Chapter (12)
လူဆိုးအိပ်ဆောင်ကို ပြန်ရောက်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ရဲ့ မျက်နှာတွေပေါ်၌ စိုးရိမ်ပူပန်နေတဲ့ ပုံစံတွေကို တွေ့လိုက်ရသည်။ ဘာတွေဖြစ်နေလဲ မသိ သူအခန်းထဲ ဝင်လာတာကိုတောင် မသိကြချေ။
"ဘာတွေဖြစ်နေကြတာလဲ?"
လုရွှမ် ဝင်လာရင်း မေးမြန်းလိုက်သည်။
"အာ....လုရွှမ် မင်းပြန်လာပြီ! ပြန်လာတာကောင်းတယ်... ဘယ်သူမှ မင်းကိုမတွေ့ဘူးမလား?"
နှစ်ယောက်သား အလောတကြီး ထရပ်လာသည်။
၈ရက် ကြာသွားပြီးနောက် ရန်းလင်ရဲ့ ဒဏ်ရာတွေလည်း သက်သာလာခဲ့ပြီ။ အသက်ရှူသံက မဆိုးဘဲ လုရွှမ် တစ်ချက်ကြည့်လိုက်တော့ အသံ၂ကွင်း အထွတ်အထိပ် အဆင့် ရောက်နေတာ တွေ့ရ၏။
ယွမ်ချောင်နဲ့ အဆင့်ချင်း သိပ်မကွာပါ။ ဒီအဆင့်က အောက်တန်းကျောင်းသားတွေထဲ အဆင့်မြင့်တာလည်း မဟုတ်သလို နိမ့်လည်းမနိမ့်ကျချေ။
"ဘယ်သူမှ မတွေ့ဘူး? ငါလူသိမခံတဲ့ ကိစ္စတစ်ခုမှ မလုပ်ထားဘူးလေ.... လူတွေတော့ ဘာဖြစ်လို့လဲ?" လုရွှမ် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး..."
ရန်းလင်သည် သူ့မျက်နှာပေါ်တွင် ညှိုးငယ်သေအမူအရာဖြင့် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ဖြစ်တာက လျိုချွမ်း...."
လုရွှမ် မျက်မှောင်ကျုံ့လိုက်ကာ
"သူဘာဖြစ်လို့လဲ? ထပ်ပြီး လာရှုပ်တာလား?"
လျိုချွမ်းဆိုတာ အရင်တစ်ခါက သူ့ကိုလာဖမ်းတဲ့ ဥပဒေအဖွဲ့ဝင် တစ်ယောက်ပဲ။ အရင်နှစ် အဆင့်ပြိုင်ပွဲမှာ နံပါတ်၄နေရာ ရသွားတဲ့လူ။ လျိုချွမ်းကို သူသင်ခန်းစာ ပေးလိုက်တာတောင် လာရဲသေးတယ်လား?။
ရန်းလင်က လက်ဝေ့ယမ်းရင်း။
"လာရှုပ်တာ မဟုတ်ပါဘူး... ဒီအတိုင်း... သူက ခွန်အားတွေကောင်းလာတာ... ရုတ်တရက်ကြီး ဝူအဆင့်ကို ထိုးဖောက်သွားတာကွ! အဆင့်ပြိုင်ပွဲမှာ အဲဒီနေ့က ကိစ္စကို လက်စားပြန်ချေမယ်လို့ ပြောသွားတယ်......"