Tsukimiya မိမိအပေါ် ဒီလောက် ကူညီပေးတာ ကျေးဇူးတင်ပေမဲ့ နည်းနည်းလည်း ထူးဆန်းသလို ခံစားရသည်။ ဘယ်သူစိမ်းကမှ ကိုယ့်ကို မမှတ်မိသည့် သူငယ်ချင်းတစ်ယောက်အား နိုင်ငံရပ်ခြားအထိ လိုက်ပြီး ကူညီချင်မည် မဟုတ်ပါ။ အဲဒီအတွက် နည်းနည်း ထူးဆန်းနေသော်လည်း ထုတ်မေးဖို့ မကောင်းသောကြောင့် ဒီတိုင်းပဲ ကူညီခွင့်ပြုလိုက်ခြင်းဖြစ်သည်။
တစ်နေကုန်တစ်နေခမ်း လုပ်စရာတွေနဲ့ အချိန်ကုန်သွားပြီးနောက် ညအခါတွင်တော့ သုံးယောက်သား ယောကျ်ားလေးသဘာဝ ပုလင်းဆွဲပြီး အမောဖြေကြတော့သည်။ ဆုံရပ်ကတော့ Rokumi တို့ တိုက်ခန်းပင်။ Rokumi က ရေခဲသေတ္တာထဲက ပုလင်းအများစု ထုတ်လာပြီးနောက် Shigure က မကြာခင် အမြည်းပန်းကန်များဖြင့် ပြန်လာသည်။ အလာပ သလာပပြောရင်း အချိန်တွေပင် အတော် ကုန်သွားပြီး စားစရာတွေလည်း ကုန်သွားသဖြင့် Shigure က အပြင်ထွက်ပြီးသွားဝယ်မည်ဆို၍ ထွက်လာခဲ့သည်။ အိမ်ထဲတွင်တော့ Rokumi နှင့် Tsukimiya တို့ပဲ ကျန်ခဲ့၏။
"Rokumi။"
"အင်း။"
"ငါ မင်းကို ဝန်ခံစရာတစ်ခုရှိတယ်။"
အရက်ပုလင်းကို ချပြီး တည်ကြည်လေးနက်တဲ့ အကြည့်တွေနဲ့ ပြောနေသည့် Tsukimiya ကြောင့် Rokumi လည်း သူ့ဘက်ကို ကိုယ်ကို လှည့်ပြီး သေသေချာချာ နားစွင့်နေသည်။
"ပြောလေ။"
"တကယ်တော့.......ငါက မင်းနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ မဟုတ်ခဲ့ဘူး။"
ထိုစကားအတွက် Rokumi အနည်းအကျဉ်းသာ အံ့ဩမိသည်။ အဘယ်ကြောင့်ဆိုသော်၊ ကျောင်းတုန်းက သူ့ကို အလေးပေးသည့် အတန်းဖော်ဆိုလို့ လက်ငါးချောင်းတောင် မပြည့်မှန်း သူ မှတ်မိနေသေးသောကြောင့်ပင်။ပြီးတော့ အဲဒီ လက်ငါးချောင်းမပြည့်သည့် လူတွေထဲတွင်လည်း Tsukimiya မပါမှန်းလည်း ကောင်းကောင်း မှတ်မိနေသေးသည်။
"အင်း။"
"ငါက....တကယ်တော့ မင်းကို အနိုင်ကျင့်ခဲ့တဲ့ အကောင်တွေထဲက တစ်ယောက်ပါ။"
ဒါကတော့ လုံးဝ မထင်မှတ်ထားသည့် အဖြေမို့လို့ Rokumi အံ့အားသင့်သွားရသည်။ သူအံ့ဩနေပုံကို ကြည့်ပြီး Tsukimiya က ပြုံးသည်။
"မင်းသိချင်နေမှာပဲ။ မင်းကို အနိုင်ကျင့်ခဲ့တဲ့ လူယုတ်မာကောင်က ဘာကိစ္စ ဒီလိုတွေ လိုက်လုပ်ပေးနေသလဲဆိုတာ။"
"အင်း။ မသိချင်တာတော့ မဟုတ်ပါဘူး။"
"အဟင်း၊ ဝဋ်ပြန်လည်တာလေ။"
"ဝဋ်လည်တယ်?"
"အင်း။ ငယ်ငယ်တုန်းက စဉ်းစားဉာဏ်မရှိ၊ ကိုယ်ချင်းမစာဘဲ၊ သူများ ဘယ်လို ခံစားရမယ်မတွေးဘဲ လုပ်ခဲ့တာတွေအကုန် ငါအကုန် ပြန်ခံစားရတာပါပဲ။"
"......"
"တက္ကသိုလ်ရောက်တော့ ငါ့ထက်ဆိုးတဲ့ ကောင်တွေနဲ့ တွေ့ပြီး အလူးအလဲ ခံလိုက်ရတယ်ပဲ ဆိုပါတော့။ အဲဒီကောင်တွေ ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး မေဂျာပြောင်းရတဲ့အထိ ဖြစ်လာခဲ့တယ်။"
Tsukimiya ၏ လေသံတွေ စတင် တုန်ယင်လာသည်ကို Rokumi သတိထားမိသည်။
"မင်းနဲ့ ပြန်တွေ့တုန်းက ငါ.....အရမ်းကို ဝမ်းသာခဲ့တာ။ ငါ မင်း မခွင့်လွှတ်မချင်း ဒူးထောက်ပြီး တောင်းပန်မယ်လို့တောင် ကြံရွယ်ထားခဲ့တာ။"
ပြောရင်းဆိုရင်း Tsukimiya မျက်ရည်ကျလာတော့ Rokumi လည်း စိတ်မကောင်း ဖြစ်လာမိသည်။ သူမမှတ်မိသည့် ကိစ္စတစ်ခုအတွက် အခြားသူတစ်ယောက် မျက်ရည်ကျအောင် ခံစားနေရတာ သူစိတ်ထဲ မကောင်းလှပေ။ အပြစ်ရှိသလိုပင် ခံစားရသည်။
"ဒါပေမဲ့ ကံကြမ္မာက ငါ့ကို မျက်နှာသာ ပေးခဲ့တဲ့ပုံပဲ။ မင်းက ငါမင်းအပေါ် ဒီလောက် မကောင်းခဲ့တာတွေကိုတောင် မေ့ထားခဲ့ပေးတယ်လေ။ အဲဒါကြောင့် ငါဆုံးဖြတ်ခဲ့တာ။ မင်းနဲ့ ပတ်သက်ပြီး ငါကူညီပေးနိုင်သလောက် တစ်သက်လုံး ကူညီပေးသွားမယ်လို့။"
"မင်း အဲဒီလို လုပ်စရာ မလိုပါဘူး။"
Rokumi က Tsukimiya ၏ ပခုံးအား ခပ်ဖွဖွ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"တကယ်တော့ အတိတ်ဆိုတာ ငါတို့ဘဝကို ဘယ်နေရာကမှ မသက်ရောက်ပါဘူး။ အရေးလည်း မပါပါဘူး။ တစ်နေ့တစ်ချိန် ကိစ္စတွေ အများကြီး ကြုံပြီးသွားလို့ မင်းဘဝကြီးကို နောက်ပြန်လှည့်ကြည့်လိုက်ရင် 'ဪ၊ ဒါတွေက အရေးမပါခဲ့ပါလား'လို့ မင်း သဘောပေါက်ပါလိမ့်မယ်။"
ဘာကြောင့်မှန်းမသိ၊ ထိုစကားတွေ ပြောနေချိန်တွင် Rokumi စိတ်ထဲ၌ တစ်ယောက်သောသူအား သတိရလာမိသည်။
"ဘာမှ အရေးမပါပါဘူး။ မေ့လိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။"
"ဒါပေမဲ့....."
"ဒါပေမဲ့မနေပါနဲ့တော့။ မင်းကို ငါသူငယ်ချင်းလို့ သတ်မှတ်ပြီးပြီ။ မင်းက အဲဒီလို မသတ်မှတ်ဘူးလား။"
"ဒီလိုလည်း မဟုတ်ရပါဘူး။"
"အဲဒါဆိုရင် ငါ ပြောသလိုပဲ မေ့လိုက်တော့နော်။"
"......ကျေးဇူးပါကွာ။ မင်းကို ဖွင့်မပြောရသေးတဲ့ ကာလတစ်လျှောက်လုံး စိတ်ထဲ ထင့်နေခဲ့တာ။ အခုတော့ တော်တော်လေး စိတ်ထဲ နေလို့ကောင်းသွားပြီ။ ခွင့်လွှတ်ပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်။"
နောက်ဆုံးတော့ စိတ်ထဲ မေးချင်နေသည့် မေးခွန်းများအတွက် အဖြေရသွားပြီမို့ Rokumi လည်း တကယ်ပဲ စိတ်ထဲ ပေါ့သွားသည်။ Tsukimiya ကိုလည်း အရင်ကထက် ပိုပြီး သံယောဇဉ်တွယ်မိသွားသလို ခံစားရသည်။ တကယ်ကိုပဲ ကိစ္စတွေ အားလုံးက အကောင်းဘက်ကိုပဲ ဦးတည်သွားနေပြီဖြစ်သည်။ အဲဒီလိုပဲ ထင်မိပါရဲ့။
.
.
.
.
.
သူတို့ရဲ့ စားသောက်ပွဲကြီးသည် ည၁၁နာရီ၊ လူခြေတိတ်ချိန်တွင် ပြီးဆုံးသွားခဲ့သည်။ ညနက်နေပြီမို့ Tsukimiya အား သူတို့နဲ့ အတူ အိပ်လိုက်ရန် ပြောပေမဲ့ ရပါတယ်ဆိုပြီး ထိုအမျိုးသားက ယိုင်တိယိုင်တိုင်နဲ့ ပြန်သွားခဲ့သည်။ ဒီလိုနဲ့ ထိုအခန်းထဲတွင် Rokumi နှင့် Shigure တို့ နှစ်ယောက်ပဲ ကျန်ခဲ့တော့သည်။ အများသုံး တိုက်ခန်းကိုသာ ဌားထားခဲ့သဖြင့် ထိုအခန်းကျဉ်းလေးထဲတွင် အိပ်ခန်းတစ်ခန်းသာ ရှိသည်။ ဒါပေမဲ့ စိတ်ကျေနပ်ဖွယ် အကျယ်အဝန်းရှိသည်မို့ နှစ်ယောက်သားအိပ်ဖို့ စိတ်အနှောက်အယှက် မဖြစ်ပေ။ပန်းကန်တွေ ခွက်တွေ သိမ်းပြီးချိန်၌ Rokumi သည် ဧည့်ခန်းထဲက ထိုင်ခုံမှာပဲ ခဏ ထိုင်နေဖြစ်သည်။ ထိုအချိန်တွင် သူ့အနားသို့ Shigure ရောက်လာသဖြင့် ထိုင်မည်အထင်နှင့် Rokumi ထိုင်ခုံတစ်ဖက်သို့ ရွှေ့ပေးလိုက်သော်ငြား ထိုလူက သူနှင့် ပွတ်သီးပွတ်သပ် လိုက်ထိုင်ပြီး သူ့ပခုံးကို ခေါင်းမှီထားသည်။ Shigure ၏ ခေါင်းမှ ခေါင်းလျှော်ရည်အနံ့သင်းသင်းလေးမှာ တကယ်ကို နှစ်သက်ဖွယ်ရာပင်။ Rokumi သည် ထိုပိတုန်းရောင် ဆံနွယ်များအား ထိတွေ့ဖို့ လက်လှမ်းလိုက်စဉ် Shigure ပြောလိုက်သော စကားကြောင့် သူ့လက်ဟာ လေထဲတွင်ပဲ တန့်သွားရသည်။
"fuckပေး။"
To be continue.........

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...