Part 5

220 23 0
                                    

ခေါင်မိုးထပ်တွင်တော့ ကျောင်းသားအနည်းငယ်သာ ရှိသည်။ သူတို့ကို မေးကြည့်တော့ ကန်တင်းသို့ ပြန်ဆင်းသွားပြီလို့ ပြောသည်။ ထို့အတွက် Rokumi အောက်ပြန်ဆင်းလာခဲ့ရပြန်သည်။ ပထမတစ်ခေါက်ကလိုပဲ။ မတွေ့။ သူ သန့်စင်ခန်းတွေ စစ်ကြည့်ဖို့ ပြန်တက်လာချိန်တွင်တော့ ကျောင်းခေါင်းလောင်း ထိုးသွားခဲ့ပြီဖြစ်သည်။

Rokumi အသက်ရှု မဝလောက်အောင် မောဟိုက်လာသော်လည်း Arataကို မတွေ့သေးလို့ စိတ်မောဟိုက်နေရတာ ပိုဆိုးသည်။ သူ စာသင်ခန်းဘက်ကို သွားကြည့်ပြီး မတွေ့ပါက Natsume စံအိမ်ကို အကြောင်းကြားဖို့သာ ရွယ်ရတော့သည်။

ဒါပေမဲ့ စာသင်ခန်းတံခါးဖွင့်ပြီး ကြည့်ကြည့်လိုက်ရာ ပုံမှန်အတိုင်း စာသင်ခုံမှာ ထိုင်နေသော Arataကို တွေ့လိုက်ရသည်။ ဆရာအပါအဝင် တစ်ခန်းလုံးက မျက်လုံးကလယ်ကလယ် ဖြစ်နေကြသော်လည်း Arataနှင့် သူငယ်ချင်းတစ်စုကတော့ စပ်ဖြဲဖြဲ ဖြစ်နေကြသည်။ ဘာတွေဖြစ်သွားလဲဆိုတာ Rokumi ခန့်မှန်းမိပြီး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိသည်။

"ဟိုလေ.."
"ဆရာစာသင်နေတာကို အနှောက်အယှက် ပေးမိလို့ တောင်းပန်ပါတယ်။"
Rokumi သည် စာသင်နေသောဆရာ ဘာမှမပြောသေးခင် တောင်းပန်ပြီး ထွက်သွားတော့လေသည်။

Arataသည် လူချမ်းသာသားသမီးဖြစ်ပြီး ဖူးဖူးမှုတ်ခံထားရသည့်အတွက် အနည်းနဲ့အများတော့ ဆိုးသွမ်းနိုင်ချေရှိသည်ဟု Rokumi ခန့်မှန်းပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့လိုလူမျိုး တစ်ယောက်နှစ်ယောက်တော့ Rokumi ဘဝတွင် ကြုံခဲ့ပြီးသောကြောင့်ဖြစ်သည်။ တစ်ဖက်တွင်လည်း Arata အတွက်က ဒီလို လုပ်လိုက်ခြင်းဟာ ဘာမှ ထူးခြားသော ကိစ္စမဟုတ်။ သူသည် များစွာ အလိုလိုက်ခံထားရသည့်အလျောက် ဂါဝရတရား ကင်းမဲ့ကာ တောထဲက ကျားသစ်ပေါက်တစ်ကောင်လို အထိန်းအကွပ်မဲ့လို့ ကောင်းနေတုန်းဖြစ်သည်။ Rokumi ကတော့ သူသည်းခံနိုင်သည့် ကန့်သတ်ချက်ကို မရောက်သရွေ့ သည်းခံဦးမည်သာ။ ဘယ်လိုပဲပြောပြော၊ ရသည့်ပိုက်ဆံရဲ့ မျက်နှာကိုလည်း ထောက်ရဦးမည်။

ညနေကျောင်းဆင်းလို့ ခေါင်းလောင်းတီးချိန်မှာတော့ ArataအားRokumi အပြင်ကနေ စောင့်ကြိုနေခဲ့သည်။ Arataကတော့ ဘာမှမဖြစ်သည့် မျက်နှာပေးဖြင့် ထွက်လာပြီး Rokumi ဖွင့်ပေးထားသော တံခါးထဲတွင် ဝင်ထိုင်လိုက်သည်။
"ဦးလေး၊ ကျွန်တော့်ကို Chimonတို့အိမ် ပို့ပေးပါ။"
"ဟုတ်ကဲ့ပါ သခင်လေး။"
"ခဏနေပါဦး။"
ကားမထွက်ခင် Rokumi တားလိုက်သည်။
"သခင်မကြီးက ဘယ်ကိုမှ မသွားဘဲ အိမ်ကိုပဲ တည့်တည့်မတ်မတ် ပြန်လာဖို့ မှာလိုက်ပါတယ်။"
"ဘာအရေးလဲ။ သူငယ်ချင်းအိမ်သွားတာ။ သင်္ချိုင်းကုန်းသွားတာမှမဟုတ်တာ။ ပြီးတော့ ကျွန်တော့်ကို အမိန့်ပေးရအောင် ခင်ဗျားက ဘာအဆင့်မို့လို့လဲ။"
Rokumi သည် Arata၏ စကားများကို ဘယ်လိုတုန့်ပြန်ရမလဲမသိဖြစ်နေသည်။ ခေါင်းညိတ်ခံနေရုံကလွဲပြီး မတတ်နိုင်သည့်ပုံ။ ဒရိုင်ဘာဦးလေးကြီးလည်း ဘာမှဆက်မပြောဘဲ Arataပြောသည့်အတိုင်းသာ မောင်းထွက်လာခဲ့သည်။
.
.
.
.
.
လူချမ်းသာများမှာ သပ်ရပ်ယဉ်ကျေးပြီး အဆင့်အတန်းရှိနေကြမည်ဟု Rokumi ထင်ထားခဲ့သော်လည်း သူ့အထင်ဟာ အလုံးစုံမမှန်ကြောင်း သူသဘောပေါက်လာခဲ့သည်။ မိဘတွေက လွှတ်ထားသလောက် သားသမီးတွေကလည်း ဖြုန်းတီးပျက်စီးနေကြသည်။

Arata၏ သူငယ်ချင်းဆိုသော ကောင်လေး၏ အိမ်ရာသည်လည်း Natsume အိမ်တော်ကြီးနှင့်မခြား ကြီးမားကျယ်ဝန်းသည်။ ထို့ပြင် ခြံထဲက ရေကူးကန်ကြီးနှင့် မနီးမဝေးတွင် Chimonနှင့် သူ၏ သူငယ်ချင်းများအတွက် အပန်းဖြေဆောင် သက်သက်လုပ်ပေးထားသည်။ လက်မ၁၀၀တီဗီ၊ ၃ယောက်လှဲဆံ့သည့် ကုတင်ကြီး၊ ရေခဲသေတ္တာနှင့် ဆိုဖာများ။ အရမ်းကို ဖြုန်းတီးလွန်းသည်ဟု Rokumi ခံစားရသည်။ သူသည် Arataနောက်က လိုက်ပြီး တံခါးဝနားတွင်ပဲ ရပ်နေခဲ့သည်။

"သားကြီး၊ မင်းတောင် ရောက်လာပြီပဲ။"
အထဲတွင် Chimon နှင့်အတူ နောက်နှစ်ယောက် ရှိနေသည်။
"မင်းကြည့်ရတာ နေမကောင်းတဲ့ပုံလည်း မပေါ်ပါဘူး။"
"အေး။ ငါအရမ်းပျင်းလာတာနဲ့ အိမ်မှာပဲ နေလိုက်တော့တယ်။ ဒါနဲ့ငါ ဂိမ်းအသစ် ရထားတယ်။ ဆော့မလား။"
"လုပ်ကြတာပေါ့။"
"ဒါနဲ့ ဟိုနားက ကျောက်ရုပ်ကြီးက ဘယ်သူလဲ။"
"အိမ်က ဘိုးတော်ကြီးလွှတ်တဲ့ ဘော်လီကတ်လေ။ ခါချလို့ မရတာနဲ့ ခေါ်လာခဲ့တယ်။ သူ့ကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်ဘာသာကိုယ် ပျော်ကြတာပေါ့။"
သူတို့သည် Rokumi ကို ဥပေက္ခာပြု၍ ၂နာရီဆက်တိုက်လောက် ဆော့ကစားနေကြသည်။ စားစရာအစုံလည်း လက်ထဲက မလွှတ်ကြ။

Arataတစ်ယောက် ပျင်းလာ၍ တံခါးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ Rokumi ကတော့ အထဲကနေပြီး ဆက်ကြည့်နေသည်။ Arataသည် အိတ်ထဲက စီးကရက်တစ်ဘူးကို ထုတ်ပြီး ဆေးလိပ်တစ်လိပ် မီးညှိ၍ ဖွာလိုက်သည်။ Rokumi တစ်ခုခု ပြောချင်သော်လည်း ဒီလို ကိစ္စတွေက သူ့အလုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ တွေးကာ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

Arataလည်း သောက်ရင်းသောက်ရင်း ကုန်ခါနီးလောက်တွင် သူ့ခြေထောက်ပေါ်သို့ ဘုတ်ခနဲ ကျလာသော အရာကြီးကို ငုံ့ကြည့်လိုက်လေသည်။ အရွယ်အစားကြီးမားပြီး ရုပ်ဆိုးလွန်းသော ဖားပြုတ်ကြီး သူ့ခြေထောက်ပေါ် တက်နေသည်ကို တွေ့လိုက်ရသောအခါ Arataသည် ဝိဉာဉ်လွင့်သွားတော့မတတ် လန့်ကာ အသားကုန် အော်ဟစ်လိုက်မိပါတော့သည်။
"အား!!!"
လန့်လန့်နှင့် လှုပ်ရှားရုန်းကန်ရင်း ရေကူးကန်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွားလေသည်။ Arataသည် ငယ်စဉ်ကတည်းက ရေကြောက်ခဲ့သည်ဖြစ်ရာ အခုအသက်အရွယ်အထိ သူရေမကူးတတ်။ သူရုန်းကန်ရင်း ရုန်းကန်နေရုံသာ တတ်နိုင်သည်။ လောကကြီးဟာ သူနှင့် ဝေးသထက်ဝေးလာသလို ခံစားရပြီး အေးစက်ခြင်းဟာ သူ့ကို ဝါးမျိုသွားမတတ်ပဲ။ ကြောက်ရွံ့ခြင်း၏ အဆုံးတစ်ဖက်ကို ရောက်နေတုန်း သူမြင်လိုက်ရသည့် နောက်ဆုံးမြင်ကွင်းမှာ ရေထဲခုန်ဆင်းပြီးနောက် သူ့ဆီကို ကူးခတ်လာသော Rokumi သာ ဖြစ်သည်။

To be continue.........

Love me like you do(only Unicode)Where stories live. Discover now