"ဘာပြောစရာရှိလို့လဲ။"
"ပြောစရာရှိမှ လာရမှာလား။"
"မရှိရင် သွားတော့။ ငါအိပ်တော့မယ်။"
"နေပါဦး။"
Medusa သည် Rokumi ၏ ခါးကို ဆွဲဖက်ရင်း သူ့မျက်နှာနားကို ကပ်ကာ တုန်လှုပ်စေအောင် ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
"မင်းသိပြီးပြီ မဟုတ်လား။ စနေတနင်္ဂနွေနှစ်ရက်လုံး မင်းငါ့နားမှာပဲ ရှိနေရမှာနော်။"
"လခ။"
"ဟမ်?"
"လခကောလို့။ လခမကောင်းရင် ငါလုပ်ဖို့ စိတ်ကူးမရှိဘူး။ ပြီးတော့ ငါအိမ်ပြန်ဖို့လိုတယ်။ နှစ်ရက်မှာ တစ်ရက်က နေ့ဝက်လောက်တော့ ခွင့်ပေး။ ငါပြောတဲ့ အချက်တွေကို မလုပ်နိုင်ဘူးဆိုရင်လည်း ငါအလုပ်ထွက်မယ်။"
"Rokumi၊ မင်း.....မင်းတကယ့်ကို စီးပွါးရေး လုပ်နေတယ်လို့ သဘောထားနေတာပဲ။"
"စီးပွါးရေး မဟုတ်လို့ ဘာလဲ။"
"ငါမင်းနဲ့ အတူရှိချင်လွန်းလို့ သူများဆီကနေ တောင်းထားရတာနော်။"
"ဪ၊ မင်းရဲ့ မာနတွေ သိပ်ကို ထိခိုက်သွားမှာပါပဲ၊ သခင်လေး Medusa။
"Rokumi~"
Medusa သည် Rokumi ၏ နာမည်ကို သံရှည်ဆွဲခေါ်ပြီး စုတ်တစ်ချက် သပ်ကာ Rokumi ၏ ခန္ဓာကိုယ်အား ပိုမိုတင်းကြပ်စွာဖက်လိုက်၍ မိခင်ကို ချွဲနေသော ကလေးလေး လေသံမျိုးဖြင့် ဆိုသည်။
"မင်းငါ့ကို ဒီလောက် ပစ်ပစ်ခါခါ မလုပ်ပါနဲ့လား။ ငါတကယ်ပဲ မင်းနဲ့အတူ ရှိချင်ရုံလေးပါ။ မင်းကို ဘာမှလည်း မခိုင်းပါဘူး။ မင်းလက်ကို ဆွဲပြီး အတူတူ လျှောက်သွား ပျော်ရွှင်ချင်ရုံလေးပါ။ နော်။"
Rokumi ဘာမှ မခံစားရဘူးလို့ ပြောလျှင် လိမ်ရာကျမည်။ နွေးထွေးမှုအနည်းငယ်က သူ့ရင်ထဲတွင် တလှပ်လှပ် ဖြစ်နေသည်။ ဦးနှောက်ကို လိမ်လို့ရပေမဲ့ နှလုံးသားကိုတော့ ဘယ်လိုလိမ်လို့ရမည်နည်း။ သူတို့ဒီပုံစံအတိုင်း ဆက်ရှိနေရင် ထိုခံစားချက်တွေ ပိုပြင်းထန်လာမှာစိုး၍ Rokumi လျင်မြန်စွာပဲ ရုန်းထွက်လိုက်မိသည်။
"ငါပင်ပန်းနေပြီ။ အိပ်တော့မယ်။"
"ကောင်းပြီ။"Medusa က အပေါက်ဝနားလျှောက်သွားသဖြင့် အခန်းထဲက ထွက်သွားတော့မယ်လို့ ထင်နေချိန်မှာပဲ အခန်းမီးခလုတ်ကို ပိတ်ပြီး Rokumi ဘက်သို့ ပြန်လျှောက်လာကာ Rokumi အား ပွေ့ချီလိုက်သည်။
"မင်း ဘာလုပ်တာလဲ။"
"အိပ်မယ်ဆို။ ငါလည်းအိပ်မယ်လေ။"
သူသည် Rokumi ရုန်းနေတာကို ဘာမှမဟုတ်သလို သဘောထားပြီး ကုတင်ပေါ်သို့ တက်လိုက်သည်။
"Medusa၊ မင်း အတင်းအဖျင်းတွေ အပြောခံရမှာ မကြောက်ဘူးလား။"
"ဘာအတင်းအဖျင်းလဲ။"
"Bodyguard တစ်ယောက်ရဲ့ အခန်းထဲဝင်အိပ်ပြီး မနက်ကျမှ ပြန်ထွက်သွားတယ်။ ဘယ်လို အတင်းအဖျင်း ထွက်မယ်ထင်လဲ။"
Medusa သည် သူနဲ့ မဆိုင်သည့် ကိစ္စတစ်ခုကို ပြောနေသလိုမျိုး ပြုံးပြလိုက်သည်။
"ငါက gayနေတာပဲကို။ ဘာကို ကြောက်ရမှာလဲ။ ပြီးတော့ သူတို့ထဲက ဘယ်သူက ငါ့အကြောင်း အတင်းပြောရဲမှာလဲ။"
"ငါကတော့ ကြောက်တယ်။ ငါကမင်းလို အဆင့်မြင့်တဲ့လူမှ မဟုတ်တာ။ အတင်းအဖျင်းတွေက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သခင်လေးက ဘယ်လိုလုပ် သိပါ့မလဲ။"
Medusa သည် Rokumi အား နေရာသေချာစွာ ချပေးပြီး စောင်ခြုံပေးလိုက်ကာ သူပါဘေးတွင် ခွေခွေလေး ဝင်လှဲရင်း Rokumi ၏ ဖက်ထား၏။
"ငါတာဝန်ယူတယ်။ မင်းကို ဘယ်သူကမှ အပြစ်ပြောလို့ မရစေရဘူး။ ပြောရဲ ပြောကြည့်ကြပါလား။ ပြောတဲ့ကောင် ပင်လယ်ထဲမှာ ငါးတွေနဲ့ ရေသွားကူးနေရလိမ့်မယ်။"
"ငါ့အတွက် လူသတ်ပေးဖို့ မလိုဘူး။ ကြောက်လို့။"
Rokumi Medusa ကို ကျောပေးပြီး တစ်ဖက်သို့ လှည့်သွားသော်လည်း Medusa ကတော့ သူ့ကို ဆက်၍ ဖက်ထားမြဲသာ။ အသားချင်း ထိတွေ့မှုက ရလာသော နွေးထွေးမှုက သူ့အတွက် လုံလောက်နေပါပြီ။
"မင်းငါ့ကို မယုံမှန်းသိပေမဲ့ ငါပြောပါရစေ။.....ငါမင်းကို ချစ်တယ် Rokumi။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် တရားရုံးသွားပြီး လက်ထပ်လိုက်ချင်တယ်။ ဒါပေမဲ့ မင်းအနားမှာ ဒီလိုလေး ရှိနေရတာလည်း အဆင်ပြေပါတယ်။ ဘာပဲပြောပြော၊ မင်းငါ့အနားမှာ မရှိဘဲ နေခဲ့ရတဲ့ ငရဲလို နေ့ရက်တွေထက်စာရင် အများကြီး သာသေးတယ်လေ။"
"......."
အမှောင်ရိပ်အောက်မှာ Rokumi ၏ ပါးပြင်တွေ နီနေတာ သူ့အနောက်က လူကတော့ သိမည် မထင်။
"ဒါဆိုရင် ငါ့ကို လွတ်လွတ်လပ်လပ် နေခွင့် ပြုထားပါလား။ ဘယ်သူကမှ ကိုယ်ချစ်တဲ့လူကို အကျဉ်းမချထားတတ်ဘူး။"
"ငါက မင်းကို အကျဉ်းချထားတာ မဟုတ်ပါဘူး။ မင်းအခြားတစ်ယောက် လက်ထဲ ပါသွားမှာစိုးလို့ ခြင်ယင်မနားအောင် ဇကာနဲ့ အုပ်ထားတဲ့ သဘောပါ။"
Rokumi လှောင်ပြုံးပြုံးမိသည်။
"ဇကာနဲ့ အုပ်ထားရအောင် ငါက စားစရာလား။"
"သေချာတာပေါ့။ အရမ်းအရသာရှိတဲ့ စားစရာ။ နတ်သုဒ္ဓာလေး။...ဒါပေမဲ့ ငါ့အတွက်ပဲ ဖြစ်စေရမယ်။"
"....."
ညတာက Rokumiအတွက် ရှည်ကြာနေသလောက် Medusa အတွက်တော့ တိုတောင်းလွန်းသည်။ ဒါပေမဲ့ နှစ်ယောက်စလုံးအတွက်တော့ နွေးထွေးနေခဲ့သည်။
.
.
.
.
.
မနက်မိုးလင်း၍ နှိုးစက်မြည်ချိန်တွင် Rokumi ၏ ရင်ဘက်ပေါ်၌ လေးလံသောအရာရှိနေပြီး ထိုအရာကတော့ Medusa ၏ ကြွက်သားအပြည့်နှင့် လက်မောင်းဖြစ်သည်။ ထိုလူသား၏ လက်ကို တွန်းဖယ်ပြီး အိပ်ရာကနေ ထမလို့ လုပ်နေစဉ် ပြန်ဆွဲချသည်ကို ခံလိုက်ရသည်။ ရုတ်တရက်မို့ တုံ့ပြန်ချိန်တောင်မရဘဲ Medusa ၏ ရင်ခွင်ထဲသို့ တန်းပြုတ်ကျသွားရသည်။
"မောနင်းkissလေးတောင် မပေးတော့ဘူးလား honey ရယ်။"
"မောနင်း လက်သီးမလိုချင်ရင် လွှတ်ပြီး Arata မမြင်ခင် အခန်းထဲက ထွက်သွားလိုက်တော့။ ငါလုပ်စရာရှိတာတွေ လုပ်ရဦးမယ်။"
"ငါက မသိရင် ကာမပိုင်ရှိတဲ့ မိန်းမကို အငယ်အနှောင်းလုပ်ပြီး ချိန်းတွေ့နေရတာ ကျနေတာပဲ။"
"Medusa၊ ထတော့လို့ ငါပြောနေတယ်!"
"အင်းပါ၊ အင်းပါ။ မနောက်တော့ဘူး။"
Medusa သည် Rokumi ၏ ပါးအာား ဖျက်ခနဲ နမ်းပြီး ကုတင်ပေါ်ကနေ အပျင်းကြောဆန့်ကာ ထွက်သွားတော့သည်။
"မနက်ဖြန် စနေနော်။ ငါ့ဆီလာဖို့ မမေ့စေနဲ့။"
အခန်းထဲက မထွက်သွားခင် ထိုစကားတို့ကို ပြောသွားသောလူအားRokumi သည် ငေးကြည့်နေမိသည်။
".....မင်း ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ Medusa။ တော်လောက်ပြီ မဟုတ်ဘူးလား။"
.
.
.
.
.
Rokumi အား Medusa စာကြည့်ခန်းထဲတွင် ကယ်ပြီးနောက် သူဟာ Medusa ၏ ဘက်တော်သား ဖြစ်သည်ဟူသော သတင်း ပြန့်သွားတော့သည်။ Medusa သည် Rokumi အား သူ၏ အိမ်မွေး တိရစ္ဆာန်လေးလို ဘယ်နေရာသွားသွား မပါမဖြစ် ခေါ်တတ်သည်။ ရေချိုးရင်လည်း လူမရှိသော အချိန်မှ ရွေးချိုးခိုင်းတတ်သည်။ သူ၏ အပြုအမူများကို Rokumi တကယ် နားမလည်ပါ။ အချိုကြီးပဲတော့လည်းမဟုတ်။ သူက စိတ်ထင်ရင် ထင်သလို Rokumi ကို ပွဲတော်တည်တတ်သေးတာ။ အနာပေးလိုက် ဆေးပေးလိုက်ပေါ့။ ဒါပေမဲ့ အရင်ကထက်စာရင် အများကြီး သက်သာလာသလိုပင်။ အနှောက်အယှက်ကင်းကင်းနေရသလို၊ အစားကောင်းသောက်ကောင်းလည်း စားရသေးသည်။ထိုနေ့မှာတော့ ရှားရှားပါးပါး အပြင်ထွက်ရက်မို့ ထောင်သားတွေ အများကြီး ဝန်းထဲက basketball ကွင်းထဲတွင် စုနေကြသည်။ မိုးရွာနေသော်လည်း တော်ရုံတန်ရုံ အပြင်မထွက်ရသည်မို့ ကစားနေသူများနှင့် ထိုင်ကြည့်နေသူလည်း အတော်များသည်။ Rokumi ကတော့ တံစက်မြိတ်လေးအောက်တွင် ထိုင်ပြီး စာအုပ်ထိုင်ဖတ်နေသည်။ သူနှင့်မျက်စောင်းထိုးနားလောက်တွင် Medusa တို့အုပ်စု ဆေးလိပ်သောက်ရင်း တစ်စုံတစ်ခု ပြောနေပုံပေါ်သည်။ သူ့လို ဆယ်ကျော်သက်တစ်ယောက်၊ ကလေးကြီးမျိုးက ဒီလို နေရာမှာတောင် ဆရာကျကျ နေနိုင်တာ အပြင်မှာ ဘယ်လောက်တောင် အကောင်ကြီးကြီး ဖြစ်နေခဲ့လဲဆိုတာ Rokumi သိချင်မိသည်။ သူငေးနေတုန်း Medusa က သူ့ဘက်သို့ လှည့်လာပြီး အကြည့်ချင်း ဆုံသွားသဖြင့် Rokumi မှာ ရင်ခုန်ပြီး ခေါင်းပြန်ငုံ့သွားရသည်။
'သူဘာဖြစ်လို့ အဲဒီလို ပြုံးနေတာပါလိမ့်။'ထိုအချိန်မှာပဲ ကွင်းထဲတွင် ရန်ပွဲတစ်ခု စတင်လာခဲ့သည်။ တစ်ဖက်က Medusa ၏ လူတွေထဲကဖြစ်ပြီး တစ်ဖက်ကတော့ ပြိုင်ဖက်အဖွဲ့ကလူတွေဖြစ်သည်။ သူတို့နှစ်ဖွဲ့ဟာ အမြဲလိုလို ကတောက်ကဆ ဖြစ်နေတတ်ပြီး မီးစသေးသေးလေးကပင် နှစ်ဖွဲ့လုံးကြားက အခြေနေကို တဟုန်းဟုန်းတောက်နေသော မီးတောက်ကြီးအသွင် ပြောင်းလဲပေးနိုင်သည်။ အခုတခေါက်ကိစ္စတွင်တော့ ကစားပွဲအားပေးသူတွေအဖြစ် ဘေးက ကြည့်နေရင်းနှင့်မှ စကားများရန်ဖြစ်ကြခြင်းဖြစ်သည်။ အောက်ခြေလူအနည်းငယ်နှင့် စတင်သော ရန်ပွဲသည် စက္ကန့်ပိုင်းအတွင်းမှာပင် မိုးရေကို သွေးများဖြင့် အနီရောင်ပြောင်းစေသော လူအုပ်ကြီး၏ ထိုးသတ်ပွဲအဖြစ် ပြောင်းလဲသွားသည်။ ကိုယ့်လူသူ့လူတောင် မမြင်နိုင်ဘဲ အညိုရောင် ဝတ်စုံနှင့် လူများသည် အချင်းချင်း အသေအကြေကို ကြောက်မက်ဖွယ်ကောင်းအောင် ထိုးကြိတ်နေကြသည်။
To be continue......
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...