် အပင်ပဲ စိုက်ပါ။"
"မဟုတ်ဘူး။ ငါပြန်လိုချင်လို့ ပေးမှာမဟုတ်ဘူး။ ဒီတိုင်း မင်းအနားမှာ နေပြီး မင်းကို....."
"ရပါတယ်။ ကျွန်တော့်ကို ပြဿနာ မရှာဘူးဆိုရင် ကြိုက်တာသာ လုပ်ပါ။"
နောက်ဆုံးအဆုံးသတ် စကား ပြောပြီးချိန်တွင် Rokumi သည် သူလုပ်စရာရှိတာ လုပ်ရန် Medusa ၏ လက်ကို ခါထုတ်ပြီး ထွက်သွားပါတော့သည်။
.
.
.
.
.
"မနေ့ညက ကောင်းကောင်း အိပ်ပျော်တဲ့ပုံပဲနော်။"
Arata၏ အရင်းမရှိအဖြားမရှိသော စကားကြောင့် Rokumi မှာ ဆေးလိပ်သီးမလိုပင် ဖြစ်သွားသည်။
"အာ...အင်း။"
Rokumi သည် သတ္တိမွေးပြီး Medusa အကြောင်း မေးရန် ရှေ့တိုးလိုက်သည်။
"ဟို....မင်းအစ်ကိုလတ်က...."
"Medusa လား။"
"အင်း။"
"သူက ဘာဖြစ်လို့လဲ။"
"သူက မင်းတို့ သားမိတွေနဲ့လည်း ရုပ်မတူဘူးနော်။"
"အင်း။ အဖေ့ရဲ့ မယားငယ်နဲ့ ရထားတဲ့ ကလေးလေ။"
"ဒါဆိုရင် ကောလဟာလတွေက..."
"အင်း။ အမှန်ပဲ။ ဒါပေမဲ့ သေချာပေါက်ကို အဖေ့သွေးပါတယ်။"
Arata သည် စိတ်အနှောက်အယှက် ဖြစ်စေသော အကြောင်းအရင်းတစ်ခု တွေးမိပြီး မျက်မှောင် ကြုတ်လိုက်မိသည်။
"တကယ်ကို အောက်တန်းကျတယ်။ ပြစ်တန်ဆာနဲ့ ရတဲ့ သားကို အိမ်ပေါ်ခေါ်တင်ထားရတယ်လို့။"
ထိုစကားကြောင့် Rokumi အင်တင်တင် ဖြစ်သွားသည်။ ပြစ်တန်ဆာဖြစ်တာ Medusa ၏ အမေ။ Medusa ၏ အပြစ်လည်း မဟုတ်။ ဒါတောင် လူတွေက ဘာကြောင့် အပြစ်မရှိတဲ့လူတစ်ယောက်ကို အပြစ်တင်ပြောဆိုချင်နေကြပါလိမ့်။
"Arata။"
"အင်း။"
"ငါပြောတာ သေချာနားထောင်။ ပြစ်တန်ဆာ ဖြစ်တယ်ဆိုတာ သူတို့ပျော်လို့ လုပ်ကြတာ မဟုတ်ဘူး။ မိန်းကလေးတိုင်းက လှလှပပ၊ တင့်တောင်းတင့်တယ်၊ သိက္ခာရှိရှိ နေချင်ကြတာပဲ။ လူတကာထွေးတဲ့ တံတွေးထဲမှာ ပက်လက်မြောနေရတဲ့ အဖြစ် သူတို့လည်း ဖြစ်ချင်ပါ့မလား။ ရွေးစရာမရှိလို့ အဲဒီလမ်းဆုံးကို ရောက်သွားတာ။ ပြီးတော့ သားတစ်ယောက်ကို တစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ ဘယ်လောက် လေးစားဖို့ကောင်းလဲ။ အချို့ဆိုရင် မိရောဖရော စုံနေခဲ့ပေမဲ့ သားသမီး ဘာမုန့်ကြိုက်လဲမကြိုက်လဲဆိုတာတောင်မသိတဲ့ မိဘတွေ၊ သားသမီးမွေးနေ့တောင် မေ့တဲ့ မိဘတွေ အများကြီးရှိတယ်။ မင်းပြောကြည့်၊ အဲဒီ အမျိုးသမီးက ဘယ်လောက်တောင် မွန်မြတ်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်လဲဆိုတာ။"
Arata သည် Rokumi အား တောက်ပကြည်လင်သော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။ မူလတန်းကလေးလေးက သူ၏ ဆရာအား ကမ္ဘာသစ်ဆောင်ကျဉ်းပေးသူသကဲ့သို့ ကြည့်နေသလိုမျိုး။ သူသဘောကျသောလူက ဒီလောက်ထိ စိတ်သဘောထားပြည့်ဝတာ ဂုဏ်ယူမိသည်။
"အစ်ကိုက လူကောင်းပဲနော်။ သူများကို အကောင်းမြင်ပေးတယ်။"
ချီးမွမ်းခံရသောကြောင့် Rokumi ၏ မျက်နှာ ရဲသွားသည် အသားဖြူပြီးပါးသည်မို့ ထိုချစ်စဖွယ်အနီရောင်လေးသည် Rokumi ၏ မျက်နှာပေါ်တွင် ထင်းလို့နေသည်။
"အကောင်းမြင်တယ်ဆိုရယ်တော့ မဟုတ်ပါဘူး။ ဒီတိုင်း၊ အပြစ်မတင်သင့်တဲ့ လူတွေကို အပြစ်မတင်အောင်ပြောပြတာပါ။"
"ဟုတ်ကဲ့ပါခင်ဗျ။.....ဒါပေမဲ့ Medusa ကိုတော့ အပြစ်တင်ရမှာပဲ။"
"ဘယ်လိုဖြစ်လို့?"
"သူက ကျွန်တော့် အစ်ကိုကို သတ်ဖို့ လုပ်ခဲ့တာလေ။ ကံကောင်းလို့ လွတ်တာ။"
"မင်းအစ်ကို?"
"အင်း။"
"သူတို့ကြားမှာ ဘာကိစ္စတွေ ရှိလို့လဲ။"
"ကျွန်တော်လည်း သေချာမသိပါဘူး။ အမေနဲ့အဖေက ဘာမှ မပြောပြဘူးလေ။ ဒါပေမဲ့ နားစွန်နားဖျားကြားရသလောက်တော့ ကလဲ့စားချေဖို့ဆိုပဲ။"
"ကလဲ့စားချေဖို့?"
Rokumi စိတ်ထဲ၌ တွေးကြည့်ရသည်။ Medusa ၏ ဘဝမှာ အရေးကြီးတဲ့လူဆို၍ လက်ချိုးရေကြည့်လျှင် လက်ငါးချောင်းတောင် ပြည့်မည်မထင်။ သူ့အတွက် အရေးကြီးဆုံးဖြစ်သော မိခင်ဖြစ်သူက သူ့အသက် ၁၂နှစ်မှာပဲ ကွယ်လွန်ခဲ့ပြီဖြစ်ရာ Medusa က ဘယ်သူ့အတွက် ကလဲ့စားချေဖို့ ကြိုးစားနေခဲ့တာပါလိမ့်။To be continue..........
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...