Part 11

186 25 0
                                    

စနေနေ့ ညနေခင်းလေးမှာ ဘီယာအေးအေးလေးနှင့် အမြည်းအချို့ ပေါင်းလိုက်တော့ လွန်စွာ အေးချမ်းကာ လောကနိဗ္ဗာန် စံစားနေရသလို။ Rokumi နှင့် Shigure သည် ခြံထဲက နေရာလေးတစ်ခု၏ ခုံတန်းလေးပေါ်တွင် လေညှင်းခံရင်း အလာပ ဿလာပ ပြောနေကြသည်။
"Shigure၊ ဒီမိသားစုရဲ့ သားအကြီးတွေက ဒီကို ပြန်မလာတော့တာလား။"
Rokumi ထမေးသော မေးခွန်းကို Shigure က ချက်ချင်းပြန်ဖြေသည်။
"ပြန်မလာတာမဟုတ်ပါဘူး။ ပြန်လာပါတယ်။ ဒါပေမဲ့ ချမ်းသာတဲ့မိသားစုတွေက ချမ်းသာသလောက် မိသားစုအရှုပ်အရှင်း များတယ်လေဗျာ။"
ထို့နောက် Shigure က ရှေ့နောက်ဘယ်ညာ သေချာစွာ ကြည့်ပြီးမှ သူ၏ စကားစကို ပြန်ဆက်သည်။
"ပြောရမယ်ဆိုရင် သားအကြီးဆုံးနဲ့ အငယ်ဆုံးသားက သခင်မကြီး Natsume ရဲ့ သားအရင်းတွေ။ ဒါပေမဲ့ အဖေချင်း မတူဘူး။ အကြီးဆုံးသားက သခင်မကြီး အရင်အိမ်ထောင်နဲ့ ရခဲ့တာ။ အလတ်ကတော့ ပိုဆိုးတယ်။ သခင်ကြီးရဲ့ အရင်က အငယ်အနှောင်းနဲ့ ရခဲ့တာ။ အဲဒီမိန်းမက ဟို...ဟိုဟာဆိုတော့လေ အဲဒီကလေးက သခင်ကြီးနဲ့ရတာ သေချာရဲ့လားတောင် မသိပါဘူး။ ကောလဟာလတွေကတော့ မဟုတ်ဘူးလို့ ကြားထားတာပဲ။ ဒါပေမဲ့ သခင်ကြီးကတော့ သုံးယောက်စလုံးကို ကောင်းကောင်းမွန်မွန်နဲ့ တန်းတူ ချစ်ပေးပါတယ်။ ကြည့်ပါလား။ အခုဆို အသီးသီး ကောင်းစားနေကြတာများ။"
Shigure သည် အသားလိပ်တစ်ခု ပါးစပ်ထဲထည့်ရင်း စကားစဖြတ်လိုက်သည်။
"Shigure က အိမ်အတွင်းရေးတွေပါ တော်တော် သိတာပဲနော်။"
"အလုပ်လုပ်တာလည်း ကြာပြီကို။ ဒီလောက်တော့ သိရမှာပေါ့။"
"ဟုတ်သား။ အလုပ်လုပ်တာ ဘယ်လောက်တောင် ကြာပြီလဲ။"
ထိုမေးခွန်းကြောင့် Shigure ပြုံးလိုက်မိသည်။ ထိုအပြုံးသည်ကား အပြုံးနှင့်မတူအောင် နာကျင်စရာ ကောင်းသည်။ သေချာစွာ စူးစိုက်မကြည့်သည်ကား မြင်ရမည့်အရာမဟုတ်။
"ကျွန်တော် အထက်တန်းကျောင်းတုန်းက အဖေနေမကောင်းဖြစ်ခဲ့တာလေ။ အဖေတစ်ခုသားတစ်ခုဆိုတော့ ကျွန်တော်လည်း ရေကုန်ခမ်းကုန်ကြိုးစားပြီး အလုပ်ရှာရင်း ရောက်လာတယ်ပဲဆိုပါတော့။"
"အခုအဖေဖြစ်သူက နေကောင်းသွားပြီလား။"
"ဆုံးသွာပါပြီ။"
"......."
"......"
"စိတ်မကောင်းပါဘူး။"
"မဟုတ်တာ။ လူဆိုတာ ဒီခရီးသွားပြီး ဒီပန်းတိုင်ပဲ ကမ်းကပ်ရမှာလေ။ စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နှေးတာနဲ့ မြန်တာပဲ ကွာတာပါ။"
Shigure ၏ စကားကို Rokumi က ခေါင်းညိတ်ပြီး ထောက်ခံသည်။ သူစကားလမ်းကြောင်းလွှဲချင်သော်လည်း ဘာပြောရမလဲမသိဖြစ်နေ၍ အခက်တွေ့နေသည်။
"ဒါပေမဲ့လည်း အစေခံထိန်းလုပ်ရတာ သိပ်တော့ မဆိုးလှပါဘူး။ ရန်ဖန်ရန်ခါ အဆူခံရတာကလွဲရင် အကုန်ကောင်းပါတယ်။"
"အဆူခံရတယ်? ဘယ်သူကလဲ။"
"သခင်မကြီးက သဘောကောင်းတယ်ဆိုပေမဲ့ သခင်ကြီးကတော့ တင်းကြပ်တယ်ဗျ။"
"ဪ၊ ကျွန်တော်နဲ့ မကြုံရရင် ကောင်းမယ်။"
"ဒါပေါ့ဗျာ။"
ပြီးနောက် သူတို့တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိကြပါတော့သည်။
.
.
.
.
.
Rokumi ၏ ငယ်ထိပ်တည့်တည့်အား မိုးကြိုးပစ်ချသလို ဖြစ်သွားစေမည့် ကိစ္စကြီး သူတို့အိမ်ပေါ်သို့ ဆိုင်းမဆင့်ဗုံမဆင့်ပင် ရောက်လာခဲ့သည်။ ထိုကနေ့က သူနှင့် Arata သည် ထုံးစံအတိုင်း ကျောင်းမှာ အချိန်ကုန်ပြီး ပြန်ခါနီးကျောင်းဆင်းချိန်လောက်တွင်ကား Arataဆီသို့ ဖုန်းဝင်လာသည်။
"ပြော၊ အမေ။"
"Arata၊ ဒီညနေ ကျောင်းဆင်းရင် ဘယ်ကိုမှ လျှောက်သွားမနေနဲ့နော်။ မင်းအစ်ကိုလက် ပြန်ရောက်မယ်။ အမေတို့ ထမင်းအတူစားရအောင်။ မင်းအဖေလည်း အိမ်ပြန်ရောက်လိမ့်မယ်။"
"ဟမ်? သူပြန်လာတာ စောလှချည်လား။ အခုမှ နှစ်ဝက်လောက်ပဲ ရှိသေးတာကို။"
"သားရယ်၊ စကားနားထောင်နော်။ မင်းအဖေဒေါသထွက်ရင် အမေတို့ ဘယ်သူမှ ကောင်းကျိုးမရပါဘူး။"
"ဟာဗျာ၊ စိတ်ညစ်လိုက်တာ!.......ကောင်းပါပြီ။ သားပြန်လာခဲ့မယ်။"
တစ်ဖက်က ပြောသည်များအား မကြားလိုက်ရသော်လည်း Arata၏ မျက်နှာထားနှင့် လေသံအရ ကောင်းသောကိစ္စ မဖြစ်နိုင်မှန်း Rokumi ရိပ်စားမိသည်။
"ဘာဖြစ်လို့လဲ။"
"ဆန်ကုန်မြေလေးတစ်ယောက် အိမ်ပြန်လာပြီတဲ့။"
"ဆန်ကုန်မြေလေး?"
"အမြဲတမ်း မပြောမဆိုနဲ့။ လူကို လန့်အောင်လုပ်တဲ့နေရာမှ သူ့ကို အစ်ကိုကြီးတောင် မယှဉ်နိုင်ဘူး။"
"ဘယ်သူ့အကြောင်းပြောနေတာလဲ။"
"ကျွန်တော် အရမ်းမုန်းတဲ့ အစ် ကို လတ်။"
.
.
.
.
.
ထိုကနေ့က Rokumi စိတ်အထင်ပဲလားမသိ။ တစ်အိမ်လုံးက အရင်နေ့တွေကထက်ပိုပြီး တိတ်ဆိတ်ခြောက်သွေ့နေသလို။ ပြီးတော့ ကြောက်စရာအရှိန်အဝါကြီး တစ်ခုကို အိမ်အပြင်ကနေတောင် ရနေသလို။ ထိုအိမ်ထဲဝင်ရတာ မသိရင် သားရဲတွင်းတစ်ခုထဲ ဝင်နေရသည့်အလား။ သခင်မ Natsume သည် ထူးထူးဆန်းဆန်း အိမ်ကို ပြန်ရောက်နေသည့်အပြင် သူ့သားကို တံခါးမကြီးနားမှာ ရပ်မျှော်နေလေသည်။ ကြည့်ရတာ၊ ဒီမိသားစုအတွက်တော့ မိသားစုမျက်နှာစုံညီရှိနေရသည်က စစ်တိုက်ရသလို ပြင်းထန်လို့နေသည်။

"Arata၊ စောစော ပြန်ရောက်လာလို့ တော်သေးတာပေါ့ကွယ်။"
"အဖေရော။ ရောက်နေပြီလား။"
"ဟင့်အင်း။ အခုထိတော့ မရောက်သေးဘူး။ ကဲပါ၊ အထဲဝင်ပြီး ရေချိုးထား။ အဆင်သင့်ဖြစ်ရင် အမေမင်းကို လာခေါ်မယ်။ ဖြစ်နိုင်ရင် အခန်းထဲမှာပဲနေ။ အပြင်မထွက်နဲ့။ သူနဲ့ တတ်နိုင်သမျှရှောင်နေတာ အကောင်းဆုံးပဲ။"
"အမေရယ်၊ သားတို့က အငယ်အနှောင်းတွေလည်း မဟုတ်ဘဲနဲ့ ဘာလို့အဲ့လောက် ကြောက်နေရတာလဲ။"
"မင်း....."
သခင်မကြီး Natsume မှာ လွန်စွာ စိတ်လှုပ်ရှားပြီး ပူပန်နေပုံပေါ်သည်။ ပြီးတော့ သူမက အသံတိုးတိုးလေးဖြင့်....
"မင်းမေ့နေပြီလား။ သူအရင်တုန်းက ထောင်ထဲဝင်ခဲ့တာတွေ၊ မင်းအစ်ကိုကြီးကို သတ်ဖို့ ကြိုးစားခဲ့တာတွေ။ ကံကောင်းထောက်မလို့ မင်းအစ်ကိုကြီး အခုထိ အသက်ရှင်နေတာ။ အခု ဒီမိသားစုထဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ အများကြီး ဖြစ်နေပြီ။ အချိန်မရွေး ကြိုးကွင်းက ငါတို့သားမိလို ကြားလူတွေလည်ကို စွပ်ဖို့ အသင့်ပဲ။ ဒီတော့ မင်းအမေ့စကား နားထောင်ပါနော်။"

'ဟမ်'
Rokumi ထိုတစ်ခွန်းပဲ မှတ်ချက်ချနိုင်တော့သည်။

To be continue........

Love me like you do(only Unicode)Where stories live. Discover now