သမားတော်ယန်ဆိုသူမှာ လူငယ်တစ်ယောက်သာဖြစ်သည်။
သူက ကျိဟန်ထက် အသက်အနည်းငယ်သာကြီးလိမ့်မည်။ မျက်နှာထားမှာမူ အလွန်တင်းမာပြီး မည်သူ့ကိုမှ လေးစားမှုမရှိသည့်ပုံ။ တစ်လောကလုံးမှ လူများက သူ့ထံတွင် ငွေတုံးပေါင်းတစ်သန်းလောက် အကြွေးတင်နေသကဲ့သို့ပင်။
သို့သော် ဂိုဏ်းရှိလူများက သူ့ကို လေးစားကြသည်။
သူက ကျိဟန်ဘေး၌ ထိုင်ချပြီး ဒဏ်ရာကို ခဏမျှကြည့်ရှုပြီးနောက် အေးစက်စက်ဖြင့် တစ်ခွန်းသာပြောသည်။ "သူမသေနိုင်ဘူး"
ကျောက်ကျန်းကွေ့ကတော့ ထိုလူအား လုံးဝမနှစ်သက်ပေ။
သမားတော်ယန်က ဘေးရှိလူများကို ကျိဟန်အား မ,ပြီး အိပ်ယာပေါ်တင်စေသည်။ ထို့နောက် သူက ဆေးကုနေစဥ်တွင် လူပိုများရှိနေသည်အား မကြိုက်ဟုဆိုကာ အခန်းထဲရှီ လူတိုင်းကို မောင်းထုတ်လိုက်၏။
ကျောက်ကျန်းကွေ့က တံခါးအပြင်ဘက်မှ စိုးရိမ်တကြီး စောင့်နေသည်။ ထိုအချိန် ဂိုဏ်းမှ အကြီးအကဲများနှင့် အခြားလူများက ရောက်ရှိလာသည်။
ဟွားလက်ရုံးက နောက်ဆုံးရောက်ရှိလာသူဖြစ်၏။ သူမနောက်မှ တပည့်များက သတိလစ်နေသည့် ရှောင်လင်းအား သမားတော်ယန်နှင့် ပြသဖို့ ပွေ့ချီလာကြသည်။
"သူ့ကို သတိလစ်အောင် ရိုက်ပြီး ကျောက်တုံးဥယျာဥ်ထဲမှာ ပစ်ထားခဲ့တာ.." ဟွားလက်ရုံးက ဆိုသည်။ "ကင်းလှည့်တဲ့အစောင့်တွေက သူ့ကိုတွေ့လာခဲ့တာ.."
ကျောက်ကျန်းကွေ့က အနည်းငယ်ရှေ့တိုးပြီး ကြည့်ရှုမိသည်။
ရှောင်လင်းခေါင်းတွင် အဖုကြီးတစ်ခုရှိနေပြီး ကျန်သည့် ဒဏ်ရာများမှာ အသေးစားများသာဖြစ်သည်။
ကျိဟန်အခန်းရှေ့ရှိ အစောင့်များမှာ သေရင်သေ၊ မသေရင် အနည်းဆုံး ပြင်းထန်သည့်ဒဏ်ရာများ ရကုန်ကြ၏။ ဟန်ယအဖွဲ့အစည်းက လူအားလုံးမှာ အလွန်ရက်စက်သူများဖြစ်သည်။ သူတို့က ရှောင်လင်းကိုကျမှ ထူးခြားစွာ ညှာတာပေးခြင်းမှာ ဖြစ်နိုင်သည်လား?
ကျောက်ကျန်းကွေ့သည် သူအတွေးလွန်နေခြင်းလား၊ ဤကိစ္စတွင် သဲလွန်စတစ်ခုခုရှိနေမည်လား ဆိုသည်ကို သေချာမသဲကွဲတော့..။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...