အပိုင်း (၄)
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် အတော်အတန်ဝေးသော အနေအထားတွင် ရပ်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး မတ်တပ်ရပ်ကြည့်နေကြသည်မှာ လမ်းသွားလမ်းလာများစွာကို ဆွဲဆောင်မှုတစ်ရပ်အဖြစ်ရှိစေ၏။
လုကျဲ့ထျန်းသည် သူတို့ဘက်သို့ မျက်လုံးများ ပိုပိုရောက်လာနေသည်ကို သတိပြုမိသောကြောင့် သူ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။
“ငါတို့ လမ်းလျှောက်ကြရအောင်”
သူ မငြင်းသည်ကို မြင်လိုက်ရသဖြင့် ချင်ရှီးမှာ မျှော်လင့်ချက် ရှိနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမကခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
ချင်ရှီးနှင့်လုကျဲ့ထျန်းတို့သည် ထက်မြက် လှပသည့် ဟန်ပန်ကြောင့် လမ်းပေါ်မှာ လမ်းလျှောက်သည့်အခါ အခြားသူများကို အလွန်ဆွဲဆောင်မှုဖြစ်စေ၏။
ချင်ရှီးသည် စူးစမ်းလိုစိတ်သက်သက်လား သို့မဟုတ် ဆိုးသွမ်းသော အတင်းအဖျင်းများလား ဆိုသည်ကို လုံးဝဂရုမစိုက်ကြောင်း သိလိုက်ရပြီးနောက် လုကျဲ့ထျန်း၏ သူမအပေါ်ထင်မြင်ချက်များက ပြောင်းလဲသွားပြန်သည်။
ထိုအချိန်တွင် သူသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ချင်ရှီးပြောခဲ့သည့်စကားကို တွေးတောရင်း သူ့စိတ်ထဲတွင် အကြိမ်တစ်ထောင်လောက် လှည့်ပတ်စဉ်းစားနေမိသည်။
နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီးနောက် လုကျဲ့ထျန်းက ချင်ရှီးကို ကြည့်လိုက်သည်။
"မင်းမှာ ဘာအထောက်အထားရှိလဲ"
နှစ်ယောက်သား ပထမဆုံးစတွေ့ချိန်က လုကျဲ့ထျန်းက ချင်ရှီးအား လုံးဝမသိခဲ့ပါ။ သူမကိုအခြေခံပြီး အရာရာကို သေချာအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ သားသမီးကိစ္စဖြစ်စေ၊ အိမ်ထောင်ပြုခြင်းဖြစ်စေ အသေးအမွှားကိစ္စမဟုတ်နိုင်ပါချေ။
ချင်ရှီးက ရယ်လိုက်သည်။
"အဲဒါကို သက်သေရဖို့ အချိန်ယူလိုက်ပါလား"
လုကျဲ့ထျန်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ချင်ရှီးက ထပ်မံပြောလာသည်။
"နင်က တပ်ရင်းမှူးဘဲလေ။ ငါတို့လက်ထပ်ရင် ငါ့နောက်ကြောင်းကို သေချာ စစ်ဆေးပြီးတဲ့နောက် ငါလိမ်တာဟုတ်မဟုတ် သိလာလိမ့်မယ်"
ချင်ရှီးက တည်ငြိမ်စွာပြုံးလိုက်သည်။
"နင်ဆိုလိုတာကို ငါလုံးဝနားလည်နိုင်ပေမယ့် အချိန်တိုအတွင်းမှာ နင့်ကိုသက်သေပြဖို့ငါ့မှာအခွင့်အရေးမရှိဘူး"
"ငါတို့ (အမည်ခံအိမ်ထောင်ရေး) စာချုပ်ထဲမှာ ဒီအချက်တွေကို ထည့်လို့ရပါတယ်။ ဥပမာအားဖြင့် ကလေးကို ဆိုးဆိုးရွားရွား ဆက်ဆံတာ၊ အစာမကျွေးတာ၊ ကလေးကို အအေးဒဏ်ခံခိုင်းတာ၊ ကလေးရဲ့ စိတ်နှလုံးကို ထိခိုက်စေတာ၊ ကလေးကို ကောင်းကောင်း သွန်သင်ပေးဖို့ တမင်ပျက်ကွက်တာ စတဲ့အရာတွေ တွေ့ရင် မြင့်မားတဲ့လျော်ကြေးနှင့်အတူ စာချုပ်ကို အချိန်မရွေး ရပ်စဲဖို့ တောင်းဆိုနိုင်တယ်"
လုကျဲ့ထျန်းက ချင်ရှီးကို လေးနက်ပြီး အန္တရာယ်ရှိသည့် မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
"မင်းကို မင်းအိမ်ကနေ ခေါ်သွားခွင့်ပြုဖို့ မင်းဘာလုပ်ခဲ့တာလဲ"
(*မိသားစုက သူမကိုအိမ်မှာ မနေစေချင်လောက်အောက် သူမကဘာလုပ်ခဲ့တာလဲလို့ မေးမြန်းချင်တာပါ)
'တခြား(ဆိုးရွားတဲ့)အဓိပ္ပါယ်မရှိဘူးလား'
ချင်ရှီးက ကျယ်လောင်စွာ ရယ်မောလိုက်၏။
"တပ်မှူးလု အရမ်းကိုဂရုစိုက်သတိထားမနေပါနဲ့လား။ ဘယ်နေရာကမှ *မိတ်ဆက်ကမ်းလှမ်းစာမရရင် အိမ်ထောင်ပြုပြီးမှသာ အိမ်ထောင်စုစာရင်းထဲကနေ ဖယ်လို့ရတာမဟုတ်လား။ မဟုတ်ရင် ငါကလည်း မိထွေးဖြစ်လာမှာ မဟုတ်ဘူးလေ"
(*မိတ်ဆက်ကမ်းလှမ်းစာ - လက်ထပ်ထိမ်းမြားရန်အတွက် ကမ်းလှမ်းမှု)
သူမက ခပ်စောစောထွက်ပြေးခဲ့ခြင်းသာ။ သူမ၏အရည်အချင်းနှင့်ဆိုလျှင် မိတ်ဆက်ကမ်းလှမ်းစာတစ်စောင်ရဖို့က မခက်ပါ။ အနည်းငယ်တော့ အခက်အခဲရှိကောင်းရှိနိုင်တာကလွဲ၍ပေါ့။
"နင်အခုကိစ္စမှာ(ချင်ရှီးကမ်းလှမ်းတဲ့သဘောတူညီမှု) အနိုင်ရရင် မိသားစုအရေးကို စိတ်ပူစရာမလိုတော့ဘူး။ ရှုံးရင်လည်း လျော်ကြေးငွေအများကြီးရနိုင်တယ်"
ချင်ရှီးသည် လုကျဲ့ထျန်း၏မျက်လုံးများကို အပြုံးဖြင့် တိုက်ရိုက်ကြည့်လိုက်သည်။
"ဘယ်လိုလဲ။ လုပ်ကြည့်ချင်သလား"
ချင်ရှီး၏ ကြည်လင်တောက်ပသောမျက်လုံးများကိုကြည့်ရင်း သူမ၏မျက်လုံးများတွင် ဖုံးကွယ်ထားသည့်အလင်းရောင်နှင့် ရည်ရွယ်ချက်ရှိရှိ တွက်ချက်မှုများကိုမြင်လိုက်ရကာ လုကျဲ့ထျန်း၏အကဲဖြတ်မှုမှာ အထပ်ထပ်အခါအခါပြောင်းလဲသွားသည်။
နှစ်စက္ကန့်အကြာတွင် လုကျဲ့ထျန်းသည် အဝေးကိုကြည့်ကာပြောသည်။
"ငါ့ရဲ့ အားလပ်ရက်က နှစ်ရက်ဘဲ။"
ချင်ရှီးသည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားပြီး မတင်မကျဖြစ်နေရသော သူမ၏စိတ်နှလုံးတစ်ဝက်မှာ သက်သာရာရသွားသည်။ လုကျဲ့ထျန်းက သဘောမတူရင် အခြားတစ်ယောက်ယောက်ကို ပြန်ရှာရလိမ့်မည်ဖြစ်သည်။ လုချိုင်က ဒီကာလအတွင်း ဘယ်လိုဒုက္ခမျိုးတွေယူလာလိမ့်မလဲဆိုတာမသိနိုင်ပေ။ သူသဘောတူလိုက်တာက အင်မတန်ကောင်းမွန်ပါ၏။
ချင်ရှီးကပြောလိုက်သည်။
"အခုချက်ချင်း စာချုပ်တစ်ခု ရေးကြမယ်။ နင် ရှေ့နေရှာပေးနိုင်မလား"
လုကျဲ့ထျန်းက ခေါင်းခါပြသည်။
"မြို့ငယ်လေးမှာ ရှေ့နေက ဘယ်မှာရှိမလဲ။ ငါတို့က အဲ့ဒီစာချုပ်ကို တကယ်လက်မှတ်ထိုးချင်ရင်တော့ ထိမ်းမြားစာချုပ်ကို ထုတ်လို့မရဘူး"
ဒီခေတ်မှာ စစ်ဘက်ဆိုင်ရာထိမ်းမြားလက်ထပ်မှုစည်းကမ်းတွေက အရမ်းတင်းကျပ်နေတုန်းပါဘဲလားဟု ချင်ရှီးက ခဏလောက်တွေးလိုက်မိသည်။
“ရပါတယ်။ ငါတို့ကိုယ်တိုင်ရေးလို့ရတာဘဲလေ တရားဝင်ဖြစ်ပါလိမ့်မယ်။ ငါတို့က လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ရင် ထိရောက်တယ်"
လုကျဲ့ထျန်းကလည်း သဘောတူသည်။
"ဟုတ်ပြီလေ"
သူကလည်း ထိုနည်းလမ်းအားတွေးနေတာ ထင်ရှားပါသည်။
သူတို့နှစ်ဦးသည် မှတ်စုစာအုပ်နှစ်အုပ်ဝယ်ရန် ရောင်းလိုအားနှင့် စျေးကွက်ရှာဖွေရေးအေဂျင်စီသို့သွားကြပြီး စာချုပ်ကိစ္စကို အသေးစိတ် စတင်ဆွေးနွေးကြသည်။
ချင်ရှီးသည် မူကြမ်းကို ဦးစွာရေးခဲ့ပြီး လုကျဲ့ထျန်းက သူမ၏ လက်ရေးကို မြင်သောအခါ ခေတ္တရပ်သွား၏။
'လူတွေရဲ့အကြောင်းကို သူရေးတဲ့ စကားလုံးတွေကပြောနိုင်တယ်' ဆိုသည့်ဆိုရိုးစကားက မှန်ကန်တာဖြစ်နိုင်သည်။
ချင်ရှီး၏လက်ရေးသည် ကောင်းမွန်သော်လည်း သာမာန်အမျိုးသမီးများနှင့်မတူချေ။ လက်ရေးလက်သားက နူးညံ့သိမ်မွေ့သော်လည်း သန်မာပြီး အားကောင်းကာ စကားလုံးစုတ်ချက်များတွင် ချွန်ထက်သောအရိပ်အမြွက်ပါရှိသည်။
ချင်ရှီးသည် မူကြမ်းကို အပြီးသတ်ပြီးနောက် လုကျဲ့ထျန်အား ပြသသောအခါတွင် သူမသည် စာချုပ်အား အသေးစိတ်ကျကျ ရေးသားထားပြီး သူတွေးထားခဲ့သော အချို့အရာများအပါအဝင် အရာအားလုံးကို ခြုံငုံသုံးသပ်၍ထည့်ထားကြောင်း တွေ့ရှိရသည်။
လုကျဲ့ထျန်းသည် အံသြသွားပြီး သူ့အမေက ဤကဲ့သို့မြို့ငယ်လေးမှာ ဒီလိုအမျိုးသမီးမျိုးနှင့် အမှတ်မထင်တွေ့နိုင်ဖို့ မမျှော်လင့်ထားမိခဲ့ပေ။ သူမက အင်မတန် ထူးခြားလွန်းပါသည်။
သူမသည် ပညာတတ်ပြီး အင်္ဂလိပ်ဘာသာကိုလည်း ကိုယ်တိုင်လေ့လာနိုင်ကာ တက္ကသိုလ်ဝင်ခွင့်ပင်ရထားသေးသည်။ လုကျဲ့ထျန်းသည် သူမ၏ အသိပညာမြင့်မှုနှင့် ဥပဒေနှင့် ရင်းနှီးကျွမ်းဝင်မှုတို့အား သဘောကျသွားပြီး သူမအကြောင်းကို အနည်းငယ် သိချင်လာခဲ့သည်။
လုကျဲ့ထျန်းသည် ချင်ရှီးကဲ့သို့သော အမျိုးသမီးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပါ။
လုကျဲ့ထျန်းသည် စာချုပ်များကို ကြည့်ပြီး သူမရေးဆွဲထားသည့်အရာသည် သူ့အတွက် ပိုမိုအသေးစိတ်ကြောင်း သိလိုက်ရသောကြောင့် သူစိတ်သက်သာရာရသွားခဲ့သည်။
နောက်ဆုံးစာမျက်နှာကို လှည့်ကြည့်လိုက်ရာ လုကျဲ့ထျန်း၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။
[၃၂. အချို့သောအခြေအနေများတွင် ချင်ရှီးသည် လုကျဲ့ထျန်းနှင့် ချစ်ခင်မှုကိုပြသရန်အတွက် ချစ်ခင်သောစုံတွဲအဖြစ်လုပ်ဆောင်နိုင်သော်လည်း ချင်ရှီး၏ခွင့်ပြုချက်မရှိဘဲ လုကျဲ့ထျန်းသည် ချင်ရှီးအား ရင်းနှီးစွာထိတွေ့ခြင်းမှတားမြစ်သည်။
၃၃. ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် သဘောတူညီချက်အရ အကြင်လင်မယားဖြစ်ကြသော်လည်း နှစ်ဦးစလုံးသည် ၎င်းတို့၏ အိမ်ထောင်ရေးတာဝန်ကို ဆောင်ရွက်ရန်မလိုအပ်ပါ။ အကယ်၍ တစ်ဖက်လူမှ အခြားတစ်ဦး၏ သဘောထားကို လျစ်လျူရှုပြီး အိမ်ထောင်ရေးတာဝန်အား ဆောင်ရွက်ရန် အတင်းအကျပ် ခိုင်းစေပါက ထိုသူသည် လျော်ကြေး ယွမ် ၁၀,၀၀၀ တောင်းနိုင်ပြီး စာချုပ်ကို ရပ်စဲပိုင်ခွင့် ရှိသည်။ ]
(*ချင်ရှီးဆိုလိုတဲ့အိမ်ထောင်ရေးတာဝန်ဆိုတာ ညဘက်လေ့ကျင့်ခန်းလုပ်ခြင်းနှင့်ကုတင်အနွေးဓာတ်ပေးခြင်းကိုဆိုလိုပါတယ်။ ဟေး ယူ နိုး ဝတ် အိုင် မီမ်း! 🤣 )
လုကျဲ့ထျန်းသည် သူ့နှုတ်ခမ်းများကို ပိရိသေသပ်စေကာ ချင်ရှီး၏ ရဲရင့်မှု၊ ကျိုးကြောင်းဆီလျော်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်မှုများကို သူ့နှလုံးသားထဲမှာ ပြန်လည်သုံးသပ်နေမိ၏။
ချင်ရှီးက သူ့မျက်လုံးလားရာမှာ တစ်ခုခုမှားယွင်းနေပုံရှိတာကို မြင်လိုက်တာကြောင့် သူမသည် မှတ်စုစာအုပ်ကို ကြည့်ဖို့ ခေါင်းငုံ့လိုက်ရာ ထိုစာမျက်နှာကို တွေ့သည့်အခါ အနည်းငယ် ရှက်ရွံ့စွာ မျက်တောင်ခတ်လိုက်မိသည်။
ထို့နောက် လုကျဲ့ထျန်းနှင့် မျက်လုံးချင်းဆုံကာ သူ့အား ပို၍ ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်သည်။
လုကျဲ့ထျန်း : "..."
ချင်ရှီးနှင့်တွေ့ပြီးကတည်းက လုကျဲ့ထျန်းဟာ သူ့ရဲ့ရှုပ်ထွေးလာရတဲ့ စိတ်တွေကြောင့် ဘယ်တော့မှ အမှန်တကယ်စိတ်ငြိမ်သွားခြင်းဆိုတာမရှိရသေးချေ။
မိနစ်နှစ်ဆယ်အကြာ သူတို့နှစ်ဦး ဆွေးနွေးကြပြီးနောက်ဆုံး စာချုပ်ကို ပြန်လည်ပြင်ဆင်ကြပြီးနောက် အသီးသီး သူတို့၏အမည်များကို လက်မှတ်ရေးထိုးကြပြီး ပုံစံတူကူးယူထားသော စာရွက်တစ်စောင်စီ ယူခဲ့ကြသည်။
"ကောင်းပြီ။ နင့်ရဲ့သတင်းကောင်းကို ငါစောင့်နေမယ်"
ချင်ရှီးသည် လက်တစ်ဖက်ဖြင့် သူမ၏ ရင်ဘတ်ရှေ့တွင် မှတ်စုစာအုပ်ကို ကိုင်လိုက်ပြီး လုကျဲ့ထျန်းထံ ဘောပင်ကို ပြန်ပေးလိုက်သည်။
"နင် ငါ့ကိုစောစောလာခေါ်ရင် ပိုကောင်းမယ်။ လုချိုင် ပြဿနာလာရှာမှာ စိုးရိမ်တယ်။ ဒါ့အပြင် ငါ့မိသားစုကလည်း ပိုက်ဆံလိုနေကြတာမို့လို့"
လုကျဲ့ထျန်းက လေးလေးနက်နက် ခေါင်းညိတ်သည်။
"ငါသိပါတယ်။ အနည်းဆုံး ဆယ်ရက်အတွင်း မင်းကို လာခေါ်မယ်"
"ကောင်းပြီ။ ငါအရင်ပြန်လိုက်မယ်။ နင်ငါ့ကိုရှာဖို့ ငါ့အိမ်ကို တိုက်ရိုက်လာနိုင်တယ်"
ချင်ရှီးက လက်ပြနှုတ်ဆက်လိုက်သည်။ သူ့ကိုကြည့်ပြီးနောက် သူမမျက်နှာမှာ အပြုံးတစ်ခုနှင့်အတူ လှည့်ထွက်လာလိုက်သည်။
လုကျဲ့ထျန်းက နောင်တရပြီး မလာတော့မှာကို သူမ မကြောက်ပါဘူး။ လုကျဲ့ထျန်း၏မိခင်က အစောပိုင်းကပြောခဲ့သည့် သူမ၏မွေးရပ်မြေဆိုသည်မှာ အနီးနားကမြို့ကလေးဖြစ်သည်။ (စာချုပ်ဖျက်သည့်အတွက်)လုကျဲ့ထျန်းအား အမှန်တကယ်လက်စားချေလိုလျှင် ထိုနေရာသို့သွားကာ သူ့အမေဆီ သွားနိုင်ပေသည်။
သို့သော် ထိုကိစ္စအတွက် ချင်ရှီးလည်းဘဲ လုကျဲ့ထျန်းအပေါ်တွင်သာ မျက်လုံးစုံမှိတ်ယုံထားလိုက်သည်။
သဘောတူညီချက်အရ သူလာခေါ်ပါက ယုံကြည်စိတ်ချရပြီး အချိန်ကျလာသောအခါ သူမတို့နှစ်ဦးလုံး ပျော်ရွှင်ကြရမည်ဟု ဆိုလိုသည်သာ။ သူပြန်လာမခေါ်နိုင်လျှင် ချင်ရှီးက သူ့သဘောထားကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပြီး အခြားတစ်ယောက်ယောက်ကို ထပ်ရှာနိုင်မည်ပင်။ သူ့ကို ထိခိုက်စေမှာမျိုး လုပ်မည်မဟုတ်ပါ။
ချုပ်ဆိုထားသော စာချုပ်နှင့် ပတ်သက်၍ လုကျဲ့ထျန်းသည် ထိုအကြောင်းကို မိုက်မဲစွာချုပ်ကိုင်ထားပြီး လူသိရှင်ကြား ထုတ်ပြန်မည်မဟုတ်ကြောင်း ချင်ရှီးက ယုံကြည်ပါသည်။ ထိုအရာကို လူသိရှင်ကြား ထုတ်ပြလျှင်လည်း အဆင်ပြေပါသည်။ အထက်အရာရှိများက သူမအပေါ် အတင်းအကျပ်ခိုင်းစေကာ လုကျဲ့ထျန်းက ထိုစာချုပ်အား သူမကို ဖိအားပေးခိုင်းစေ၍ရေးခိုင်သည်ဟု ထွက်ဆိုကာသူ့ကိုရိုက်ချလိုက်နိုင်မည်သာ။
ချင်ရှီးသည် အမျိုးမျိုးသော အကျိုးဆက်များကို တွေးထားပြီးဖြစ်သောကြောင့် သူမ လုံးဝမစိုးရိမ်ပါ။ သူမသည် ရောင်းလိုအားနှင့် စျေးကွက်ရှာဖွေရေး အေဂျင်စီထံ သွက်သွက်လက်လက် လျှောက်သွားကာ ဒီကိစ္စအား မိသားစုထံမှ ဖုံးကွယ်ရန်အတွက် နောက်ထပ်စာအုပ် နှစ်အုပ်ကိုဝယ်ရန် စီစဉ်လိုက်သည်။ မဟုတ်ပါက စာအုပ်တစ်အုပ်တည်းသာဆိုလျှင် မရိုးရှင်းကြောင်း အလွန်သိသာထင်ရှားနေပေလိမ့်မည်။
မှတ်စုစာအုပ်ဝယ်ပြီးနောက် ချင်ရှီးသည် နှမ်းစေ့ကိတ်မုန့်နှစ်လုံးကိုဝယ်ပြီး လွယ်အိတ်ထဲထည့်ကာ ရွာသို့ပြန်သည့်လမ်းတွင် စားလိုက်သည်။
ရွာကိုရောက်ချိန်၌ နောက်ကျနေပြီဖြစ်ကာ ထမင်းစားချိန်တောင်ရောက်နေလေပြီ။ အိမ်တိုင်းရဲ့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးငွေ့လေးများ ထွက်လျက်ရှိကြသည်။
ချင်ရှီးသည် မြင်းလှည်းခပေးဆောင်ပြီးနောက် ဦးလေးလီ၏ ရယ်မောသံများနှင့်အတူ အိမ်ပြန်သွားခဲ့သည်။ သူမ တံခါးဝသို့ ချဉ်းကပ်လာသောအခါ အိမ်ထဲသို့ မဝင်မီ နှမ်းကိတ်မုန့်အတုံးများ မရှိတော့ကြောင်း သေချာစွာ စစ်ဆေးလိုက်သည်။
သူမအိမ်ထဲရောက်သောအခါ သူတို့က ထမင်းစားနေကြပေပြီ။ ချင်းရှီသည် ထိုအရာကို မြင်သောအခါ ထိုင်ခုံအလွတ်ပေါ်တွင် ချက်ချင်းဝင်ထိုင်လိုက်ပြီး ကန်စွန်းဥများကိုယူရန် တူကိုလှမ်းယူလိုက်သည်။
"ဟေး" အဖွားချင်က ချင်ရှီးကို သူမရဲ့ တူနှင့်တားဆီးလိုက်ပြီး စိတ်အားထက်သန်စွာမေး၏။
"မင်းဝယ်လာတဲ့ အဝတ်အစားတွေ ဘယ်မှာလဲ။ ဘာလို့ လက်ဗလာနဲ့ ပြန်လာတာလဲ"
"အဲဒါတွေ မဝယ်ခဲ့ဘူး။ အထည်တွေက ကောင်းလွန်းပြီး စျေးကြီးတယ် ငါ့မှာ ပိုက်ဆံမလောက်ဘူး"
ထို့နောက် ကန်စွန်းဥကို ထပ်ယူဖို့ လက်လှမ်းလိုက်သည်။
"ခရက်..." (*တူချင်းတိုက်သံ)
အဖွားချင်က ချင်ရှီး၏ တူကို မျက်နှာတည်တည်ဖြင့် ဆောင့်တွန်းလိုက်သည်။
"ပိုက်ဆံကော ဘယ်မလဲ"
"စာအုပ်တွေ ဝယ်ခဲ့လိုက်တယ်"
ချင်ရှီးကသူမ၏ တူများကို ချလိုက်ပြီး စာအုပ်နှစ်အုပ်ကို ထုတ်လိုက်သည်။ သူတို့ရှေ့တွင် မှတ်စုစာအုပ်အနည်းငယ်ကို လှုပ်ခါပြလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဒီနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ထပ်ဖြေတော့မယ်"
"ဘာအတွက် စာမေးပွဲဖြေရမှာလဲ။ မင်းလက်ထပ်တော့မယ်ဆိုရင် ဘာစာကျက်မှာလဲ"
အဘွားက ချင်ရှီးကို စိုက်ကြည့်နေ၏။
"ဒီနေ့ တင်တောင်းကြေးတွေ သူ့အမေက(လုချိုင်) အိမ်ကို လာပေးထားသေးတယ်။ သူက အထည်ချုပ်စက်ရုံမှာ အလုပ်သမား ခွဲတမ်းကိုလည်း ပေးထားသေးတယ်။ မင်း သူ့ကို လက်ထပ်ပြီးတာနဲ့ မင်း အလုပ်သွားလို့ရတယ်"
ချင်ရှီးက သူမရဲ့သဘောထားရပ်တည်ချက် မပြောင်းလဲဘဲ အေးဆေးတည်ငြိမ်စွာပြန်ပြောသည်။
"ငါသူ့ကိုလက်ထပ်မှာမဟုတ်ဘူး။ (တင်တောင်းကြေးတွေကို) မင်းပြန်သွားပေးလိုက်သင့်တယ်"
"မင်းလက်ထပ်ရမယ်။ ငါသဘောတူပြီးသား"
သူမရဲ့အမူအရာကိုကြည့်ပြီး အဖွားချင်ဒေါသထွက်သွားသည်။
ချင်ရှီးက စိတ်မရှည်စွာ နားထောင်ပြီး သူမကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။
" မြို့မှာ အတန်းဖော်တစ်ယောက်နဲ့တွေ့တော့ ငါ့ရဲ့ တက္ကသိုလ်ကျောင်းသူခွဲတမ်းကို ဘာကြောင့်ရောင်းရသလဲလို့ လာမေးတယ်။ အဖွား ငါ့ရဲ့ တက္ကသိုလ်ကျောင်းသူခွဲတမ်းကို ရောင်းလိုက်တာကို ငါဘာလို့ မသိရတာလဲ"
"ဘယ်လို..."
မိထွေးက ပထမစစချင်း အံ့သြသွားသော်လည်း ချက်ချင်းတုံ့ပြန်လိုက်ပြီး အဖွားချင်ကိုမေးလိုက်သည်။
"အမေ ဒါကို ဘယ်လိုလုပ်ရက်ရတာလဲ။ ဒါက တက္ကသိုလ်ကျောင်းသူခွဲတမ်းနော်။ ဘယ်သူ့ကို ရောင်းလိုက်တာလဲ"
"ဘယ်လောက်နဲ့ရောင်းလိုက်တာလဲ”
အဒေါ်အကြီးဆုံးကလည်း နောက်ကလိုက်၍ ချက်ချင်းမေးမြန်းလေသည်။
ဤမျှကြီးမားသော ကိစ္စရပ်ကို ချင်ရှီးက ရုတ်တရက် ထုတ်ဖော်ပြောလိမ့်မည်ဟု မိသားစုတွင် မည်သူမျှ မမျှော်လင့်ထားကြရာ အားလုံးက အစားစားရန်စိတ်မပါတော့ဘဲ အဖွားချင်ကိုသာ စိုက်ကြည့်နေကြသည်။
တစ်ဖက်တွင် ချင်ရှီးသည် ပန်းကန်ပြားပေါ်ရှိ ကြက်ဥမွှေများကို စားရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ယာဂုတစ်ပန်းကန်စားလိုက်သည်။
အဖွားချင်သည် ဤအကြောင်းကို ချင်ရှီးသိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘဲ ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုအချိန်က ခွဲတမ်းကို ငွေအမြောက်အမြားဖြင့် ရောင်းချခဲ့သည်။
ချင်ရှီး၏ဖခင်အတွက် ဆရာဝန်သွားပြရန် ယွမ်တစ်ရာကုန်ကျခဲ့ပြီး ကျန်ငွေများကို သူမဘာသာသိမ်းထားခဲ့သည်။ ဤအကြောင်းအရာကို အဖိုးချင်ပင်မသိခဲ့ပေ။
မူလပိုင်ရှင်သည် ဤအကြောင်းကို သိပြီးသော်လည်း ချင်ရှီးက C တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော အထက်တန်းကျောင်းနေဖက်တစ်ဦးမှ ပြောပြသည်ဟုသာ အကြောင်းပြလိုက်သည်။
မူလပိုင်ရှင် အိမ်ပြန်ရောက်ပြီးနောက်တွင် ထိုလူမိုက်မိသားစုထံမှ စေ့စပ်တောင်းရမ်းပစ္စည်းများပေးမည်ဟူသော ကတိပေးကြောင်းကိုကြားသိရ၍ စိတ်တို ဒေါသထွက်ကာ အပျင်းဖျားပြီးသေဆုံးခဲ့ရသည်။
"အမေ၊ ပြောပါဦး"
"ဘယ်လိုဖြစ်ရတာလဲ"
"မိသားစုကို ဘာလို့ ဒီလောက်ကြီးတဲ့ကိစ္စကို မဆွေးနွေးရတာလဲ"
ချင်မိသားစုတစ်ခုလုံးက အဖွားချင်ကို ပြင်းပြင်းပျပျကြည့်ကာ သူမသည် မကောင်းသောမိန်းမလားဟုပင်တွေးတောနေမိကြသည်။ ဒါက ချင်ရှီးရဲ့ တက္ကသိုလ်မှာ ဝင်ခွင်ရခဲ့ခြင်းအတွက် ခွဲတမ်းမဟုတ်လော သူမလက်ထဲမှာ(ခွဲတမ်းရောင်းရငွေ) ပိုက်ဆံတွေအများကြီးရှိလောက်ပေမည်။
အထူးသဖြင့် မူလကိုယ်၏မိထွေးဖြစ်သူသည် အလွန်စိုးရိမ်ပြီး ဒေါသဖြစ်နေသည်။ ပိုက်ဆံတွေအားလုံးကို အဖွားချင်က သူမဘာသာသုံးလိုက်သည်။ သူတို့က သိပင်မသိလိုက်ရ။ ဤကိစ္စကို သူမ သိလျှင် လွှတ်ထားမည်မဟုတ်ပေ။
"မင်းဘာတွေ ငြင်းခုံနေတာလဲ။ တက္ကသိုလ်နာမည်ကိုတောင် ငါမသိဘူး..."
အဖွားချင်က ငြင်းဆိုနေစဉ် ချင်ရှီးက ထပ်ပြောလိုက်သည်။
"ငါ့အတန်းဖော်က ဒီအကြောင်းမေးပြီးထပ်ပြောသေးတယ်။ သူ့မိသားစုက အဲ့ဒါကိုဝယ်ဖို့ ယွမ်နှစ်ထောင်လောက်ကုန်တယ်လို့ ပြောတယ်"
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြသည်။
"နှစ်ထောင်"
အဖွားချင်က ချက်ချင်း စားပွဲကို ရိုက်လိုက်ပြီးပြောသည်။
"ဘာ... တစ်ထောင်ဘဲ ရှိတယ်ဟဲ့ "
_***_